မာ့(က်စ်)ဝါဒ၊ ငွေကြေးနဲ့ ငွေကြေးဖောင်းပွမှု

၂၀၂၃ ဇူလိုင် ၃၁ရက်နေ့မှာ နှစ်သောင်းကျပ်တန် ငွေစက္ကူတွေ ရိုက်ထုတ်တော့မယ်ဆိုတဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ ကြေငြာချက် ထွက်ပေါ်လာခဲ့တယ်။ “ဟောင်းနွမ်း၍ လှည့်လည်သုံးစွဲရန်မသင့်သည့် ငွေစက္ကူတို့နှင့် တန်ဖိုးတူ လဲလှယ်ခြင်းဖြင့်သာ ဖြန့်ဝေသွားမည်”လို့ ဘယ်လိုပဲပြောပြော ယုံစရာ မရှိပါ။ မင်းအောင်လှိုင်တို့ကိုယ်တိုင်လည်း ယုံယုံကြည်ကြည် ပြောရဲပုံမရပါ။ 

အကျိုးဆက်ကတော့ ကောင်းကွက်တခုမှ မရှိနိုင်။ ဆင်းရဲသား လူထုတရပ်လုံး အခုထက် ဒုက္ခများဖို့သာ ရှိတယ်။ ကျပ်ငွေဖောင်းပွမှု၊ ကုန်ဈေးနှုန်း ကြီးလေးမှုတွေ မကြုံစဖူး ဆိုးရွားသွားဖို့ပဲ ရှိနိုင်တယ်။ အလုပ်သမားထုရဲ့ လုပ်ခလစာတွေ နေရင်းထိုင်ရင်း ထိုးကျသွားလိမ့်မယ်။ 

ဒီလို စီးပွားပျက်ကပ် ကာလမှာ ငွေကြေးဖောင်းပွမှုအကြောင်း၊ ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းအကြောင်း လူတိုင်း ပြောနေကြရပြီ။ မပြောလို့လည်း မဖြစ်တော့။ နေရင်းထိုင်ရင်း ကိုယ်စားမယ့် ထမင်းလုတ်ကို ပုတ်ချခံနေကြရပြီ မဟုတ်ပါလား။ 

ဒါ့ကြောင့် ငွေကြေးနဲ့ ငွေကြေးဖောင်းပွမှုအကြောင်း မာ့(က်စ်)ဘောဂဗေဒ ရှုထောင့်ကနေ အပိုင်းလိုက် ဆွေးနွေးကြည့်ပါမယ်။ In Defence of Marxism မဂ္ဂဇင်း အမှတ် ၃၈ မှာ ဖော်ပြခဲ့သော Adam Booth ရဲ့ Marxism, Money and Inflation ဆောင်းပါးကို အခြေခံထားပါတယ်။ လုံးစေ့ဘာသာပြန်လိုက်ရင် စာလေးသွားနိုင်လို့ ဆီလျော်အောင် ပြန်ရေးပါတယ်။ လက်ရှိပြည်တွင်း အခြေအနေတွေကို အလျဉ်းသင့်သလို ထည့်သွင်းသုံးသပ်ကြည့်ပါမယ်။

Inflation ဆိုတာ ငွေကြေးတခုရဲ့ တန်ဖိုး ကျဆင်းသွားခြင်း ဖြစ်ပါတယ်။ အရင်က နှစ်ထောင်ကျပ်နဲ့ ဆန်တပြည် ဝယ်လို့ရခဲ့ရင် အခုမရတော့ဘူး။ အခု ‌ကျပ်နှစ်ထောင်နဲ့ ဆန် လေးဗူးတောင် ဝယ်မရတော့ဘူး။ ဒါ့ကြောင့် လုပ်ခလစာတွေရဲ့ ဝယ်ယူစား‌သုံးနိုင်စွမ်းဟာ ထက်ဝက်မက ထိုးကျသွားရတယ်။ 

ငွေးကြေးဖောင်းပွမှုဟာ အကြောင်းတမျိုးတည်းကြောင့် ဖြစ်ပေါ်လာတာမျိုး မဟုတ်ဘဲ အကြောင်းပေါင်းစုံကြောင့် ထွက်ပေါ်လာတဲ့ ရောဂါကြီး ဖြစ်ပါတယ်။ အုပ်စိုးသူ လူတန်းစားအဖို့ ဒီရောဂါကြီးကို ကုစရာ ဆေးရယ်လို့ များများစားစား မရှိလှပါဘူး။ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့ ဝယ်လိုအား ကျဆင်းသွားအောင် ငွေတိုးနှုန်းတွေ ဆွဲတင်ပစ်တာ၊ စီးပွားရေး ကျဆင်းမှု ဖြစ်ပေါ်စေတာ သူတို့ရဲ့ “ကုသဆေး”ပါပဲ။ 

အလုပ်သမားထုအဖို့ လုပ်ခလစာက တိုးမလာရတဲ့အထဲ ကုန်ဈေးနှုန်းက ထိုးတက်နေပြန်ဆိုတော့ သရောကြီးခိုင်းဖို့သာ ရှိတယ်။ အရင်းရှင်စနစ်နဲ့ အုပ်စိုးသူ လူတန်းစားကြောင့် ဖြစ်ပေါ်နေရတဲ့ ဒီကပ်ဘေးကို အလုပ်သမားထုက ဘယ်လို ပြန်တိုက်ကြမလဲ။ ပထမဆုံးတော့ ငွေကြေးဖောင်းပွမှု ဘာ့ကြောင့် ဖြစ်လာသလဲ နားလည်ဖို့ ကြိုးစားကြည့်ရအောင်။ 

လုပ်ခလစာ၊ ဈေးနှုန်းနဲ့ အမြတ်

ကိန်းဝါဒီတွေနဲ့ ငွေကြေးထိန်းချုပ်ရေးဝါဒီတွေကြားမှာ ဘယ်လိုပဲ ကွဲလွဲမှုတွေရှိရှိ၊ နောက်ဆုံးသတ္တုချလိုက်ရင် ဒီကပ်ဘေးကို အလုပ်သမား လူတန်းစားပဲ စိုက်လျော်ရမယ် ဆိုတဲ့နေရာမှာ နှစ်ဖက်လုံး သဘောညီကြတယ်။ အလုပ်သမားထုရှေ့ သူတို့ချပြတဲ့ ရွေးလမ်းက နှစ်ခုပဲ။ ကြိုးပေး အသတ်ခံမလား ဒါမှမဟုတ် အပိုင်းပိုင်းခုတ် အသတ်ခံမလား။ 

ဒီနှစ်အုပ်စုကြား အရိပ်လက်ဝှေ့ထိုးနေကြတာတွေ ဖယ်ကြည့်လိုက်မယ်ဆိုရင် ငွေကြေးဖောင်းပွမှုကို ကိုင်တွယ်ဖို့ သူတို့ပေးတဲ့ဆေးက အတူတူပဲဆိုတာ တွေ့ရမယ်။ အတင်းအကြပ် ခြိုးခြံချွေတာရေးနဲ့ အလုပ်သမားထုရဲ့ လုပ်ခလစာတွေကို ထိပါးတိုက်ခိုက်ခြင်း။ 

လုပ်ခလစာတွေ တက်လာရင် ကုန်ဈေးနှုန်းတွေ လိုက်တက်မှာပဲလို့ ပြောပြီး လုပ်ခလစာ တိုး‌ပေးရေး တိုက်ပွဲဝင်သူ အလုပ်သမားတွေကို တရားခံရှာတတ်ကြတဲ့ ဘူဇွာ ဘောဂဗေဒသမားတွေလည်း အများသား။ 

အဲ့လိုပဲ၊ "ငွေကြေးဖောင်းပွလာတော့မှာပဲ" ဆိုတဲ့ (inflation expectations) ကြောင့် ကုန်ဈေးနှုန်းတွေ တက်လာလိမ့်မယ်လို့ ဖက်ရှင်တခုလို သတိပေးတတ်ကြတယ်။

တကယ့် အချက်အလက်တွေအရတော့ အဲဒါနဲ့ ပြောင်းပြန်ပါပဲ။ wage-price-spiral (လုပ်ခလစာတွေ တက်လို့ ကုန်ဈေးလိုက်တက်နေတာမျိုး မဟုတ်ဘဲ) profit-price-spiral ခေါ် အရင်းရှင် လူတန်းစားက အမြတ်‌တွေ နင်းကန်ရနေလို့ ကုန်ဈေးနှုန်းတွေ လှိမ့်တက်နေတာမျိုးပဲ တွေ့လာရတယ်။ ကုန်ကျစရိတ်တွေ မြင့်တက်နေပေမယ့် ဘဏ်သူဌေးကြီးတွေ၊ အကြီးစား လုပ်ငန်းရှင်ကြီးတွေရဲ့ အမြတ်ငွေဟာ အရင်ကထက် အဆပေါင်းများစွာ တိုးပွားနေတာပဲ ရှိပါတယ်။ 

ကိန်းဂဏန်း အချက်အလက်အရသာ မဟုတ်၊ သဘောတရားရေးအရပါ ‌အပေါ်က အယူအဆမျိုးကို ကား(လ်)မာ့(က်စ်) ချေဖျက်ပြခဲ့တာ ကြာပါပြီ။ ၁၈၆၅ ခုနှစ်က ပထမ အင်တာနေရှင်နယ်မှာ John Weston ရဲ့ အယူအဆကို ဆန့်ကျင်ချေပရင်း မာ့(က်စ်)ပြောခဲ့တဲ့ လက်ချာတွေရှိပါတယ်။ Value, Price, Profit ဆိုတဲ့ စာအုပ်လေးထဲမှာ တွေ့ရပါလိမ့်မယ်။ ဂျွန်ဝပ်စဲင်ရဲ့ သဘောထားကို ချုပ်လိုက်ရင် (၁) လုပ်ခလစာ နှုန်းထား တိုးလာခြင်းဟာ အလုပ်သမားတွေအဖို့ ဘာမှအကျိုးမထူးဘူး၊ (၂) ဒါ့ကြောင့် အလုပ်သမား သမဂ္ဂတွေက ဆိုးကျိုးကိုပဲ ဖြစ်စေတယ်။

ဒီအငြင်းပွားမှုကို အခြေတည်ပြီး မာ့(က်စ်)က သူ့ရဲ့ဘောဂဗေဒ သဘောတရားတွေကို ရှင်းလင်းတင်ပြခဲ့တယ်။ အဓိကအားဖြင့် labor theory of value ကို အခြေခံပြီး တန်ဖိုးဆိုင်ရာ နိယာမကို ရှင်းပြခဲ့တယ်။ တန်ဖိုးနဲ့ ဈေးနှုန်းကို ခွဲခြားပြခဲ့တယ်။ 

ဈေးကွက်ထဲမှာ ဖလှယ်ဖို့ ထုတ်လုပ်လိုက်တဲ့ ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေ (ရောင်းကုန်တွေလို့ပဲ ခြုံပြီး ပြောပါမယ်) ရဲ့ ဈေးနှုန်းကို စိတ်ထင်သလို သတ်မှတ်ရောင်းချလို့ မရပါဘူး။ အခုလို ပျက်ကပ်ကာလမျိုးမှာ ကုန်သည်တွေရဲ့ လောဘဇောသက်သက်ကြောင့် ဈေးတွေ ခုန်တက်ကုန်တယ်လို့ ထင်တတ်ကြတယ်။ 

တကယ်တော့ ရောင်းကုန်တွေရဲ့ ဈေးနှုန်းကို စိတ်ထင်သလို တက်လို့ ချလို့ မရပါဘူး။ ဒီလိုသာ လုပ်လို့ရရိုးမှန်ရင် ဆန်တအိတ်ကို ဒေါ်လာတထောင် သတ်မှတ်ရောင်းချပေမပေါ့။ ကုန်သည်တွေက လုပ်မရရင် အာဏာပိုင်တွေက လက်နက်အားကိုးနဲ့ အတင်းအကြပ် ပြဌာန်းပေးမပေါ့။ မရပါဘူး။ အကြောင်းက ရောင်းကုန်တွေရဲ့ ဈေးနှုန်းကို ဓမ္မဓိဌာန်ကျတဲ့ နိယာမတွေနဲ့ သတ်မှတ်ပေးထားလို့ ဖြစ်တယ်။ အဲဒီနိယာမတွေကို ကျနော်တို့ နားလည်သဘောပေါက်နိုင်သလို စစ်ဆေးကြည့်လို့လည်း ရပါတယ်။ 

ဘူဇွာဘောဂဗေဒသမားတွေ ဆိုလေ့ရှိသလို ရောင်းကုန်တခုရဲ့ ဈေးနှုန်းကို လုပ်အားခနဲ့ အမြတ်ပေါင်းလဒ်က သတ်မှတ်ပေးတာလည်း မဟုတ်ဘူးလို့ မာ့(က်စ်)က အသေအချာ ပြောခဲ့တယ်။ ယေဘုယျဆိုရရင် ဈေးနှုန်းဆိုတာ ရောင်းကုန်တွေရဲ့ တန်ဖိုးကို ငွေကြေးအနေနဲ့ ထင်ဟပ်ဖော်ပြချက်သာ ဖြစ်တယ်။ 

ဝယ်လိုအားနဲ့ ရောင်းလိုအား အတက်အကျပေါ် မူတည်ပြီး ဈေးနှုန်း အပြောင်းအလဲ ရှိတာ မှန်ပါတယ်။ ဒါပေမယ့် ဒီဈေးနှုန်း အတက်အကျဟာ ထင်သလို ဖြစ်နေတာ မဟုတ်ဘူး၊ ပျမ်းမျှ အနေအထားတခုကို ဗဟိုပြုပြီး အတက်အကျ ပြောင်းလဲနေတာသာ ဖြစ်တယ်။ 

အဲဒီပျမ်းမျှအနေအထားတခုဆိုတာ ရောင်းကုန်ရဲ့ တန်ဖိုးကြောင့် ဖြစ်ပေါ်လာတာ။ ဒါဆို ရောင်းကုန်ရဲ့ တန်ဖိုးကို ဘယ်အရာက သတ်မှတ်ပေးသလဲ။ အဲဒီ ရောင်းကုန်ထွက်လာဖို့ လိုအပ်သော လူ့အဖွဲ့အစည်းဆိုင်ရာ ပျမ်းမျှ အလုပ်ကြာချိန်က တန်ဖိုးကို ဆုံးဖြတ်ပေးတယ်။ socially necessary labor time ကို ပြောတာပါ။ 

ဒီစကားစုကို သေချာနားမလည်တဲ့အခါ အခုလို စောဒကတက်လေ့ရှိတယ်။ အလုပ်ကြာချိန်က တန်ဖိုးကို ပြဌာန်းပေးတယ်ဆိုရင် ပျင်းနေလို့ ဒါမှမဟုတ် အလုပ်မကျွမ်းကျင်လို့ အချိန်ပိုကြာသွားရင် တန်ဖိုးပိုတက်သွားရောလား။ ဒီလိုမေးလာသူတွေကို မာ့(က်စ်)က တခါတည်း ရှင်းခဲ့ပြီးသား ဖြစ်ပါတယ်။ အလုပ်ကြာချိန်လို့ပဲ မပြောဘဲ socially necessary လို့ ရှေ့က အထူးပြု ပြောထားတာ အကြောင်းမဲ့ မဟုတ်ပါဘူး။ 

သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတခုရဲ့ ကုန်ထုတ်စွမ်းအားစု ဖွံ့ဖြိုးမှုပေါ် လိုက်ပြီး ပျမ်းမျှ လိုအပ်တဲ့ ကြာချိန်ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ လက်မှုလုပ်ငန်းလောက်ပဲ ထွန်းကားသေးတဲ့ ခေတ်မှာ ဖိနပ်တရံပြီးဖို့ ပျမ်းမျှကြာချိန်နဲ့ စက်မှုထွန်းကားတဲ့ ခေတ်မှာ ဖိနပ်တရံပြီးဖို့ ပျမ်းမျှ ကြာချိန် ဘယ်လိုမှ မတူနိုင်ပါဘူး။ လက်မှုလုပ်ငန်းခေတ်မှာ ဖိနပ်တရံပြီးဖို့ ပျမ်းမျှကြာချိန် ၈ နာရီ ဆိုပေမယ့် ၇ နာရီစွန်းစွန်းနဲ့ ပြီးအောင် လုပ်နိုင်သူ တယောက်စ နှစ်ယောက်စ ရှိနိုင်တယ်။ အဲလိုပဲ ၈ နာရီခွဲလောက်မှ ပြီးနိုင်သူလည်း မဆိုစလောက် ရှိလိမ့်မယ်။ အဲဒါတွေကို မယူဘဲ အဲဒီခေတ် ကုန်ထုတ်စွမ်းအားစု ဖွံ့ဖြိုးမှုအနေအထားအရ ပျမ်းမျှကြာနိုင်မယ့် ၈နာရီကိုပဲ socially necessary labor time အနေနဲ့ သဘောထားပါတယ်။ 

လူ့အဖွဲ့အစည်းမှာ တန်ဖိုး အသစ်တွေ ဖန်တီးပေးတာ အလုပ်သမား လူတန်းစား ဖြစ်ပါတယ်။ ကုန်ထုတ် ဖြစ်စဉ်မှာ အလုပ်သမား လူတန်းစားရဲ့ လုပ်အားကို ထည့်သွင်းလိုက်ခြင်းအားဖြင့် ထွက်ပေါ်လာတဲ့ တန်ဖိုးတွေကို အလုပ်သမားထုနဲ့ အရင်းရှင် လူတန်းစားကြား ပြန်လည်ခွဲဝေလိုက်တယ်။ အလုပ်သမား လူတန်းစားက လုပ်ခလစာအနေနဲ့ ရရှိပြီး အရင်းရှင် လူတန်းစားက အမြတ်အနေနဲ့ ရတယ်။ 

မာ့(က်စ်) ဇောင်းပေးပြောခဲ့တာ ရှိတယ်။ အလုပ်သမား လူတန်းစားကိုယ်တိုင် အရင်းရှင်တွေဆီ ထုတ်ရောင်းရတဲ့ ရောင်းကုန် တခုရှိတယ်။ အဲဒါက သူတို့ရဲ့ လုပ်အားစွမ်းပကား (labor power) ဖြစ်ပါတယ်။ labor ခေါ် အလုပ်ကို ရောင်းလိုက်တာ မဟုတ်ဘူးလို့လည်း မာ့(က်စ်)က ခွဲခြားပြောတယ်။ ရောင်းကုန်အနေနဲ့ ရောင်းလိုက်ရတဲ့ လုပ်အားစွမ်းပကားဆိုတာ အချိန်တခု (တနာရီ၊ တရက်၊ တပတ်၊ စသဖြင့်) အတွက် သူတို့ရဲ့ အလုပ်လုပ်နိုင်စွမ်းကို ဆိုလိုခြင်း ဖြစ်တယ်။ အရင်းရှင် လူတန်းစားဆီက ဒီရောင်းကုန်ရဲ့ အဖိုးအခအဖြစ် လုပ်ခလစာ ပြန်ရတယ်။ 

လုပ်အားဟာလည်း တခြားရောင်းကုန်တွေလိုပါပဲ၊ သူ့မှာ တန်ဖိုး ရှိတယ်။ သူ့တန်ဖိုးကိုလည်း တခြား ရောင်းကုန်များရဲ့ တန်ဖိုးကို သတ်မှတ်ပြဌာန်းပေးသလို လုပ်အားစွမ်းပကား ဖြစ်ပေါ်လာစေဖို့ လိုအပ်သော ပျမ်းမျှ အလုပ်ကြာချိန်နဲ့ ဆုံးဖြတ်ပါတယ်။ အလုပ်သမား လူတန်းစားရဲ့ ဘဝတည်မြဲရေးနဲ့ မျိုးဆက်ပွားစီးဖို့ လိုအပ်သော ပျမ်းမျှ အလုပ်ကြာချိန် ဖြစ်ပါတယ်။ အလုပ်သမား လူတန်းစားတရပ် ဘဝတည်မြဲဖို့၊ မျိုးဆက်ပွားစီးဖို့ စား၊ ဝတ်၊ နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အစရှိတဲ့ ရှင်သန်ရေး ပစ္စည်းတွေ လိုအပ်ပါတယ်။ ဒီအရာတွေ အလုံအလောက် ထုတ်လုပ်ဖို့ လိုအပ်တဲ့ socially necessary labor time က အလုပ်သမား လူတန်းစားရဲ့ လုပ်အားခကို သတ်မှတ်ပြဌာန်းပေးတယ်။ 

လုပ်အားမှာ တန်ဖိုးရှိသလို ဈေးနှုန်းလည်း ရှိပါတယ်။ အလုပ်သမားတွေ ရရှိတဲ့ ပျမ်းမျှ လုပ်ခလစာဟာ လုပ်အားရဲ့ ဈေးနှုန်းပဲ။ တခြားရောင်းကုန် ဈေးနှုန်းတွေလိုပဲ လုပ်ခလစာဟာလည်း လုပ်အား တန်ဖိုးကို ဗဟိုပြုပြီး ဝယ်လိုအား၊ ရောင်းလိုအား ဖိအားတွေအောက်မှာ အတက်အကျ အပြောင်းအလဲ ရှိပါတယ်။ ဒါပေမယ့် တခြား ရောင်းကုန်တွေနဲ့ မတူတာက ဒီအပြောင်းအလဲဟာ ဈေးကွက် အင်အားစုတွေကြောင့် သူ့အလိုလို ဖြစ်နေတာမျိုး မဟုတ်ဘဲ လူတန်းစား တိုက်ပွဲကနေ ဖြစ်ပေါ်နေတာပဲ။ 

မာ့(က်စ်)ရဲ့ အဓိက ထောက်ပြချက်ကို ရောက်ပါပြီ။ ရောင်းကုန် ဈေးနှုန်းတွေလိုပဲ အရင်းရှင်တွေရဲ့ အမြတ်ဟာလည်း စိတ်ကူးပေါက်သလို သတ်မှတ်လိုက်လို့ ဖြစ်ပေါ်လာတာ မဟုတ်ဘူး။ သာမန်ကြည့်ရင် “ဈေးချိုချိုနဲ့ ဝယ်ထားပြီး ဈေးတင်ပြန်ရောင်းလို့” အမြတ်တွေ ရလာတယ် ထင်ကြမယ်။ ယေဘုယျ ပြောရရင် အရင်းရှင်တွေ ဒီလို စိတ်ထင်ရာ မလုပ်နိုင်အောင် ယှဉ်ပြိုင်ခြင်း နိယာမတွေက တားမြစ်ထားတယ်။ 

အခုပဲကြည့်လေ၊ လက်ဝါးကြီးအုပ် အကြီးစား လုပ်ငန်းရှင်ကြီးတွေလို ဈေးနှုန်းသတ်မှတ်နိုင်စွမ်းနဲ့ အတိုင်းအဆချင်း မယှဉ်နိုင်တဲ့ အသေးစား လုပ်ငန်းရှင်တွေ ညည်းနေရပြီ။ ကုန်ကျစရိတ်တွေ တက်လာလို့ဆိုပြီး စားသုံးသူတွေဆီ လွယ်လွယ်နဲ့ ဈေးတင်ရောင်းမရဘူး၊ အဲသလို ဈေးလိုက်တက်တာနဲ့အမျှ ရောင်းအားလည်း ထိလာတာကိုး။ 

တကယ်လို့ သူတို့စိတ်ကြိုက် ဈေးသတ်မှတ် ရောင်းနိုင်စွမ်း ရှိတယ်ဆိုရင်တောင် ရောင်းသူနေရာမှာ မြိုးမြိုးမြက်မြက်ကလေး စားလိုက်ရတဲ့ အရင်းရှင်ဟာ အမြဲတမ်း ရောင်းသူနေရာမှာပဲ မရှိနိုင်ဘူး၊ သူလည်း ဝယ်သူ ပြန်ဖြစ်ရသေးတယ်။ ဒီအခါ သူ့လို ဈေးတင်ရောင်းချသူနဲ့ တွေ့တဲ့အခါ ရောင်းသူဘဝတုန်းက ရထားတာလေး ဝယ်သူဘဝမှာ ပြန်ပါသွားမယ်။ ဦးမြကို အကြွေးပြန်ပေးဖို့ ဦးလှကို ဓားပြတိုက်လိုက်တာနဲ့ အတူတူပဲ။ ဒီလိုနည်းနဲ့ တန်ဖိုးအသစ် ထွက်မလာဘူး။ ဒါ့ကြောင့် အမြတ်ဆိုတာလည်း အဲဒီနည်းနဲ့ ရလာတာ မဟုတ်ဘူးလို့ ဆိုခြင်း ဖြစ်တယ်။

အရင်းရှင် လူတန်းစားဆီ အလုပ်သမား လူတန်းစား ရောင်းလိုက်တဲ့ လုပ်အားစွမ်းပကားမှာ တခြား ရောင်းကုန်တွေနဲ့ လုံးဝမတူတဲ့ ထူးခြားချက်တခု ရှိတယ်။ တခြားဘယ်ရောင်းကုန်မှာမှ အဲဒီထူးခြားချက်မျိုး မရှိဘူး။ လုပ်အားစွမ်းပကားရဲ့ ထူးခြားချက်က တခြားမဟုတ်ဘူး။ တန်ဖိုးအသစ် ဖန်တီးပေးနိုင်တာပဲ။ လုပ်အားကို ဝယ်ယူစဉ်က အဖိုးအခထက် ပိုများတဲ့ တန်ဖိုးအသစ်တွေ ဖန်တီးပေးနိုင်တာပဲ။ လုပ်အားကို ဝယ်ယူစဉ်က အဖိုးအခအဖြစ် wage ပေးပြီးဖြစ်လို့ ဒီထက်ကျော်လွန်ပြီး ရရှိလာတဲ့ တန်ဖိုးတွေဟာ အရင်းရှင်တွေရဲ့ အမြတ် ဖြစ်လာတယ်။ ဒါ့ကြောင့် အရင်းရှင် လူတန်းစား ရရှိတဲ့ အမြတ်ဆိုတာ အလုပ်သမား လူတန်းစားရဲ့ unpaid labor ကနေ ဆင်းသက်လာတာပဲလို့ မာ့(က်စ်) ရှင်းပြခဲ့ခြင်း ဖြစ်တယ်။ 

ဘယ်သူ့အပြစ်လဲ

အတိုချုပ်ရရင် တရက်တာ၊ တပတ်တာ ဒါမှမဟုတ် တနှစ်တာကာလအတွင်း အလုပ်သမား လူတန်းစားက တန်ဖိုး အစုစုကို ဖန်တီးပေးလိုက်တယ်။ မာ့(က်စ်)ရှင်းပြခဲ့သလိုပဲ “အလုပ်သမား လူတန်းစား စိုက်ထုတ်ထားသော အလုပ်ကြာချိန်က သတ်မှတ်ပြဌာန်းပေးလိုက်တဲ့ အဲဒီတန်ဖိုးအရပ်ရပ်ဟာ အလုပ်သမား နဲ့ အရင်းရှင်တို့ ကိုယ်စီကိုယ်ငှ ခွဲဝေယူစရာ တခုတည်းသော ရေသောက်မြစ်ပဲ။ လုပ်ခလစာနဲ့ အမြတ်ရယ်လို့ ခွဲယူစရာ တခုတည်းသော တန်ဖိုးပဲ …”

ဒါ့ကြောင့် ငွေကြေးဖောင်းပွမှု ဖြစ်လာလို့ လူ့အဖွဲ့အစည်းတခုရဲ့ ဓနဥစ္စာတွေ အမှန်တကယ် တိုးမလာပါဘူး။ နဂို ရှိနှင့်ပြီးသား တန်ဖိုးဥစ္စာတွေကိုပဲ မြီရှင်တွေနဲ့ မြီစားတွေကြား ပြန်ခွဲပေးလိုက်တာ၊ အရင်းရှင်တွေနဲ့ အလုပ်သမားတွေကြား ဝင်ငွေပမာဏ ရွေ့သွားတာပဲ ဖြစ်ပါတယ်။ လုပ်ခလစာ တက်တဲ့နှုန်းထက် ကုန်ဈေးနှုန်း တက်တဲ့နှုန်းက ပိုမြန်နေတော့ အလုပ်သမားတွေပဲ အထိနာနေကျပါ။ 

မာ့(က်စ်)က ဆက်ပြောတယ်။

“အကန့်အသတ်နဲ့ ရှိနေတဲ့ ဒီတန်ဖိုးတခုတည်းကိုပဲ (ဆိုလိုတာက အလုပ်သမား လူတန်းစားရဲ့ စုစုပေါင်း အလုပ် ကြာချိန်နဲ့ သတ်မှတ်ပေးထားသော တန်ဖိုးတခုတည်းကိုပဲ) အရင်းရှင်နဲ့ အလုပ်သမား လူတန်းစားကြား ခွဲဝေယူရတာဖြစ်လို့ တဖက်လူတန်းစားက ပိုရလေ ကျန်တဖက် လူတန်းစားက အရနည်းလေပဲ …”

“လုပ်ခလစာ ပြောင်းလဲသွားရင် အမြတ်နှုန်းထားက ဆန့်ကျင်ဖက် လားရာအတိုင်း ပြောင်းလဲသွားလိမ့်မယ်။ လုပ်ခလစာနှုန်းထား နည်းသွားရင် အမြတ်ရတဲ့နှုန်း ပိုများသွားမယ်၊ လုပ်ခနှုန်းထား တက်ရင် အမြတ်ရနှုန်း ကျသွားမယ်။”

တနည်းဆိုရရင် အလုပ်သမားတွေရဲ့ လုပ်အားခ အမှန်တကယ် တိုးရဖို့ အရင်းရှင် လူတန်းစား ရရှိနေတဲ့ အမြတ်တွေကို ကိုက်ဖဲ့ယူမှသာ ဖြစ်နိုင်တယ်။ ဒါ့ကြောင့်လည်း အရင်းရှင်တွေနဲ့ သူတို့လက်ဝေခံတွေက အလုပ်သမား လူတန်းစားကို ရန်လိုတကြီး ထိုးနှက်တိုက်ခိုက်နေကြတာပဲ။ သူတို့အမြတ်ထဲက နည်းနည်းမှ အပဲ့မခံနိုင်ဘူး၊ ရလေလိုလေ အိုတစ္ဆေပဲ။ 

ဒါ့ကြောင့် ငွေကြေးဖောင်းပွမှုအတွက် အလုပ်သမားထုကို အပြစ်တင်လို့ မရဘူးဆိုတာ ရှင်းပါတယ်၊ အလုပ်သမားထုဟာ ခေါင်ခိုက်အောင် ထိုးတက်နေတဲ့ ကုန်ဈေးနှုန်းတွေ၊ အရင်းရှင်တွေရဲ့ ထိုးနှက်မှုတွေကို ခံရလွန်းလို့ ဘဝတည်မြဲရေး တိုက်ပွဲထဲ တွန်းပို့ခံရသူတွေသာ ဖြစ်ပါတယ်။ အလုပ်သမားတွေ လုပ်အားခ တိုးတောင်းလွန်းလို့ ကုန်ဈေးလိုက်တက်နေရတာ မဟုတ်ဘူး။

“ငွေကြေး တန်ဖိုးကျဆင်းမှု ဖြစ်ပွားတိုင်း အလုပ်သမား လူတန်းစားဆီက လှည့်ဖျားယူဖို့ အရင်းရှင်တွေ အသင့် ဖြစ်နေကြကြောင်း အတိတ်သမိုင်းတခုလုံးက သက်သေခံနေတယ်” လို့ မာ့(က်စ်)က တန်ဖိုး၊ ဈေးနှုန်းနဲ့ အမြတ် စာအုပ်မှာ မှတ်ချက်ပြုထားတယ်။

တကယ်လည်း ဖြစ်နေတာပါပဲ။ ဈေးကွက်ကို အုပ်စီးထားနိုင်တဲ့ လက်ဝါးကြီးအုပ် ကော့ပရိတ် လုပ်ငန်းရှင်ကြီးတွေဟာ ကပ်ရောဂါကာလကို အခွင့်အရေးသမားပီပီ အမိအရဖမ်းပြီး ဈေးတွေ မတန်တဆ တင်ပြီး၊ အမြတ်တွေ တနင့်တပိုး ယူခဲ့ကြတယ်။

ဥပမာ၊ ၂၀၂၁ ခုနှစ်အတွင်း S&P 500 စာရင်းဝင် စီးပွားရေးလုပ်ငန်းကြီးတွေရဲ့  စုစုပေါင်း ‘ဝင်ငွေ’ဟာ ၅၀% လောက် တက်လာခဲ့တယ်။ အဲဒီတနှစ်လုံး သူတို့ရဲ့ အမြတ်နှုန်းထားဟာ ခါတိုင်းနှစ်တွေထက် ၁၃% ပိုရခဲ့တယ်။ 

ဒါပေမယ့် အလုပ်သမား လူတန်းစားရဲ့ လုပ်ခလစာနှုန်းထားဟာ တက်မလာခဲ့ဘူး။ တက်တယ်ဆိုရင်လည်း နာမည်ခံလောက်ပါပဲ။ real wages က တက်လာတာ မဟုတ်ဘူး၊ ကျသွားတာပါ။ 

လုပ်အားခတွေ တက်သွားရင် အရင်းရှင်တွေဘက်က ကုန်ဈေးနှုန်းတွေ လိုက်တက်လိမ့်မယ်ဆိုတဲ့ အယူအဆကို မာ့(က်စ်)က အရင်းကျမ်း အတွဲ(၂)မှာ အခုလို တုံ့ပြန်ခဲ့ဖူးတယ်။ ရောင်းကုန်ဈေးနှုန်းတွေကို သူတို့စိတ်ရှိသလို တက်ပစ်နိုင်စွမ်း အရင်းရှင်တွေလက်ထဲမှာ ရှိနေခဲ့ရင် လုပ်ခလစာ တက်တဲ့အချိန်တောင် စောင့်နေမှာ မဟုတ်ဘူး၊ လုပ်ခလစာ တိုးမပေးဘဲ ကုန်ဈေးတွေ တင်ပစ်လိုက်မှာပေါ့။ 

လုပ်ခလစာတိုးသွားတာကို အကြောင်းပြ၊ ကုန်ဈေးတွေ မတန်တဆ တက်ပစ်လိုက်ပြီး အမြတ်တွေ တနင့်တပိုး သဲ့ယူသွားတာမျိုး လုပ်မရနိုင်ဘူးလား။ ရပါတယ်။ အခါခပ်သိမ်း မဟုတ်ဘူး။ ထူးခြားတဲ့ အခြေအနေတချို့၊ ဒေသအလိုက် အခြေအနေတချို့မှာပဲ ခြွင်းချက်အနေနဲ့ ဒါမျိုး လုပ်ရနိုင်တယ်။ အချိန်အခါမရွေး အမြဲတမ်း လုပ်လို့ရတယ်ဆိုရင် အရင်းရှင်တွေအနေနဲ့ ဘယ်အလုပ်သမား သမဂ္ဂကိုမှ ဆန့်ကျင်နေမှာ မဟုတ်ဘူးလို့ မာ့(က်စ်)က ဆက်ပြောခဲ့တယ်။ 

အရင်းရှင်တွေနဲ့ အလိုတော်ရိ ဘောဂဗေဒသမားတွေက အကျိုးဆက်ကို အကြောင်းတရားအဖြစ် မှားပြီး ပြောနေကြတယ်။ ခြွင်းချက်အခြေအနေမျိုးမှာ ရှားရှားပါးပါး လုပ်ခလစာ တိုးလာရခြင်းဟာ စားဝတ်နေရေး ကုန်ဈေးတွေ ထိုးတက်သွားခြင်းရဲ့ အကျိုးဆက်သာ ဖြစ်တယ်။ အကြောင်းတရား မဟုတ်ဘူး။ 

ထွင်ထားတဲ့ အရင်း

ဒီတော့ ငွေကြေးဆိုင်ရာ ပြဿနာတွေရဲ့ အဖြေကို တခြားမှာ သွားရှာလို့ မတွေ့နိုင်။ တန်ဖိုးနဲ့ သူ့နိယာမတွေအကြောင်း၊ ကျယ်ကျယ်ပြန့်ပြန့် ရောင်းကုန်ထုတ်ခြင်း၊ ဖလှယ်ခြင်းနဲ့ အဲဒီကနေ ထွက်ပေါ်လာတဲ့ အမြတ်ပဓာနစနစ်အကြောင်း ရေရေရာရာ နားလည်ခြင်းမှာပဲ သွားရှာရမယ်။

အထက်မှာ အကြမ်းဖျင်း ဆွေးနွေးခဲ့သလို တန်ဖိုး နဲ့ ဈေးနှုန်းအကြောင်း မာ့(က်စ်)ဝါဒအရနားလည်ထားမှသာ ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်လာစေတဲ့ အင်အားစုတွေ၊ အကြောင်းအချက်တွေကို ဖမ်းဆုပ်နိုင်မယ်။ 

ပထမဆုံး၊ ‘ထွင်ထားတဲ့ အရင်း’ (fictitious capital) ဆိုတာရဲ့ အခန်းကဏ္ဍကို ဆွေးနွေးကြည့်ရအောင်။ ထွင်ထားတာဆိုတော့ အစစ်အမှန် မဖြစ်တဲ့သဘောပေါ့။ ဘယ်လိုလဲ။ ငွေကြေးတွေ ဈေးကွက်ထဲ စီးဆင်းနေတယ်၊ ဒါပေမယ့် သူ့နောက်မှာ တန်ဖိုး အစစ်တွေ အမှန်တကယ် စီးဆင်းနေခြင်း မရှိဘူး။ အဲဒီပိုက်ဆံတွေက စားဖို့ သုံးဖို့ စီးဆင်းနေတဲ့ ပိုက်ဆံတွေလည်း မဟုတ်ပြန်ဘူး၊ ငွေကနေ ငွေထပ်ပွားအောင် ဖန်တီးပေးဖို့ ‘အရင်း’ အနေနဲ့ စီးဆင်းနေကြတဲ့ ပိုက်ဆံတွေ။ ငွေကနေ ငွေတွေ ဆပွားတိုးလာအောင် စီးဆင်းနေတယ်ဆိုပေမယ့် အဲဒီငွေတွေနဲ့ ရောင်းကုန်တွေ တကယ် ထုတ်နေသလားဆိုတော့ မထုတ်ပြန်ဘူး။ ဒါ့ကြောင့် အစစ်အမှန် မဟုတ်သော ထွင်ထားတဲ့ အရင်းလို့ မာ့(က်စ်) ပြောခဲ့တာ။

ဆက်မသွားခင် ပထမဆုံး ဒီမေးခွန်းကို ဖြေကြည့်ဦးစို့၊ ပိုက်ဆံဆိုတာ ဘာလဲ။

ပိုက်ဆံဆိုတာ တန်ဖိုးမှန်သမျှရဲ့ အတိုင်းအထွာ၊ တခြားသော ရောင်းကုန်အားလုံးရဲ့ တန်ဖိုးတွေကို အကဲဖြတ် ဖော်ပြပေးနိုင်တဲ့ စံကိုက် ပေတံတချောင်း။

တခါ၊ဈေးနှုန်းတွေဟာ တန်ဖိုးကို ငွေကြေးအနေနဲ့ ထင်ဟပ်ဖော်ပြချက်၊ ရောင်းကုန်တွေအဖြစ် ပုံဆောင်ခဲဖွဲ့ထားသော လူ့အဖွဲ့အစည်းဆိုင်ရာ လိုအပ်တဲ့ အလုပ်ကြာချိန်ကို တိုင်းတာပေးတဲ့ ယူနစ်။

ရောင်းကုန်ထုတ်လုပ်ခြင်း၊ ဖလှယ်ခြင်းနဲ့ ကုန်သွယ်ရေး လိုအပ်ချက်တွေကြောင့် သမိုင်းမှာ အသပြာ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်တယ်။

ကနဦးမှာ ‘အသပြာ ရောင်းကုန်’ ပုံစံနဲ့ ထွက်ပေါ်လာခဲ့တယ်။ အသပြာအဖြစ် အသုံးပြုကြတဲ့ ရောင်းကုန်မှာ လူ့အဖွဲ့အစည်းဆိုင်ရာ လိုအပ်တဲ့ အလုပ်ကြာချိန် (socially necessary labor time) ရှိနေပြီးသားမို့ ကိုယ်တိုင်က တန်ဖိုးရှိ ပစ္စည်းတမျိုး ဖြစ်နေတယ်။ ဒီပစ္စည်းကို တခြားရောင်းကုန်အားလုံးနဲ့ ဖလှယ်နိုင်တယ်။ တခြားရောင်းကုန်အားလုံးကို သူနဲ့ချိန်ထိုးကြည့်နိုင်တယ်။ ဒါ့ကြောင့် အသပြာဟာ ရောင်းကုန်အားလုံးနဲ့ တန်ဖိုး ညီမျှခြင်းချကြည့်နိုင်တဲ့ universal equivalent အဖြစ် အလုပ်လုပ်တယ်။ 

ဘီစီ၆ရာစုလောက်မှာ ဒင်္ဂါးပြားတွေ စပေါ်လာတာ တွေ့ရတယ်။ ရွှေနဲ့ငွေတို့လို အဖိုးတန် သတ္ထုတွေကို ဒင်္ဂါးသွန်းပြီး အသပြာရောင်းကုန်အဖြစ် သုံးခဲ့ကြတယ်။ ဒီနောက် သတ္ထုတမျိုးမျိုး အခြေခံထားတဲ့ အသပြာတွေ ပုံစံအမျိုးမျိုးနဲ့ သုံးစွဲလာလိုက်ကြတာ ၂၀ရာစုအထိပါပဲ။

အချိန်အိုမင်းလာတာနဲ့အမျှ အသပြာအဖြစ် လှည့်လည်စီးဆင်းနေတဲ့ အဖိုးတန် သတ္ထုတွေရဲ့ တန်ဖိုးဟာလည်း ကျဆင်းလာခဲ့တယ်။ အသပြာအဖြစ် စီးဆင်းနေတဲ့ သတ္ထုရဲ့ တန်ဖိုးအမှန်နဲ့ ဒင်္ဂါးပြား မျက်နှာပြင်ပေါ် ခတ်နှိပ်ထားတဲ့ တန်ဖိုးကြား ကွာဟချက် ကြီးမားလာတယ်။ ပိုက်ဆံအနေနဲ့ သုံးစွဲနေတဲ့ သတ္ထုကို ထုတ်လုပ်ဖို့ လိုအပ်တဲ့ လူ့အဖွဲ့အစည်းဆိုင်ရာ အလုပ်ကြာချိန်က ၁၀ နာရီရှိတယ်ဆိုပါစို့။ အဲဒီ ၁၀ နာရီက သူ့ရဲ့ တန်ဖိုး အမှန်။ ဒါပေမယ့် အဲဒီဒင်္ဂါးရဲ့ မျက်နှာပြင်မှာ ခတ်နှိပ်ထားတာကျ နာရီ ၂၀ နဲ့ညီမျှတဲ့ ပမာဏ ဖြစ်လာတယ် ဆိုပါစို့။

အချိန်ကြာလာတာနဲ့အမျှ မျက်နှာပြင်ပေါ်က တန်ဖိုးပမာဏနဲ့ သတ္ထုရဲ့ တန်ဖိုးအမှန်ကြား ကွာဟချက်ဟာ ပိုပိုများလာခဲ့တယ်။ နောက်ဆုံးမှာ ငွေစက္ကူလို ကိုယ်ပိုင်တန်ဖိုး မယ်မယ်ရရ မရှိတဲ့ အသပြာပုံစံတွေ ထွက်ပေါ်လာခဲ့တယ်။ ဒီကနေ့ခေတ်မှာဆို ဖန်သားပြင်ပေါ်က ကိန်းဂဏန်းတွေအဖြစ် ပြောင်းလဲလာခဲ့ပြီ။ ဆိုလိုတာက ဒီကနေ့ အသပြာဆိုတာ တန်ဖိုးကို ကိုယ်စားပြုဖော်ပြထားတဲ့ တိုကင်သက်သက် ဖြစ်လာခဲ့ပြီ။ 

ကာလတခုအတွင်း လူ့အဖွဲ့အစည်းတခုက ထုတ်လုပ်ထားတဲ့ ရောင်းကုန်တွေရှိတယ်။ အဲဒီရောင်းကုန်တွေ အားလုံးပေါင်း တန်ဖိုးတခု ရှိမယ်။ ဒီတန်ဖိုးအားလုံးကို ကိုယ်စားပြု လည်ပတ်နေမယ့် ငွေပမာဏတခု ရှိမယ်။ အဲဒီရောင်းကုန်တွေရဲ့ ဈေးနှုန်းအနေအထားဟာ လည်ပတ်စီးဆင်းနေတဲ့ ငွေပမာဏ၊ လည်ပတ်စီးဆင်းနေတဲ့ တန်ဖိုးပမာဏနဲ့ ငွေကြေး ‘လည်ပတ်နှုန်း’ (ဈေးကွက်အတွင်း ဖလှယ်မှုဖြစ်တဲ့ နှုန်း ဒါမှမဟုတ် အကြိမ်ရေ) ဆိုတဲ့ အကြောင်းအချက် သုံးခုအပေါ် မူတည်ပြီး ပြောင်းလဲနေလိမ့်မယ်။

ကျန်တဲ့အချက်တွေ အကုန်အတူတူပဲ ဆိုပါစို့။ ဈေးကွက်ထဲ ရောင်းကုန်တွေလည်း ပိုများမလာဘူး၊​ စီးဆင်းနေတဲ့ တန်ဖိုးပမာဏ တိုးမလာဘူး၊ ဒါပေမယ့် လည်ပတ်စီးဆင်းနေတဲ့ ငွေကြေးပမာဏတခုတည်း တိုးလာမယ်ဆိုရင် ကုန်ဈေးတွေ သေချာပေါက် တက်သွားလိမ့်မယ်။

ရုပ်အခြေခံနဲ့သာ ပူးချည်မထားဘူးဆိုရင် ငွေကြေးတိုကင်တွေကို တန်ဖိုး သင်္ကေတအဖြစ် အသုံးပြုခြင်းမှာ မတည်ငြိမ်ခြင်းနဲ့ ငွေးကြေးဖောင်းပွနိုင်ခြင်း အလားအလာတွေ တသားတည်း တွဲပါနေပြီးသား ဖြစ်ပါတယ်။ ဒီကနေ့ ငွေကြေးဟာ ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးတွေလို ကိုယ်ပိုင်တန်ဖိုးအစစ်မရှိဘဲ တန်ဖိုးကို သင်္ကေတအနေနဲ့ သညာပြုထားရုံသက်သက်မို့ floating ဒါမှမဟုတ် fiat ငွေကြေးလို့ ပြောကြတယ်။

အခြေခံအားဖြင့် ငွေစက္ကူဖြစ်ဖြစ်၊ ဒစ်ဂျစ်တယ် ငွေကြေးသင်္ကေတပဲဖြစ်ဖြစ် သူတို့နောက်မှာ အမှန်တကယ် တန်ဖိုးရှိသော ရောင်းကုန်တွေနဲ့ ကျားကန်ပေးထားမယ် ဆိုတဲ့ ကတိပြုချက်တွေ ရှိနေရတယ်။ အမှန်တကယ် တန်ဖိုးရှိသော ရောင်းကုန်တွေလို့ ဆိုရာမှာ ကုန်ထုတ်လုပ်မှု ဖြစ်ချင်ဖြစ်မယ် ဒါမှမဟုတ် ရွှေလို အသပြာ ရောင်းကုန်မျိုး ဖြစ်ချင်ဖြစ်မယ်။ တခုမဟုတ် တခုခုနဲ့ ကျားကန်ထားရမယ်။ အဲဒီလိုမဟုတ်ရင်တော့ ငွေကြေးဖောင်းပွမှု ဖြစ်သွားမယ်။

ငွေစက္ကူအသစ်တွေ ရိုက်ထုတ်လိုက်ရင် ကုန်ဈေးတွေ ထောင်တက်သွားတာ အဲဒါကြောင့်ပါပဲ။ နှစ်သောင်းတန် အသစ်ရိုက်မထုတ်ဘဲ ရှိပြီးသား တသောင်းတန်၊ တထောင်တန်၊ ငါးရာတန်တွေချည်း တိတ်တိတ်လေး ရိုက်ထုတ်နေလည်း ငွေကြေးဖောင်းပွမှာပါပဲ၊ ကုန်ဈေးတွေ ထောင်တက်လာမှာပဲ။ လက်တွေ့လည်း ဖြစ်ခဲ့ ဖြစ်ဆဲ။ 

ဒီနေရာမှာ တခုရှိတာက ငွေသားတွေ ရိုက်ထုတ်သလောက် ကုန်ထုတ်လုပ်ငန်းတွေက တန်ဖိုးအသစ်တွေ လိုက်ဖန်တီးပေးနိုင်ရင်တော့ အခြေအနေတမျိုး ဖြစ်ပါလိမ့်မယ်။ ဒီကနေ့ ဗမာပြည် စစ်အာဏာရှင်များကတော့ ဒါနဲ့ပြောင်းပြန်လုပ်ပြီး လူထုကို ဒုက္ခအကြီးအကျယ် ပေးနေပါတယ်။ ဗမာပြည်ရဲ့ ပင်မစီးပွားရေးတခုဖြစ်တဲ့ ကျေးလက်ဒေသတခုလုံး ပြာပုံအတိဖြစ်သွားအောင်  မင်းရှို့ဖျက်စီးထားတော့ မြေယာကုန်ထုတ်လုပ်ငန်းတွေ မလည်ပတ်နိုင်ဘူး။ အာဏာရှင် လက်ပါးစေ စစ်တပ်က တရွာဝင်တရွာထွက် အကုန်ရှို့၊ အကုန်လု၊ အကုန်သတ် ဆိုတော့ တန်ဖိုးအသစ်တွေ ဖန်တီးနိုင်ဖို့ ဝေးစွ၊ နဂိုဖန်တီးပြီးသား တန်ဖိုးတွေပါ ပျက်စီးဆုံးရှုံးသွားရတယ်။ အသတ်ခံ၊ အဖမ်းခံရသူတွေ၊ စစ်ပြေးရသူတွေ၊ တနယ်တကျေးမက တနိုင်ငံမြိုင်ယံခြား ပြေးရသူတွေ အမြောက်အမြား ဖြစ်လာတဲ့အခါ တန်ဖိုးအသစ်တွေ ဖန်တီးပေးနိုင်တဲ့ လုပ်အားစွမ်းပကားတွေ အမြောက်အမြား ဆုံးရှုံးရပြန်တယ်။ 

ဒီတော့ လူ့အဖွဲ့အစည်းရဲ့ အသားတင် ထုတ်ကုန် တန်းဖိုးတွေက တိုးမလာဘဲ ထိုးကျနေချိန် ဖြစ်တယ်၊ ဒီအချိန်မှာ ငွေသားတွေ ရိုက်ထုတ်တဲ့ အစိုးရလောက် မိုက်မဲရူးသွပ်သူမျိုး ဘယ်မှာ လိုက်ရှာလို့ တွေ့ပါ့မလဲ။ ဒီအရူးမျိုးက အုပ်စိုးသူ အရင်းရှင် လူတန်းစား ကိုယ်စားလှယ်တော်ဖြစ်နေတာ ထောက်ရှုပြီး အရင်းရှင်စနစ် အကြပ်အတည်း ဘယ့်ကလောက်သည်းထန်နေသလဲ သိနိုင်တယ်။

တန်ဖိုးတွေ (ဆိုလိုတာက ရောင်းကုန်တွေ) ထုတ်လုပ်နေခြင်း မရှိဘဲ အရင်းအနေနဲ့ လည်ပတ်စီးဆင်းနေတဲ့ ငွေတွေ (ထွင်တားတဲ့ အရင်းတွေ) ထွက်ပေါ်လာတယ်။

ထွင်ထားတဲ့ အရင်းလို့ ဆိုရာမှာ ပုံစံအမျိုးမျိုး ရှိနိုင်တယ်။ အစိုးရတွေ ထုတ်ရောင်းလိုက်တဲ့ ဘွန်း(ဒ်) ခေါ် ငွေချေးစာချုပ်တွေ၊ စတော့(ခ်)တွေ၊ ရှယ်ယာတွေ၊ စသဖြင့် ပုံစံအမျိုးမျိုး ဖြစ်နိုင်တယ်။ တန်ဖိုး ထုတ်လုပ်ခြင်း မရှိတဲ့ ပရောဂျက်တွေ  (ဥပမာ၊ စစ်လက်နက် ထုတ်လုပ်ခြင်း) မှာ အစိုးရမင်းများ သုံးလိုက်တဲ့ ငွေကြေးတွေဟာလည်း ထွင်ထားတဲ့ အရင်းပုံစံတမျိုးပါပဲ။

မြန်မာနောင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ မင်းအောင်လှိုင် အာဏာသိမ်း စစ်အစိုးရဟာ ဘွန်း(ဒ်)ရောင်းရငွေ ကျပ်ဘီလျံ ၁၇၈၀၀ ရှိသတဲ့။

"စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ငွေတိုက်ဦးစီးဌာန၏ စာရင်းများအရ ၂၀၂၂ ခုနှစ် ဧပြီလမှ ယခုနှစ် ဇူလိုင်လအထိ စစ်ကောင်စီက ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ် လေလံတင်ရောင်းချပွဲ ၄၆ ကြိမ် ပြုလုပ်ခဲ့ကာ စုစုပေါင်း ကျပ် ၁၇ ဒသမ ၈ ထရီလျံဖိုး (ကျပ်ဘီလျံ ၁၇,၈၀၀) ရောင်းချနိုင်ခဲ့သည်။" [မြန်မာနောင်း - https://myanmar-now.org/mm/news/39647/?fbclid=IwAR2lsyf9MgVxxKA0DCi4f9PHbn8P-BikX-2vWakonAuFtN-FHIze7jnF7ik]

ဒီငွေတွေဟာ ဘာတန်ဖိုးမှ မဖန်တီးဘဲ စက္ကူစုတ်စာချုပ်ကနေ ရလာတဲ့‌ fictitious capital ထွင်ထားတဲ့ အရင်းငွေ ပုံစံတမျိုးပါပဲ။ ဒါရဲ့အကျိုးဆက်က တိုင်းပြည် အကြွေးနွံနစ်စေတယ်။ စစ်အာဏာသိမ်း စစ်တပ်က ပြည်သူတွေကို သတ်ဖြတ်ရာမှာ ဒီငွေတွေကို စစ်လက်နက်ဖိုးအနေနဲ့ သုံးစွဲပြန်တယ်။ ထွင်ထားတဲ့ အရင်းငွေတွေဖြစ်လို့ ကျပ်ငွေတန်ဖိုး ကျသထက်ကျစေတယ်။ ကုန်ဈေးတွေ ထိုးတက်ပြီး လူထု စားဝတ်နေရေး ကြပ်တည်းသထက် ကြပ်တည်းစေတယ်။

အဲဒီလို ဘာတန်ဖိုးမှ ထုတ်လုပ်ခြင်း မရှိတဲ့ ‘ထွင်ထားသော အရင်း’နဲ့ ကုန်လုပ်ပစ္စည်းတွေ၊ လုပ်အားတွေ ဝယ်ယူဖို့ သုံးစွဲလိုက်တဲ့ ‘ကုန်ထုတ် အရင်း’ဆိုပြီး မာ့(က်စ်)က ခွဲခြားပြခဲ့တယ်။

‘ပိုလျှံသော တန်ဖိုး’ ရရှိအောင် ကုန်ထုတ် အရင်းကို လုပ်အားခတွေ ပေးချေဖို့၊ ကုန်ကြမ်းတွေ၊ စက်တွေ ဝယ်ယူဖို့ အမှန်တကယ် ရင်းနှီးမြှုပ်နှံလိုက်ပေမယ့် ထွင်ထားတဲ့အရင်းကိုကျ အဲဒီလို ကုန်ထုတ်လုပ်ရေးမှာ သုံးစွဲတာမျိုး မရှိဘူး။ ဒီလို ကုန်ထုတ်လုပ်ရေးမှာ မရင်းနှီးခဲ့ဘဲ ထွက်လာတဲ့ အမြတ်ထဲကနေ ဝေစုလာခွဲတယ်။ 

ဒီအချက်ကို နည်းနည်း အကျယ်ချဲ့ ဆွေးနွေးကြည့်ပါမယ်။ အလုပ်သမား လူတန်းစားက လုပ်အားကို ရောင်းလို့ရလာတဲ့ လုပ်ခလစာကနေ ထမင်းစားတယ်။ အရင်းရှင် လူတန်းစားကျ ဘယ်ကနေ ထမင်းစားသလဲ။ သူတို့လုပ်အားရောင်းပြီး ထမင်းမစားတာတော့ သေချာတယ်။ အရင်းရှင် လူတန်းစားတရပ်လုံး သုံးနေ ဖြုန်းနေတာတွေ အားလုံး သူတို့ရရှိနေတဲ့ အမြတ်ကနေ လာပါတယ်။ အဲဒီအမြတ်ဆိုတာတွေ ဘယ်က ရလာသလဲ။ အပေါ်မှာ ဆွေးနွေးခဲ့သလိုပဲ၊ အလုပ်သမား လူတန်းစားရဲ့ unpaid labor ကနေ လာတယ်။ 

ဘာ့ကြောင့် unpaid labor လို့ ပြောရသလဲ။ အရင်းရှင်တွေ အလုပ်သမားဆီက ဝယ်လိုက်တာ လုပ်အား (labor power) သာ ဖြစ်တယ်၊ labor ခေါ် အလုပ် မဟုတ်ဘူးလို့ ဆိုခဲ့တယ်။ အရင်းရှင်ဟာ သူဝယ်လိုက်တဲ့ လုပ်အားအတွက် လုပ်ခလစာ ပေးချေရတယ်။ သူပေးချေလိုက်ရတဲ့ လုပ်အားခက ၆၀၀၀ ကျပ် ဆိုပါစို့။ အလုပ်သမားဆီက ဝယ်ယူထားတဲ့ လုပ်အားကို အသုံးချပြီး ကုန်ထုတ်လိုက်လို့ ၂ နာရီအတွင်း ၆၀၀၀ ကျပ်နဲ့ ညီမျှတဲ့ တန်ဖိုးအသစ်တွေ ထုတ်လုပ်နိုင်တယ် ဆိုပါတော့။ 

ဒါဆိုရင် ဒီ ၂နာရီထက်ကျော်ပြီး ခိုင်းသမျှ အလုပ်ချိန်တွေအတွက် အရင်းရှင်က တပြားမှ ထပ်ပေးစရာမလိုတော့ဘူး။ ဘာ့ကြောင့် မလိုသလဲဆိုတော့ labor ကို သူဝယ်ခဲ့တာ မဟုတ်ဘူး၊ labor power ဆိုတဲ့ ရောင်းကုန်ကို ဝယ်ခဲ့တာမို့ပဲ။ သူက တရက်စာ ဝယ်ထားတယ် ဆိုပါတော့။ အဲဒီတရက်စာအတွင်း သူဝယ်ထားတဲ့ ရောင်းကုန်ကို အသုံးပြုတာ ဖြစ်လို့  ၂နာရီ အသုံးပြုရုံနဲ့ သူ့အရင်းကျေသွားလည်း သူဝယ်ထားတဲ့ အချိန်ပြည့်တဲ့အထိ ဆက်ခိုင်းမှာပဲ။ 

ဒီလို အရင်းကျေတဲ့နောက် ဆက်ခိုင်းတဲ့ အလုပ်ချိန်တွေကို surplus labor လို့ ခေါ်ပါတယ်။ အခု ဥပမာအရဆို ၂ နာရီနောက်ပိုင်း ဆက်ခိုင်းသမျှဟာ surplus labor ပဲ။ အဲဒီတရက်မှာ ဆယ်နာရီ အလုပ်ဆင်းလိုက်ရတယ် ဆိုပါစို့။ ဒါဆိုရင် ‘ပိုလျှံသော အလုပ်’က ၈ နာရီစာ ဖြစ်သွားမယ်။ ဒီ ၈နာရီအတွင်း ဖန်တီးပေးလိုက်တဲ့ တန်ဖိုးတွေကို ‘ပိုလျှံသော တန်ဖိုး’ (surplus value) လို့ ခေါ်တယ်။ 

အရင်းရှင် စိုက်ထုတ်ထားတဲ့ လုပ်အားခ ၆၀၀၀ ဖိုးထက် ကျော်လွန်ပြီး ဖန်တီးပေးလိုက်တဲ့ တန်ဖိုးတွေမို့ ‘ပိုလျှံသော တန်ဖိုး’လို့ ခေါ်တာပါ။ အဲဒီ ပိုလျှံသော တန်ဖိုးတွေ ဖန်တီးနိုင်ဖို့ အရင်းရှင်က အလုပ်သမားကို လုပ်အားခ ထပ်မပေးဘဲ ခိုင်းလိုက်ရတာမို့ unpaid labor လို့ ခေါ်တာ။ အရင်းရှင်တွေ ရရှိတဲ့ အမြတ်ဆိုတာ အဲဒီပိုလျှံသော တန်ဖိုးကနေ လာတာ။ ဒါ့ကြောင့် အရင်းရှင် လူတန်းစား စံစားနေရတဲ့ အမြတ်တွေဟာ အလုပ်သမား လူတန်းစားရဲ့ unpaid labor ကနေ ထွက်ပေါ်လာတာလို့ ဆိုခဲ့ခြင်း ဖြစ်တယ်။ 

ဒါပေမယ့် ဒီလို အမြတ်ထွက်ဖို့ဆိုရင် အရင်းရှင် လူတန်းစားဟာ အလုပ်သမား လူတန်းစားရဲ့ လုပ်အားကို ဝယ်ရမယ်၊ ကုန်လုပ်ပစ္စည်းတွေ ဝယ်ရမယ်။ သူတို့ရဲ့ အရင်းငွေကြေးကို ဒီလိုကုန်ထုတ်လုပ်ရေးမှာ ရင်းနှီးမြှုပ်နှံခြင်း လုပ်ခဲ့မှသာ အလုပ်သမား လူတန်းစားရဲ့ unpaid labor ကနေ ပိုလျှံသော တန်ဖိုးတွေ ထုတ်ယူနိုင်မယ်၊ အမြတ်တွေ ရလာနိုင်မယ်။ 

ပြဿနာက ဒီကနေ့ အရင်းရှင် အတော်များများဟာ အဲဒီလို ကုန်ထုတ်လုပ်ရေးမှာ ရင်းနှီးမြှုပ်နှံတာမျိုးတောင် မလုပ်တော့ဘဲ လွယ်လွယ်နဲ့ အမြတ်ရချင်လာတယ်။ ရောင်းကုန်ပစ္စည်းတွေ အမှန်တကယ် ထုတ်လုပ်နေခြင်း မရှိဘဲ ငွေရင်းကနေ ငွေထပ်ပွားတာမျိုးကို ပိုမက်မောလာတယ်။ အဲဒီလို ထွင်ထားတဲ့ အရင်းငွေတွေ ကိုင်ပြီး အမြတ်ဝေစုကို သူတို့လည်း ဆိုင်တယ်၊ ပိုင်တယ် လုပ်လာကြတယ်။ 

နပိုလီယံ စစ်ပွဲတွေနောက်ပိုင်း တွင်ကျယ်လာတဲ့ ရွှေစံနှုန်းဆိုတာ ရှိတယ်။ စစ်ပွဲကာလတွေမှာ ငွေကြေးဖောင်းပွ၊ ကုန်ဈေးတွေကြီး၊ အစိုးရ ကြွေးမြီတွေများလာ။ ဒီအချက်တွေကြောင့် ရွှေကို စံအနေနဲ့ သတ်မှတ်ခဲ့ရတာ။ လည်ပတ်စီးဆင်းနေတဲ့ ငွေစက္ကူ တိုကင်တွေကို ရွှေလို တန်ဖိုးအစစ်ရှိတဲ့ သတ္ထုအခြေခံ ရုပ်ပစ္စည်းနဲ့ တွဲနှောင်ထားခဲ့ကြတယ်။

ဒီလို ရွှေနဲ့ပူးချည်ထားခြင်းဟာ စီးဆင်းနေတဲ့ ငွေစက္ကူပမာဏကို လည်ပတ်နေတဲ့ တန်ဖိုး (ရောင်းကုန်) ပမာဏနဲ့ သီးခြားကင်းလွတ်မသွားအောင် ကာကွယ်ပေးတယ်။

ဒါပေမယ့် ပထမကမ္ဘာစစ်အတွင်းမှာ ရွှေစံနှုန်း ပျက်သွားတယ်။ ဒီနောက် Great Depression ခေါ် ကမ္ဘာ့စီးပွားပျက်ကပ်ကာလမှာ ထပ်ဖြစ်တယ်။ ဒီအခါ ရွှေနဲ့ပူးချည်ထားတုန်းက အကန့်အသတ်မျိုး မရှိတော့ဘူး။ တန်ဖိုးက တိုးမလာဘဲ စီးဆင်းနေတဲ့ ငွေစက္ကူပမာဏ တိုးချင်သလို တိုးတာမျိုး လုပ်လို့ရသွားတယ်။ ဒီနောက် ဒုတိယကမ္ဘာစစ် အဆုံးသတ်မှာ ဘရက်တန် ဝု(ဒ်စ်) ငွေကြေးစနစ် ပေါ်လာခဲ့တယ်။ ၁၉၇၁ ခုနှစ်အထိ ဒီစနစ်ကို ကျင့်သုံးခဲ့ကြတယ်။ 

ဘရက်တန်ဝု(ဒ်စ်) ငွေကြေး အစီအစဉ်အောက်မှာ နိုင်ငံတွေရဲ့ ငွေကြေးတွေကို ရွှေနဲ့ပူးချည်ထားတာမျိုး မဟုတ်ဘဲ အမေရိကန် ဒေါ်လာနဲ့ ပူးချည်ထားခဲ့တာ ဖြစ်တယ်။ အမေရိကန် ဒေါ်လာကိုမှ ရွှေနဲ့ တဆင့်ပြန်ချည်ထားခဲ့တာ။ ရွှေတအောင်စကို ၃၅ ဒေါ်လာလို့ သတ်မှတ်ထားခဲ့တယ်။ 

ဒုတိယကမ္ဘာစစ်အပြီး အမေရိကန် အရင်းရှင်စနစ်က အင်အားကြီးထွားလာလို့ အခုလို လုပ်နိုင်ခဲ့တာပါ။ အမေရိကန် အရင်းရှင် နယ်ချဲ့စနစ် ဘယ့်လောက် အင်အားတောင့်တင်းလာသလဲဆိုရင် ကမ္ဘာ့ရွှေချောင်းအားလုံးရဲ့ သုံးပုံနှစ်ပုံက Fort Knox မှာ ရှိနေခဲ့တယ်။ တနည်းပြောရရင် ‘ဒေါ်လာရွှေခေတ်’ ဖြစ်နေတဲ့ နှစ်ကာလများ။

ဒါပေမယ့် နောက်ပိုင်း ဆယ်စုနှစ်တွေမှာတော့ အမေရိကန် အရင်းရှင်နယ်ချဲ့စနစ်လည်း အရင်နဲ့စာရင် အင်အား ဆုတ်ယုတ်လာတယ်။ ဆင်ပိန်ကျွဲလောက် ဆိုပေမယ့် ဒေါ်လာလည်း အရင်လို မဟုတ်တော့။ အမေရိကန်ရဲ့ ပြည်ပငွေပေးငွေယူ ရှင်းတမ်းမှာ လိုငွေပြလာခဲ့တယ်။ ကမ္ဘာ့ပုလိပ်ကြီး လုပ်လာတဲ့ အမေရိကန် နယ်ချဲ့စနစ်ဟာ စစ်လက်နက်ဖိုးတွေ အလုံးအရင်း သုံးခဲ့တယ်၊ ဒီတော့ ဒေါ်လာကို အားပျော့စေမယ့် ဖောင်းပွရေး အင်အားတွေ မွေးဖွားပေးလိုက်တယ်။

ဒီလိုနဲ့ ရွှေတအောင်စ ၃၅ ဒေါ်လာ လုပ်ထားတဲ့ အခြေအနေကို ဆက်မထိန်းနိုင်တဲ့အဆုံး ဘရက်တန်ဝု(ဒ်စ်) သဘောတူညီမှုလည်း ဆုတ်ဖြဲပစ်ခဲ့ရတယ်။ ရွှေလောက်ကောင်းသော ဒေါ်လာနဲ့ ချိတ်တွယ်ထားတဲ့ ကျောက်ဆူးကိုလည်း ဖြုတ်လိုက်ရော၊ ပေါလောငွေစက္ကူများရဲ့ ခေတ် မွေးဖွားလာတော့တယ်။ (ပေါလော ငွေစက္ကူဆိုတာ အထက်တနေရာမှာ တင်ပြခဲ့တဲ့ floating or fiat ငွေကြေးတွေကို ပြောတာပါ)။

ဒီနောက်တော့ အာဏာပိုင် အစိုးရတွေနဲ့ ဗဟိုဘဏ်တွေဟာ ဘာအချုပ်အနှောင်မှ မရှိဘဲ ငွေစက္ကူတွေ ရိုက်ချင်သလို ရိုက်လို့ရသွားတယ်။ ကိန်းဝါဒီတွေကတော့ ဒီအချက်ကို အထူးအခွင့်အာဏာတရပ်လို ပြီးခဲ့တဲ့ ရာစုတလျှောက် အပြည့်အဝ အသုံးပြုသွားကြတယ်။ ဒီလိုလုပ်ရင်း အရင်းရှင်စနစ်အတွင်း ငွေကြေးဖောင်းပွစေနိုင်တဲ့ ဖိအားတွေ ကြောက်စရာကောင်းလောက်အောင် သွတ်သွင်းသွားကြတယ်။

ကိန်း(စ်)ဝါဒရဲ့ အကန့်အသတ်များ

ကိန်း(စ်)ကိုယ်တိုင်ကတော့ ငွေကြေးဖောင်းပွခြင်းကို ကြိုက်လှသူ မဟုတ်ပါဘူး။ ကိန်း(စ်)က တိုးချဲ့ရေး အစီအမံတွေကို မတတ်သာလို့ သုံးလိုက်ရတဲ့ မကောင်းမှုတခုလို့ပဲ ကိန်း(စ်) မြင်ခဲ့တယ်။ ဒီလိုမှ မလုပ်ရင် ပျက်ကပ်ဆိုက်သွားနိုင်လို့ အရင်းရှင်စနစ်ကို ကယ်တင်ဖို့ရာ ရွေးချယ်လိုက်ရတဲ့သဘော။ 

ငွေကြေးဖောင်းပွမှုကို ဘယ်လို တိုက်မလဲ ဆိုတဲ့အချက်မှာ ကိန်း(စ်)နဲ့ ငွေကြေးထိန်းချုပ်ရေးဝါဒီတွေ အဓိက ကွဲသွားတာပါ။ ငွေကြေးထိန်းချုပ်ရေးဝါဒီတွေက ငွေကြေး supply ထိန်းချုပ်ရေးကို အဓိကဇောင်းပေးတယ်။ ကိန်း(စ်)က ဝယ်လိုအားဘက်ကို အဓိကထား ကိုင်ချင်တယ်။ ကိန်း(စ်)နည်းက အလုပ်သမားထုရဲ့ လုပ်ခလစာကို ကန့်သတ်ပြီး ဝယ်လိုအား လျှော့ချရေးပါပဲ။ 

ဥပမာ၊ ကမ္ဘာ့စီးပွားပျက်ကပ်ကာလမှာ 'demand' တက်လာအောင် အစိုးရ အသုံးစရိတ် တိုးမြှင့်ဖို့ ကိန်း(စ်) ရှေ့နေလိုက်ခဲ့တယ်။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်ကာလကျ ဝယ်လိုအားကျပြီး ကုန်ဈေးနှုန်းပါ လိုက်ကျအောင် "လုပ်အားခ အချိန်ဆိုင်းပေးတဲ့" ပေါ်လစီကို ထောက်ခံခဲ့တယ်။

ဒါပေမယ့် ဒီကနေ့ ကိန်း(စ်)ဝါဒ ပေါ်လစီတွေ (ဝယ်လိုအား တက်လာအောင်/ ကျမသွားအောင် အစိုးရက ‌ဘတ်ဂျက်လိုငွေအပြခံပြီး ကြွေးမြီအတင်ခံပြီး အသုံးစရိတ်တွေ တိုးမြှင့်သုံးစွဲလိုက်တယ်။ ဒီလိုနည်းနဲ့ စီးပွားရေး ပြန်ဦးမော့လာဖို့ ရည်ရွယ်တယ်) က ငွေကြေးဖောင်းပွမှုနဲ့ အနက်တူ ဖြစ်နေပြီ။ ကိန်း(စ်)ရဲ့ ခေတ်သစ် တပည့်တပန်းတွေထဲမှာ လက်ဝဲပြုပြင်ရေးဝါဒီတွေတောင် ပါလိုက်သေး။ အဲဒီကိန်း(စ်)ဝါဒီတွေက သူတို့ရှေ့နေလိုက်ပြောနေတဲ့ အစီအမံတွေထဲမှာ ငွေကြေးဖောင်းပွမှု ဖြစ်စေနိုင်တဲ့ အန္တရာယ်တွေ ကိန်းအောင်းနေလည်း အမှုထားပုံမရဘူး။ 

မဝေးသေးတဲ့ ဆယ်စုနှစ်တွေတုန်းက အုပ်စိုးသူ လူတန်းစားကလည်း ခပ်ပေါ့ပေါ့ပဲ။ ငွေကြေးဖောင်းပွမှုဆိုတာ အတိတ်မှာပဲ ကျန်ခဲ့တဲ့အရာလိုလို သဘောထားခဲ့ကြတယ်။ စီးပွားရေး ကောင်းနေချိန်မှာတော့ ပေါပေါလောလော ခရက်ဒစ်တွေ၊ ထွင်ထားတဲ့ အရင်းနဲ့ ပေါလော ငွေစက္ကူတွေကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်‌တွေကို အလေးမထားခဲ့ကြဘူး။ ဒီနောက် အရင်းရှင်စနစ် အကြပ်ဆိုက်လာချိန်ကျ မျက်တောင်မွေးတဆုံးပဲ ကြည့်လုပ်ကြပြန်တယ်။ ရေရှည်မှာ ဒီထက်ပိုဆိုးမယ့် အကြပ်အတည်းတခုကို ကြိုပြင်ပေးနေမှန်း မစဉ်းစားနိုင်တော့ဘူး။ 

ကိုဗစ်ကပ်အတွင်း အုပ်စိုးသူ လူတန်းစားရဲ့ ကိန်း(စ်)နည်းလမ်းတွေဟာ ငွေကြေးဖောင်းပွမှုကို မီးလောင်ရာ လေပင့် လုပ်ပေးခဲ့ကြတယ်။ ကမ္ဘာ့စီးပွားရေးအတွင်း ထွင်ထားတဲ့ အရင်းတွေ ဒ‌လဟော လောင်းထည့်ခဲ့ကြတယ်။

ကိုရိုနာ ဗိုင်းရပ်(စ်) ပြန့်ပွားသွားချိန် လူ့အဖွဲ့အစည်းက လော့ခ်ဒေါင်းကျပြီး ကုန်ထုတ်လုပ်ငန်းတွေ ရပ်ဆိုင်းကုန်တယ်။ ကမ္ဘာ့စီးပွားရေး ကျဆင်းသွားခဲ့တယ်။ ဒီအခါ မကြုံစဖူး များပြားလှတဲ့ အစိုးရဘဏ္ဍာတွေ ထုတ်သုံးပြီး အုပ်စိုးသူ လူတန်းစားက ကြားဝင်ဆောင်ရွက်ခဲ့တယ်။ အရင်းရှင်စနစ် ပေါက်ကွဲထွက်သွားမှာကို သေလုအောင် ကြောက်ကြတာကိုး။ 

၂၀၂၂ ခု၊ ဇူလိုင်လအထိ အချက်အလက်တွေအရ အစိုးရတွေ စိုက်သုံးခဲ့တဲ့ ဘဏ္ဍာငွေ အထောက်အပံ့ဟာ အမေရိကန်ဒေါ်လာ ၁၆ ထရီလီယံ ရှိခဲ့တယ်။ အဲဒီလောက်နဲ့လည်း ရပ်မသွားခဲ့ပါဘူး။ ဗဟိုဘဏ်တွေကနေ ငွေသားတွေ ထပ်ရိုက်ပြီး နောက်ထပ် ဒေါ်လာ ၁၀ ထရီလီယံ ပံ့ပိုးပေးခဲ့ကြတယ်။ 

အရင်းရှင်စနစ် ပြိုကျသွားနိုင်တဲ့ အန္တရာယ် ကျရောက်လာတိုင်း အစိုးရတွေက ဒီလို ကြားဝင်ဆောင်ရွက်နေကျ ဖြစ်ပါတယ်။ ပြည်သူ့ အကြွေးမြီ မြင့်တက်လာမှာ၊ ငွေကြေးဖောင်းပွမှု ဖြစ်လာမှာတွေ သူတို့ ထည့်မစဉ်းစားနိုင်ဘူး။ 

အမေရိကမှာတင် ကိုဗစ်ကပ်နဲ့ ဆက်စပ်ပြီး စီးပွားရေး လှုံ့ဆော်ဖို့ အစိုးရ ကြားဝင်ထောက်ပံ့ငွေ စုစုပေါင်းဟာ ဂျီဒီပီရဲ့ ၂၅% ရှိခဲ့တယ်။ ကမ္ဘာ့အချမ်းသာဆုံး တိုင်းပြည်တခု တနှစ်အတွင်း ထုတ်နိုင်သမျှ တန်ဖိုးအားလုံးရဲ့ လေးပုံတပုံ သုံးစွဲခဲ့တဲ့သဘော။ ငွေရိုက်စက်တွေ လည်ပတ်နေချိန်မှာပဲ ‌ထိပ်သီး အရင်းရှင် တိုင်းပြည်တွေရဲ့ ဗဟိုဘဏ်တွေမှာ အစိုးရ ကြွေးမြီတွေကို တနင့်တပိုး ထမ်းထားရပြီ။ 

ယူကေနဲ့ ဥရောပမှာ ကိုဗစ်ကာလ အစိုးရ ထောက်ပံ့ငွေအချို့ဟာ အလုပ်နားထားရတဲ့ အလုပ်သမားတွေ လုပ်ခလစာ ပံ့ပိုးဖို့ သုံးခဲ့တာ ရှိပါရဲ့။ ဒါပေမယ့် ဒီငွေတွေဟာ စီးပွားရေး ပြန်လှုပ်ရှားအောင် မလုပ်နိုင်ခဲ့ပါဘူး။ အုံလိုက်ကျင်းလိုက် အလုပ်လက်မဲ့ ဖြစ်သွားရင် ဒလဟော ကျဆင်းသွားမယ့် ဝယ်လိုအားကို ကျားကန်ပေးရုံပဲ တတ်နိုင်တယ်။ 

အမေရိကမှာတော့ အစိုးရက ဒေါ်လာ ၂၅၀ ဘီလျံတန် ကိုရိုနာချက်(ခ်)တွေကို သန်းနဲ့ချီသော အိမ်ထောင်စုတွေဆီ ပို့ပေးခဲ့တယ်။ ဝယ်ယူစားသုံးနိုင်စွမ်း တက်လာအောင် အစိုးရက ကြားဝင်ကြိုးပမ်းချက် တခုပါပဲ။

ဒါပေမယ့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းတွေ အပါအဝင် စီးပွားရေး လုပ်ငန်းအတော်များများ တုံ့ဆိုင်းနေချိန်မှာ ဒီငွေတွေ အများစုကို မသုံးဖြစ်ကြပါဘူး။ အမေရိကန် စစ်တမ်းတခုအရဆိုရင် ၄၂% ကို သုံးစွဲခဲ့တယ်၊ ၂၇%ကို စုမိတယ်၊ ကျန် ၃၁% ကို အကြွေးပြန်ဆပ်ဖို့ သုံးလိုက်ရတယ်။ 

အကျိုးဆက်က ကိုဗစ်ကန့်သတ်ချက်တွေ ဖယ်ရှားလိုက်ချိန်မှာ ချုပ်တည်းထားရတဲ့ ဝယ်လိုအားတွေ ဈေးကွက်ထဲ ပွင့်ထွက်လာတယ်။ 

စီးပွားရေး လှုံ့ဆော်ဖို့ အစိုးရများ သုံးထားတဲ့ ငွေတွေ၊ ဗဟိုဘဏ်တွေက quantitative easing ဆိုပြီး ရိုက်ထုတ်ထားတဲ့ ငွေတွေနဲ့ ကိုဗစ်ကာလ မသုံးခဲ့ရဘဲ စုမိနေတဲ့ အိမ်ထောင်စုအလိုက် ငွေတွေ ပေါင်းလိုက်ရင် အလွန်များတဲ့ ငွေကြေး supply ဖြစ်ပါတယ်။ တဆက်တည်းမှာ ကိုဗစ်အလွန် စားသုံးသူ ဝယ်လိုအားလည်း တက်လာခဲ့တယ်။ ဒါပေမယ့် ကုန်ထုတ်လုပ်မှုတွေက ကပ်ဘေးဆိုင်ရာ ရပ်နားမှုတွေ၊ ပြတ်တောက်မှုတွေကြောင့် အလျင်မီအောင် မလိုက်နိုင်ဘူး။ ဒါကိုက အရင်းရှင် ကုန်ထုတ်လုပ်ရေးနဲ့ ဈေးကွက်ရဲ့ အနာခီဖြစ်မှုကို ထင်ဟပ်နေတဲ့ အချက်ပါပဲ။ 

တနည်းဆိုရရင် ကမ္ဘာ့စီးပွားရေးမှာ စီးဆင်းနေတဲ့ တန်ဖိုးတွေ (ရောင်းကုန်တွေ) ကျဆင်းသွားခဲ့တယ်၊ ဒါပေမယ့် လှည့်လည် စီးဆင်းနေတဲ့ ငွေပမာဏကျ အများကြီး တိုးလာတယ်။ ဒီအခါ အထွေထွေ ကုန်ဈေးတွေ တက်လာတာပါပဲ။ 

ကျပ်နဲ့ယှဉ်ရင် ဒေါ်လာဈေးတွေ ထောင်တက်နေတာကြည့်ပြီး အမေရိကမှာ ငွေကြေးဖောင်းပွမှု မရှိဘူး ထင်တတ်ကြတယ်။ အမေရိကနဲ့ ဥရောပက ထိပ်သီးအရင်းရှင် နိုင်ငံကြီးတွေမှာလည်း ငွေကြေးဖောင်းပွမှုက နှစ် ၄၀ အတွင်း အမြင့်ဆုံး ‌အခြေအနေ ရောက်ခဲ့တယ်။ ဗြိတိန်ဆိုရင် ၁၀% ကျော်တယ်။ အမေရိကမှာလည်း ၈.၅% ရှိခဲ့တယ်။ အစပိုင်းမှာ ငွေကြေးဖောင်းပွမှုကို ယာယီပဲလို့ အရင်းရှင် ဘောဂဗေဒသမားတွေ ယူဆခဲ့ကြတယ်။ တကယ်တမ်းကျ အခုထိ ကျသွားမယ့် အရိပ်အယောင် မတွေ့ရဘူး။ 

ငွေကြေးဖောင်းပွမှုက ဗမာပြည်မှာ သူတို့ထက် အဆမတန် ပိုဆိုးတာ အမှန်ပဲ။ ဒါပေမယ့် ငွေကြေးဖောင်းပွမှု အပါအဝင် အရင်းရှင်စနစ် အကြပ်အတည်းဟာ ကမ္ဘာ့ အရင်းရှင်စနစ်တခုလုံးရဲ့ organic crisis ဖြစ်တယ်။ ဒီအချက်ကို မျက်ခြည်ပြတ်လို့ မရဘူး။ 

တချို့က ငါတို့အာဏာရလာရင် အရင်းရှင်စနစ်ကို manage လုပ်နိုင်မယ်လို့ စိတ်ကူးယဉ်နေကြဆဲ ဖြစ်လို့ အခုလို သတိပေးနေရတာပါ။ အရင်းရှင်စနစ်ကို ကယ်တင်ဖို့၊ manage လုပ်ဖို့ ကြိုးပမ်းတဲ့ ကိန်း(စ်)ဝါဒ နည်းလမ်းတွေကြောင့် လက်ရှိ အရင်းရှင် ကမ္ဘာမှာ ဘယ်လိုဖြစ်နေသလဲ တချက်ကြည့်ပါ။ ရေတိုမှာ အရင်းရှင်စနစ်ကို ကယ်တင်ဖို့ လုပ်လိုက်တာတွေက ရေရှည်မှာ ကမ္ဘာ့အရင်းရှင်စနစ်ရဲ့ အတွင်းပဋိပက္ခတွေကို ပိုပြင်းထန်စေခဲ့တယ်။ ဈေးတွေ ထောင်တက်၊ ကြွေးတွေ တောင်လိုပုံပြီး ကမ္ဘာ့ဈေးကွက်အတွင်း မငြိမ်မသက် အလှုပ်အခပ်တွေ ပိုများသွားစေတယ်။ 

စစ်အာဏာရှင်စနစ် လည်မြိုတက်နင်းတာ ခံနေတဲ့ ဗမာပြည်မှာ ထူးခြားချက်တွေ ရှိတာ မှန်ပေမယ့် အထက်မှာ ဆွေးနွေးခဲ့တဲ့ ရှင်းပြချက်တွေနဲ့ ကင်းလွတ်မနေဘူးဆိုတာ မြင်နိုင်ပါတယ်။ 

၂၀၂၁ အာဏာမသိမ်းခင် ကိုဗစ်ကာလမှာ စီးပွားရေး လုပ်ငန်းတွေ တုံ့ဆိုင်းသွားခဲ့တယ်။ အလုပ်လက်မဲ့တွေ ပိုများလာတယ်။ ၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အခြေအနေက အားလုံး သိတဲ့အတိုင်းပဲ။ စီးပွားရေးတခုလုံး ရပ်ဆိုင်းသွားခဲ့တယ်။ ၂၁ခုနှစ်မှာ ဗမာ့စီးပွားရေး ၁၈% အနှုတ်ပြခဲ့တယ်။ အနှုတ်မပြတဲ့ နိုင်ငံတွေတောင် လည်ပတ်စီးဆင်းနေတဲ့ တန်ဖိုး ကျဆင်းသွားရင် အနှုတ် ၁၈% ပြခဲ့တဲ့ တိုင်းပြည်တခုမှာ တန်ဖိုးတွေ (ရောင်းကုန်ထုတ်လုပ်မှု‌တွေ) ဘယ့်လောက် ထိုးကျသွားမလဲ။ 

၂၁ နောက်ပိုင်း၂၀၂၂၊ ၂၀၂၃ နှစ်တွေမှာ အာဏာသိမ်းစစ်တပ်က ‌စိုက်ပျိုးရေး ဒေသကြီးတခုလုံးကို ချေမွဖျက်စီးပစ်ခဲ့တယ်။ တန်ဖိုး အသစ်တွေ ထုတ်လုပ်ပေးမယ့် workforce ကို ဖျက်စီးပစ်ခဲ့ကြောင်း အထက်မှာ ဆိုခဲ့ပြီ။ 

ခရီးသွားဝန်ဆောင်မှု လုပ်ငန်းတွေ မလည်ပတ်နိုင်တော့တာ၊ ပြည်ပကုမ္ပဏီကြီးတွေ စက်ရုံကြီးတွေ ပြန်ထွက်သွားတာ၊ ကုန်ထုတ်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုတွေ တက်မလာတော့တာ၊ အလုပ်လက်မဲ့ သန်းချီတိုးလာတာ၊ workforce ထဲ အသစ်တိုးလာတဲ့ လူငယ်တွေအတွက် အလုပ်အကိုင် မရှိတာ၊ အစရှိတဲ့ အကြောင်းအချက်တွေ။ 

ဒါ့အပြင် အာဏာသိမ်းပြီးကာစမှာ အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူမှုကြောင့် ဒေါ်လာတွေ သန်းထောင်ချီ အပိတ်ခံရတယ်။ ဒီနောက်မှာလည်း "ယမန်နှစ် ဖေဖော်ဝါရီလအတွင်း ဥရောပသမဂ္ဂ၏ MOGE အပေါ် ပိတ်ဆို့အရေးယူမှုကြောင့် စစ်ကောင်စီထံ မရောက်ရှိဘဲ ပြည်ပတွင် ပိတ်မိနေသော ငွေပမာဏ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ရှိသည်"လို့ Myanmar Now သတင်းဌာနက ဖော်ပြပါတယ်။ 

ဒါ့အပြင် "ပြင်သစ်ရေနံကုမ္ပဏီကြီး Total နှင့်အတူ မြန်မာနိုင်ငံ၏ အကြီးဆုံးကမ်းလွန်ရေနံစီမံကိန်း ရတနာမှ နုတ်ထွက်မည်ဖြစ်ကြောင်း အမေရိကန်ရေနံကုမ္ပဏီ Chevron က ကြေညာခဲ့သည်"။ 

[https://myanmar-now.org/mm/news/10530/]

ဒါတွေက နမူနာပဲ ရှိပါသေးတယ်။ ဒီလို ထုတ်လုပ်မှု တန်ဖိုးတွေ အဖက်ဖက်က ကျဆင်းနေချိန်မှာ အာဏာသိမ်း စစ်အစိုးရအနေနဲ့ ငွေစက္ကူတွေ အလုံးအရင်း ရိုက်ထုတ်တာ၊ ဘွန်း(ဒ်)နဲ့ security တို့လို ချေးငွေစာချုပ်တွေ ထုတ်ရောင်းပြီး ‘fictitious အရင်း’ကို ပုံစံအမျိုးမျိုး သွန်‌လောင်းထည့်တာပဲ လုပ်နိုင်တယ်။ တခြားဖြေရှင်းနည်း သူတို့မှာ မရှိပါဘူး။ 

ဒီအခါ လှည့်လည် စီးဆင်းနေတဲ့ ငွေကြေး supply အဆမတန် များပြားလာမယ်။ အကျိုးဆက်က မျက်မြင်ပါပဲ။ 

ဒါ့အပြင် လစ်ဘရယ်တွေ အားကိုးတဲ့ western sanction တွေက အာဏာသိမ်း စစ်အစိုးရထက် လူထုကို ပိုထိနေသလား ဆိုတာ ‌အခုမြင်နေရပါပြီ။

စစ်လက်နက် အသုံးစရိတ်

အရှေ့မှာ ဖော်ပြခဲ့သလိုပဲ ‘ထွင်ထားတဲ့ အရင်း’ဟာ ပုံစံအမျိုးမျိုး ရှိနိုင်တယ်။ ဒီထဲက အဓိကနမူနာတခု ပြပါဆိုရင် အစိုးရမင်းများ စစ်လက်နက်ဖိုး သုံးလိုက်တဲ့ ငွေတွေကို လက်ညှိုးထိုးပြရလိမ့်မယ်။ 

စစ်လက်နက် စက်ရုံတွေကနေ ကုန်ထုတ်လုပ်ငန်းအတွက် စက်ယန္တယားတွေ၊ အခြေခံ အဆောက်အဦတွေ ထွက်မလာသလို လူသုံးကုန်ပစ္စည်းတွေလည်း တခုမှ မထုတ်လုပ်ပါဘူး။ 

ဒီတော့ စစ်လက်နက် ထုတ်လုပ်ရေးကဏ္ဍကနေ စီးဆင်းနေတဲ့ တန်ဖိုးပမာဏ တိုးလာအောင် ဘာတခုမှ လုပ်မပေးဘူးဆိုတာ ရှင်းတယ်။ ဒါပေမယ့် လက်နက်စက်ရုံပိုင်ရှင်တွေ၊ လက်နက်ထုတ်လုပ်ရေး အလုပ်သမားတွေဟာ လူ့အဖွဲ့အစည်းရဲ့ အသားတင် ထုတ်ကုန်တွေထဲကနေ သူတို့ဝေစုကို ဆွဲယူစားသုံးကြတယ်။ အလုပ်သမားက လုပ်အားခပုံစံနဲ့ ဝေစုခွဲတယ်၊ အရင်းရှင်က အမြတ်ပုံစံနဲ့ ဝေစုခွဲတယ်။

ဒါ့ကြောင့် အရင်းရှင်စနစ် တခုလုံးအနေနဲ့ ကြည့်ရင် အစိုးရရဲ့ စစ်လက်နက် အသုံးစရိတ်ဟာ တန်ဖိုး ထုတ်လုပ်မှုမရှိဘဲ စားသုံးခြင်းသက်သက် ‘unproductive consumption’ ဖြစ်နေတယ်။ လူ့အဖွဲ့အစည်းရဲ့ အသားတင်ထုတ်ကုန်ထဲကနေ အလွန်များပြားတဲ့ ဆုံးရှံးမှုကြီး ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအနေနဲ့ အလွန်ကြီးလေးတဲ့ ဝန်ထုပ်ဝန်ပိုးကြီး ထမ်းထားရသလို ဖြစ်နေတယ်။ 

ကိန်း(စ်) အဆိုပြုချက်တခု ရှိတယ်။ စီးပွားပျက်ကပ်ကာလမှာ အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ကုန်ရင် ဝင်ငွေမရှိဘူး၊ ဒီအခါ ဈေးကွက်ထဲမှာ ဝယ်လိုအား ထိုးကျမယ်။ အဲဒီလိုမဖြစ်အောင် အလုပ်သမားတွေကို အလုပ်ပေးထားရမယ်။ တခြားအလုပ်တွေ မပေးနိုင်ရင် မြေကြီးထဲ ကျင်းတူးခိုင်းတာမျိုး။ ဒီအလုပ်ကနေ ဘာတန်ဖိုးတွေများ ဖန်တီးပေးနိုင်မလဲဆိုတာ ကိန်း(စ်)အတွက် အရေးမကြီးဘူး။ စစ်အသုံးစရိတ်လို unproductive consumption ဖြစ်နေလဲ အကြောင်းမဟုတ်ဘူး။ လိုရင်းက အလုပ်ပေးထားပြီး ဝယ်လိုအားကို ဆွဲတင်ဖို့ပဲ။ 

တကယ်တော့ ဒါဟာ ထွင်ထားတဲ့ အရင်းက ခေါင်းပေါင်းလဲပြီး ထွက်လာတာသက်သက်ပဲ။ ဒုတိယ ကမ္ဘာစစ်အလွန် စီးပွားအတက်ကာလမှာ မာ့(က်စ်)ဝါဒီဆိုသူတချို့ ကိန်း(စ်)ဝါဒနောက် ပါသွားခဲ့ဖူးတယ်။ အစိုးရရဲ့ စစ်လက်နက် အသုံးစရိတ်တွေဟာ အရင်းရှင်စနစ်ရဲ့ overproduction ပဋိပက္ခကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ခဲ့ကြဖူးတယ်။ ဒါ့ကြောင့် တက်(ဒ်)ဂရန့်(ထ်)က ‘Will there be a slump?’ စာတမ်းကနေ တုံ့ပြန် ရှင်းပြခဲ့တယ်။

တကယ်တော့ အထက်မှာ ဆွေးနွေးခဲ့သလိုပဲ စစ်လက်နက် အသုံးစရိတ်တွေဟာ အရင်းရှင်စနစ်ရဲ့ ပဋိပက္ခတွေကို ပိုသည်းထန်စေခဲ့တယ်။ နောက်ဆုံး ဘရတ်တန်ဝု(ဒ်) စာချုပ်ကို ဆုတ်ဖြဲပစ်ခဲ့ရတယ်။ ဒီနောက် ငွေကြေးဖောင်းပွစေနိုင်တဲ့ ဖိအားတွေ စုပြုံကိန်းအောင်းလာပြီး ကမ္ဘာ့မျက်နှာထက် ပေါက်ကွဲထွက်လာတဲ့ အထိပဲ။

အခုလည်း ကြည့်လေ၊ အမေရိကန် နယ်ချဲ့စနစ်နဲ့ သူ့မဟာမိတ်တွေက စစ်အသုံးစရိတ်ကို ထပ်တိုးမယ်လို့ ကတိပေးထားတယ်။ ကမ္ဘာတလွှား ကုန်ဈေးတွေ တက်လာဦးမှာပဲ။

ဥပမာ၊ ယူကရိန်းစစ်ပွဲစကတည်းက ဒေါ်လာ ၁၃ ဘီလျံဖိုးရှိတဲ့ စစ်ဘက်ဆိုင်ရာ အကူအညီတွေ ယူအက်(စ်)က ယူကရိန်းကို ပေးထားပြီးသား။ ထပ်ဆောင်းအနေနဲ့ ဒေါ်လာ ၄၀ ဘီလျံဖိုး စစ်ရေးအကူအညီပေးနိုင်အောင် ဝါရှင်တန်ဘက်က ဥပဒေကြမ်း ထုတ်လိုက်ပြီ။ (မူရင်းရေးသူက ၂၀၂၂ ဇူလိုင်မတိုင်ခင် အချက်အလက်ကို ပြောနေတာပါ)။

၂၀၂၂ မတ်လထဲမှာပဲ နေတိုး စစ်မဟာမိတ်အုပ်စုဝင် တခြား ၆ နိုင်ငံကလည်း စစ်အသုံးစရိတ်ကို ဒေါ်လာ ၁၃၃ ဘီလျံအထိ တိုးသုံးမယ်လို့ ကတိပြုထားတယ်။ ဂျာမနီတနိုင်ငံတည်းကတင် ဒေါ်လာ ၁၀၀ ဘီလျံကျော် သုံးလိမ့်မယ်။

နေတိုး စစ်အုပ်စုဝင် နိုင်ငံတွေရဲ့ စုစုပေါင်း စစ်အသုံးစရိတ်ဟာ တနှစ်တနှစ်ကို ဒေါ်လာ ၁ ထရီလျံဝန်းကျင် ရှိနေတယ်။ ပန်တဂွန်က ၇၀% သုံးစွဲနေတယ်။ လွန်ခဲ့တဲ့ ဆယ့်နှစ်လနဲ့ နှိုင်းယှဉ်ရင် စစ်အသုံးစရိတ် ၂% တိုးလာခြင်း ဖြစ်တယ်။ ကမ္ဘာ့တလွှား စစ်အသုံးစရိတ်က ဒေါ်လာ ၂.၁ ထရီလျံကျော် ရှိပါတယ်။ ကမ္ဘာ့ ဂျီဒီပီရဲ့ ၂.၂%နဲ့ ညီမျှတယ်။ လူ့အဖွဲ့အစည်းအဖို့ အလွန်ကြီးလေးတဲ့ ဝန်ထုပ်ကြီးပဲ။ ကုန်ထုတ်စွမ်းရည်တွေ၊ အရင်းအမြစ်တွေကို လူသားအခြေခံ လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့ မသုံးစွဲရဘဲ သတ်ဖြတ်တဲ့ စစ်ပွဲတွေမှာ သုံးစွဲနေကြတယ်။ 

ဗမာပြည်က အာဏာသိမ်း စစ်အစိုးရရဲ့ စစ်အသုံးစရိတ်ကို တချက်ကြည့်ရအောင်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှာ စစ်အသုံးစရိတ် ကျပ်ဘီလျံ ၁၇၀၀ ကျော်၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ ကျပ်ဘီလျံ ၃၇၀၀ ကျော်ရှိခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ကျပ်ဘီလျံ ၅၆၀၀ ကျော် လျာထားတာဖြစ်လို့ စစ်အာဏာသိမ်းပြီး နောက်နှစ်တွေမှာ တနှစ်ကို စစ်လက်နက်ဖိုး ကျပ်ဘီလျံ ၂၀၀၀ ကျော် တိုးတိုးလာတာ တွေ့ရမယ်။ 

ဒါတင်မကသေး။ ပြည်ထဲရေးဌာနရဲ့ အသုံးစရိတ်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှာ ဒေါ်လာ ၁၅၂ သန်းခန့်ရှိခဲ့ရာက ၂၀၂၂-၂၃ ဘဏ္ဍာနှစ်မှာ ဒေါ်လာသန်း ၃၀၀ အထိ နှစ်ဆနီးပါး တိုးလာခဲ့တယ်။ 

https://myanmar-now.org/mm/news/13416/

ဒီအသုံးစရိတ်တွေဟာ ဘာတန်ဖိုးမှ ထုတ်လုပ်ပေးနိုင်ခြင်း မရှိတဲ့ ‘unproductive consumption ဖြစ်တဲ့အပြင် လူထုကို သတ်ဖြတ်ရာမှာ သုံးစွဲလိုက်တာမို့ တန်ဖိုးအသစ် ဖန်တီးပေးမယ့် လုပ်အားစွမ်းပကားတွေကို အလုံးအရင်းနဲ့ ဖျက်စီးပစ်ရာ ရောက်တယ်။ လူထုကို သတ်ဖြတ်ရာမှာ ဒေါ်လာဘီလျံနဲ့ချီအောင် နှစ်တိုင်း တိုးသုံးနေပေမယ့် လူထုရဲ့ လုပ်အားစွမ်းပကားကို ရှင်သန်ပွားစီးစေမယ့် ကျန်းမာရေး၊ ပညာရေး အသုံးစရိတ်တွေကတော့ စစ်အသုံးစရိတ် တဝက် မရှိခဲ့ဘူး။ 

ဒါ့ကြောင့်ပဲ တန်ဖိုး ထုတ်လုပ်မှု ကျဆင်းပြီး ငွေကြေးဖောင်းပွမှုက ထောင်တက်သွားခဲ့တယ်။ 

ငွေရေးကြေးရေး ဖြစ်စဉ် ‘Monetary phenomenon’

ငွေကြေးထိန်းချုပ်ရေးဝါဒီတွေနဲ့ လစ်ဘာတေးရီးယန်းတွေလည်း ချဲ့ထွင်ရေးပေါ်လစီတွေရဲ့ အန္တရာယ်ကို ထောက်ပြလေ့ရှိတယ်။ တာဝန်မဲ့ မဆင်မခြင်လုပ်လေ့ရှိတဲ့ အစိုးရတွေ၊ ဗဟိုဘဏ်တွေက ကိန်း(စ်)ဝါဒ နည်းလမ်းတွေသုံးပြီး ငွေကြေးဖောင်းပွမှုဖြစ်လာအောင် ထိုးဆွနေကြတယ်လို့ အပြစ်တင်တတ်တယ်။

ဒီလက်ယာဂိုဏ်းသားတွေ မကြာခဏ ထောက်ပြလေ့ရှိတဲ့ သမိုင်းဝင် နမူနာတွေ ရှိပါတယ်။ ၁၉၁၉-၁၉၃၃ (Weimar) ဝိုင်းမားခေတ် ဂျာမနီ၊ ဒါမှမဟုတ် ဒီဖက်ခေတ် ဇင်ဘာဘွေနဲ့ ဗင်နီဇွဲလားတို့မှာ ငွေကြေးဖောင်းပွမှု တဟုန်ထိုး မြင့်တက်ခဲ့ဖူးတဲ့ သာဓကတွေကို ထောက်ပြလေ့ရှိတယ်။ ငွေကြေးတွေ ရိုက်နှိပ်ပြီး အကြပ်အတည်း တခုကို ကျော်လွှားလို့မရနိုင်ကြောင်း အလေးပေး ပြောတတ်ပါတယ်။

ငွေကြေးထိန်းချုပ်ရေးဝါဒီတွေရဲ့ ဒီအဆိုပြုချက်ကတော့ မှန်ပါတယ်။ အထက်မှာ ဆွေးနွေးခဲ့သလိုပဲ (ထုတ်လိုက်သော ရောင်းကုန်များ) တန်ဖိုးတွေ တိုးမလာဘဲ ငွေသားတွေချည်း များလာမယ်ဆိုရင် ကုန်ဈေးတွေ ထောင်တက်ဖို့ လှေကားထောင်ပေးလိုက်သလို ဖြစ်မယ်။

ဒါပေမယ့် အသပြာနဲ့ ငွေကြေးဖောင်းပွမှုအပေါ် သူတို့သုံးသပ်ချက်က ဘူဇွာ ဘောဂဗေဒ အားလုံးလိုပဲ ယန္တယားဆန်ပြီး တဖက်သတ်ကျလွန်းတယ်။

ဒါ့အပြင် စီးဆင်းနေတဲ့ ငွေကြေးပမာဏ လျှော့ချ၊ အစိုးရအသုံးစရိတ် ဖြတ်တောက်ပြီး အတင်းအကြပ် ခြိုးခြံရေး ပေါ်လစီတွေ ကျင့်သုံးခိုင်းတာ၊ လုပ်အားခနှုန်းထား လျှော့ချခိုင်းတာ သူတို့ဖော်တဲ့ ဆေးပါပဲ။ အရင်းခံ ပြဿနာက အိုမင်းရင့်ရော်နေတဲ့ အရင်းရှင်စနစ်ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဖြေရှင်းနည်းက အလုပ်သမား လူတန်းစားကို ပါးစပ်အတင်းဖြဲပြီး ဆေးခါးကြီး တိုက်သလို ဖြစ်နေတယ်။

“ငွေကြေးဖောင်းပွမှုဆိုတာ ဘယ်မှာမဆို အမြဲတမ်း ငွေရေးကြေးရေး ဖြစ်စဉ်တခုပဲ”လို့ ရှီကာဂို ဘောဂဗေဒဂိုဏ်း ဦးဆောင်တဦးဖြစ်တဲ့ မေ(လ်)တန် ဖရီး(ဒ်)မန်က ဆိုခဲ့တယ်။ ရှီကာဂို ဘောဂဗေဒဂိုဏ်းက ချီလီအာဏာရှင် ဗိုလ်ချုပ်ကြီး ပီနိုရှေး၊ မာဂရစ်(ထ်) သက်ချာ၊ ရီပတ်ဘလစ်ကန် သမ္မတ ရော်နယ်(လ်ဒ်)ရေးဂင် တို့လို ဖောက်ပြန်ရေးသမား နိုင်ငံရေးသမားတွေအပေါ် ဩဇာညောင်းခဲ့လို့ နာမည်ကြီးပါတယ်။ 

တနည်းဆိုရရင် ဖရီး(ဒ်)မန်နဲ့ ငွေကြေးထိန်းချုပ်ရေးဝါဒီတွေ အလိုအရ ဘယ်ခါမဆို ငွေကြေးဖောင်းပွမှုဖြစ်တိုင်း ငွေကြေး supply တိုးလာတာသက်သက်ကြောင့်ပဲ။

ဒါပေမယ့် ဒီရှင်းပြချက်ဟာ ဘာကိုမှ ရှင်းမပြနိုင်ဘူး။ မာ့(က်စ်)ပြောခဲ့တဲ့ ‘ငွေကြေးကို မှော်ဝင်နေတယ်အမှတ်နဲ့ အရူးအမူးကိုးကွယ်ခြင်း’ မျိုးပဲ။ ငွေကြေးနဲ့ ငွေကြေး supply ကို သူတို့မှာ တကယ်မရှိတဲ့ ဆန်းဆန်းပြားပြား တန်ခိုးစွမ်းအင်တွေ ပြည့်လျှမ်းသွားစေပြီး စိတ်ကူးယဉ်ဆန်ဆန် ရှုကြည့်လိုက်ခြင်း ဖြစ်တယ်။

အကျိုးဆက်ကတော့ အကြောင်းနဲ့ အကျိုး ပြောင်းပြန်လွဲကောက်ပြီး အကြီးအကျယ် ရှုပ်ထွေးကုန်တာပဲ။ တက်(ဒ်)ဂရန့်(ထ်) ရှင်းပြခဲ့သလိုပဲ

“[ငွေကြေးထိန်းချုပ်ရေးဝါဒီတွေ]ဟာ ပုံသေနှုန်းနဲ့ လှည့်လည်စီးဆင်းနေတဲ့ အရင်းရှင်စီးပွားရေးတခုမှာ ကုန်ပစ္စည်းပမာဏတခု စီးဆင်းသွားဖို့ ငွေကြေးပမာဏတခု လိုအပ်တယ်၊ တကယ်လို့များ ဒီအခြေအနေမှာ ငွေသားပမာဏကိုပဲ နှစ်ဆတိုးလိုက်မယ်ဆိုရင် ကုန်ဈေးတွေလည်း နှစ်ဆတက်သွားမယ်ဆိုတဲ့ အခြေခံကျသော အဆိုကို ကောက်ကိုင်လိုက်တယ်။ 

ဒီနောက် အဲဒီအဆိုကို အခြေခံပြီး အခုလို ကောက်ချက်ဆွဲလိုက်ကြတယ်။ ငွေကြေးဖောင်းပွနေတဲ့ အခြေအနေမှာ ငွေကြေး supply (ငွေသားတွေ၊ ခရက်ဒစ်တွေ)ကိုသာ လျှော့ချလိုက်မယ်ဆိုရင် ကုန်ဈေးတွေလည်း အချိုးကျ လိုက်ကျလိမ့်မယ်၊ မကျခဲ့ရင်တောင် တရိပ်ရိပ်တက်နေတဲ့ ကုန်ဈေးနှုန်းကို ဟန့်တားပေးလိမ့်မယ်။ လက္ခဏာကို ဖယ်ရှားလိုက်ရင် ရောဂါကို ကုသနိုင်တာပဲလို့ စိတ်ကူးယဉ်နေကြသူတွေ။”

အရင်းစစ်လိုက်ရင် ဒီအမြင်ဟာ ရေမရောတဲ့ reductionism ပါပဲ။ မာ့(က်စ်)ဝါဒက ဖြစ်စဉ်တွေကို ဘက်ပေါင်းစုံကနေ ဒိုင်ယာလက်တစ်ကျကျ ခွဲခြမ်းသုံးသပ်ပါတယ်။ ဒါပေမယ့် (ငွေကြေးထိန်းချုပ်ရေးဝါဒီ၊ ကိန်းစ်ဝါဒီ အကုန်ပါတဲ့) ဘူဇွာ ဘောဂဗေဒသမားတွေကတော့ အပြန်အလှန် ယှက်နွှယ်နေတဲ့ ဖြစ်စဉ်တစုံလုံးကို အစိတ်အပိုင်းတခုချင်းစီ သီးခြားခွဲထုတ်ပစ်တယ်၊ နှိုင်းရသဘော အမှန်တရားတခုကို မဟာအမှားဖြစ်အောင် လုပ်ပစ်ကြတယ်။

“ငွေသားတွေ များလွန်းခြင်း”က ပြဿနာရဲ့ မျက်နှာစာတခုဆိုတာ အမှန်ပဲ။ ဒါပေမယ့် အရင်ဆုံး ဒီလို မေးကြည့်ရမယ်။ ငွေကြေးဖောင်းပွမှုဖြစ်တာ ငွေကြေး supply အလွန်များလို့ဆိုရင် ငွေကြေး supply အနည်းအများကို ဘယ်အရာက ဆုံးဖြတ်ပေးသလဲ။

ဒုတိယအချက်အနေနဲ့ ‘ကုန်ပစ္စည်းနည်းနည်းလေးကို ငွေတွေအများကြီးနဲ့ ဝယ်နေရတာကြောင့်’ ငွေကြေးဖောင်းပွမှု ဖြစ်ရတာလို့ ပြောခြင်းဟာ အဖြေ မဟုတ်ဘူး။ ငွေကြေး အလွန်များနေခြင်း ဆိုတာ ဘာလဲ။ ကုန်ပစ္စည်းတွေက ဘာ့လို့ နည်းနည်းလေးပဲ ရှိနေတာလဲ။

စီးပွားရေးတခုအတွင်း လှည့်လည်နေတဲ့ ငွေသားပမာဏကို အစိုးရတွေက ကြိုက်သလို အဖွင့်အပိတ်လုပ် ထိန်းချုပ်ထားနိုင်တဲ့ ရေပိုက်ခေါင်း အောက်မေ့နေကြတယ်။ အဲသလိုပဲ၊ ငွေကြေးထိန်းချုပ်ရေးဝါဒီတွေ အမြင်မှာ ကုန်ထုတ်လုပ်မှု အတိုင်းအတာကိုလည်း ပုံသေလို့ပဲ အောက်မေ့ကြတယ်။

ဒါပေမယ့် တကယ့်လက်တွေ့မှာ ငွေကြေး supply ရော၊ ကုန်ထုတ်ရလဒ်ရော ပုံသေ မဟုတ်သလို လွတ်လွတ်လပ်လပ် ဖြစ်ပေါ်နေတာ မဟုတ်ဘူး။ အရင်းရှင်စနစ်အောက်မှာ သူတို့နှစ်ဦးလုံး တခုတည်းသော မောင်းနှင်အားကို နာခံနေကြရတယ်။ အဲဒါက တခြားမဟုတ်၊ အမြတ်ထုတ်လုပ်ရေးဆိုတဲ့ မောင်းနှင်အားပဲ။ 

ငွေကြေးထိန်းချုပ်ရေးဝါဒီတွေက တာဝန်အားလုံး အစိုးရတွေနဲ့ ဗဟိုဘဏ်တွေအပေါ် တင်ပေးကြတယ်။ ဒါပေမယ့် အရင်းကျမ်း သုံးတွဲလုံးမှာ မာ့(က်စ်)ရှင်းပြခဲ့သလိုပဲ အစိုးရတွေအနေနဲ့ အရင်းရှင်စနစ်အောက်က ငွေကြေး supply အပေါ် အလုံးစုံ ထိန်းချုပ်နိုင်စွမ်း မရှိပါဘူး။ 

အဲဒီအစား အရင်းရှင်စနစ် ကြီးထွားလာတာနဲ့အမျှ ခရက်ဒစ်တွေ အရေးပါသထက် အရေးပါလာတာ တွေ့ရတယ်။ (အဓိကအားဖြင့် လက်ဝါးကြီးအုပ် ဘဏ္ဍာရေး အဖွဲ့အစည်းတွေက ထုတ်ချေးထားသော ငွေကြေးပုံစံ) ခရက်ဒစ်ဟာ ကုန်ထုတ်လုပ်ရေး တိုးချဲ့ရာမှာ မရှိမဖြစ် အရေးကြီးလာခဲ့တယ်။ 

ဒီအချက်ကို နားလည်ဖို့ဆိုရင် အထက်မှာ ဆွေးနွေးခဲ့တဲ့ အခြေခံသဘောတရားကို ပြန်စဉ်းစားကြည့်ဖို့ လိုလိမ့်မယ်။ အရင်းရှင်တွေက ကုန်ပစ္စည်းတွေ ထုတ်လုပ်ဖို့ အလုပ်သမားရဲ့ လုပ်အားကို ဝယ်ရတယ်။ လုပ်အားခ ပေးရတယ်။ အလုပ်သမားက ပြန်ထုတ်ပေးတဲ့ တန်ဖိုးကျ သူပေးလိုက်တဲ့ လုပ်အားခထက် ပိုများတယ်။ မြင်သာအောင် နမူနာ ဂဏန်းတချို့ ထပ်ပေးကြည့်ပါမယ်။ အလုပ်သမားက ဆယ်နာရီစာ လုပ်အားခ ၆၀၀၀ ကျပ် ရလိုက်တယ်။ အဲဒီဆယ်နာရီအတွင်း သူပြန်ထုတ်ပေးတာ ၆၀၀၀၀ ကျပ်တန် ကုန်ပစ္စည်းတွေ။ 

အဲဒီကုန်ပစ္စည်းတွေကို ဈေးကွက်ထဲမှာ ရောင်းနိုင်မှ အရင်းရှင်အနေနဲ့ သူရင်းထားတဲ့ အရင်းငွေနဲ့ အမြတ်ငွေကို ပြန်ရမယ်။ ဒါပေမယ့် ဘယ်သူက ဝယ်စားမလဲ။ လူ့အဖွဲ့အစည်းမှာ အရင်းရှင် လူတန်းစားက လက်တဆုပ်စာပဲ။ အရင်းရှင် လူတန်းစားကပဲ ကုန်အောင် ဝယ်မစားနိုင်ဘူး။ လူအများစုဖြစ်တဲ့ အလုပ်သမားထုက ဝယ်စားနိုင်မှ သူတို့ရောင်းတဲ့ ကုန်ပစ္စည်းတွေ ရောင်းထွက်မယ်။ အလုပ်သမားကလည်း သူရတဲ့ လုပ်အားခက ၆၀၀၀ ပဲ ရှိတယ်။ ဘယ်လိုလုပ်ပြီး ၆၀၀၀၀ တန် ကုန်တွေ ဝယ်နိုင်မလဲ။ 

တကယ်တော့ တရက် ၅၀၀၀ ကျပ်လောက်နဲ့ လုပ်နေကြရတဲ့ ဗမာပြည်က အထည်ချုပ် အလုပ်သမားတွေဆိုရင် သိန်းချီတန် အထည်တွေ နေ့စဉ်ထုတ်ပေးနေကြတာပါ။ သူတို့ထုတ်တဲ့ အထည်ကို သူတို့ပြန်ဝယ်ဝတ်နိုင် မဝတ်နိုင် ကြည့်ရုံနဲ့ အပေါ်က ဥပမာကို သဘောပေါက်နိုင်ပါတယ်။ အလားတူပဲ။ လူအများစုဟာ တသက်လုံး ကုန်းရုန်းလုပ်လို့ အိမ်တလုံး၊ ကားတစီး မပိုင်နိုင်တဲ့အဆုံး ဘဏ်တိုးနဲ့ အရစ်ကျပေးပြီး အကြွေးဝယ်ကြရတယ်။ ဖုန်းတလုံးကိုတောင် လက်ငင်းမဝယ်နိုင်လို့ အရစ်ကျနဲ့ ဝယ်ကိုင်ရသူတွေ အမြောက်အမြား ရှိပါတယ်။ 

အလုပ်သမား လူတန်းစား အမှန်တကယ် ရရှိနေတဲ့ လုပ်အားခနဲ့ မဝယ်နိုင်တဲ့အခါ ခရက်ဒစ်နဲ့ အကြွေး ဝယ်လို့ရအောင် ဖန်တီးပေးလိုက်တယ်။ ဒီလိုမှ မလုပ်ရင် အရင်းရှင်လူတန်းစားရဲ့ ရောင်းကုန်တွေဟာ ရောင်းမထွက်ဘဲ အိုင်နေမယ်။ ဒါဆိုရင် ကုန်ထုတ်လုပ်ငန်းတွေ ရပ်ဆိုင်းထားရုံပဲ။ ကုန်ထုတ်လုပ်ငန်း ဆက်ချဲ့ထွင်ဖို့ဆိုတာ အဝေးကြီး။ ဒါ့ကြောင့် အရင်းရှင်စနစ်ရဲ့ အတွင်းသား ပဋိပက္ခကို ခရက်ဒစ်နည်းနဲ့ ရှောင်ကွင်းပြီး ယာယီဖြေရှင်းကြရတယ်။ ကြာလာမှသာ ၂၀၀၈ တုန်းကဖြစ်ခဲ့သလို၊ အခုဖြစ်နေသလို မျက်ဖြူဆိုက်ကြရတာ။ 

ကဲ ဒီတော့ လှည့်လည်စီးဆင်းနေတဲ့ ခရက်ဒစ် ပမာဏကိုရော ဘယ်အရာက သတ်မှတ်ပြဌာန်းလိုက်သလဲ။ အတိုချုပ်ဆိုရရင် အမြတ် ထုတ်လုပ်ရေးနဲ့ အမြတ် အမှန်တကယ် ရရှိရေးက ပြဌာန်းပေးပါတယ်။ အရင်းရှင်တွေ ချေးငွေယူတယ်ဆိုတာ အတိုးသက်သာလို့ချည်း မဟုတ်ပါ။ ရင်းနှီးမြှုပ်နှံပြီး အမြတ်ရအောင် လုပ်ဖို့ ချေးကြတာ။

အရင်းရှင်စနစ်မှာ ငွေကြေးက စီးပွားရေးကို “အဓိကမောင်းနှင်သူ”၊ စီးပွားရေးရဲ့ “အမြဲတမ်း မောင်းနှင်အား”လို့ ထင်ရတယ်။ အရင်းရှင်စနစ်ရဲ့ ဘီးတွေကို ငွေကြေး အမဲဆီထည့်ပြီး ချောချောမွတ်မွတ် လည်ပတ်နေတာလည်း အမှန်ပဲ။ ငွေဆိုတဲ့ ကြားခံကို လက်ပေါင်းများစွာ အလွှဲအပြောင်းလုပ်ပြီး ရောင်းရေးဝယ်တာ လုပ်နေကြရတာ အကြိမ်ပေါင်း မြောက်မြားစွာ။

ဒါပေမယ့် အဲဒါ ထင်ရတာသက်သက်ပဲလို့ မာ့(က်စ်) အသားပေးပြောခဲ့တယ်။ အမှန်တကယ်တော့ ငွေကြေး လိုအပ်ချက်ကို ပြဌာန်ပေးတာ ‘အရင်း’ရဲ့  ဒိုင်နမ်းမစ်(ခ်စ်)ပဲ (အမြတ်ရရှိရေး ရောင်းကုန်တွေ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းကို ဆိုလိုတာပါ)။ ငွေကြေး လိုအပ်ချက်လို့ ဆိုရာမှာ ခရက်ဒစ်ပုံစံကို အဓိကထားပြောပေမယ့် ငွေသားတွေ၊ အကြွေတွေလည်း ပါပါတယ်။

တနည်းဆိုရရင် ငွေကြေးဖောင်းပွမှုဆိုတာ ဖရီး(ဒ်)မန် ပြောခဲ့သလို ‘ငွေရေးကြေးရေး ဖြစ်စဉ်တခု’ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ငွေရေးကြေးရေး ဖြစ်စဉ်တွေကိုယ်တိုင်က တန်ဖိုး နိယာမတွေရဲ့ ထင်ဟပ်ချက်ပဲ ဖြစ်ပါတယ်။ တန်ဖိုး နိယာမတွေဆိုတာ ရောင်းကုန်တွေ အကျယ်အပြန့် ထုတ်လုပ်၊ ဖလှယ်သော စနစ်၊ အမြတ်ရရှိဖို့ ကုန်ထုတ်သော စနစ် (အရင်းရှင်စနစ်)ကို အုပ်စိုးမင်းမူနေတဲ့ နိယာမတွေပဲ။ 

Quantitative easing

ဒီတော့ ငွေကြေးဖောင်းပွမှုကို ပြဌာန်းပေးနေတာ ငွေကြေး supply တခုတည်း မဟုတ်ဘူး။ ငွေကြေးက အရင်းရှင်စနစ်ရဲ့ မောင်းနှင်အား မဟုတ်ဘူး။ ဒါ့အပြင် ငွေကြေးပေါ်လစီက အနန္တတန်ခိုးရှင်ကြီးလည်း မဟုတ်ပါဘူး။ ခပ်တိုတိုပြောရရင် အရင်းရှင်စနစ် ပဋိပက္ခတွေကို နိုင်ငံတော်အာဏာသုံးပြီး မကျော်လွှားနိုင်ပါဘူး။

ဒီအချက်တွေ မှန်ကန်ကြောင်း ၂၀၀၈ စီးပွားပျက်ကပ်နောက်ပိုင်း သက်သေထင်ရှားလာခဲ့တယ်။ အဲဒီကာလမှာ ဘဏ်ချေးငွေ အတိုးနှုန်းက သုညနီးပါး ရောက်နေပြီ၊ အများပြည်သူ ကြွေးမြီက ခေါင်ခိုက်နေပြီ။ အုပ်စိုးသူ လူတန်းစားလက်ထဲမှာ အကြပ်အတည်းကို ရင်ဆိုင်ဖို့ ကျည်ကုန်နေပြီ။ သူတို့ ဘယ်လိုပဲလုပ်လုပ် ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေး တိုးတက်မှုက အားကောင်းမလာဘူး။ 

ဒါ့ကြောင့် ထိပ်တန်း အရင်းရှင် နိုင်ငံအသီးသီးရဲ့ ဗဟိုဘဏ်တွေက ကမ္ဘာ့စီးပွားရေးကို ဒေါ်လာ ထရီလီယံပေါင်းများစွာ လောင်းထည့်ခဲ့ကြတယ်။ ဒီလိုနည်းနဲ့ ငွေပေါ်လွယ်မှု အားကောင်းလာ‌စေဖို့၊ ပုဂ္ဂလိက ဘဏ်တွေက‌ ငွေထုတ်ချေးလာအောင် လှုံ့ဆော်ပေးဖို့ ကြံရွယ်ခဲ့တယ်။ 

၂၀၀၈ ပျက်ကပ်ဖြစ်ပြီး နှစ်များအတွင်း အမေရိက ဖက်ဒရယ်ဘဏ်ရဲ့ ငွေစာရင်းရှင်းတမ်းမှာ ဒေါ်လာ ၄.၅ ထရီလီယံ ထပ်တိုးလာခဲ့တယ်။ ယူကေမှာ အင်္ဂလန်ဘဏ်က စတာလင်ပေါင် ၃၇၅ ဘီလျံ ထပ်ထုတ်ပြီးသွားပြီ။ ဥရောပ ဗဟိုဘဏ်ကလည်း ယူအက်(စ်)နဲ့ ယူကေ သွားရာလမ်းကို လိုက်ပြီး ယူရို ၁ ထရီလီယံတန်ဖိုးရှိ ပိုင်ဆိုင်မှုတွေ ဝယ်ယူခဲ့တယ်။ 

ငွေကြေးထိန်းချုပ်ရေးဝါဒီတွေရဲ့ ‘quantity theory of money’ အရ ဒီလို အသုံးအဖြုန်းကြီးပုံမျိုးနဲ့ ငွေကြေးဖောင်းပွမှု အကျယ်အပြန့် ဖြစ်ခဲ့ရမယ်။ အထက်မှာ ဆွေးနွေးခဲ့သလိုပဲ (တခြားအချက်တွေသာ ဒီအတိုင်းဆက်ရှိနေရင်) လှည့်လည်နေတဲ့ ငွေသားပမာဏကို နှစ်ဆတိုးလိုက်တာနဲ့ ကုန်ဈေးနှုန်း နှစ်ဆတက်သွားရမယ်။ ဒါ သိပ်ကိုရိုးစင်းတဲ့ အခြေခံသဘောတရားပဲ။ 

ဒါပေမယ့် တခြားအချက်တွေက ဒီအတိုင်း ငြိမ်မနေခဲ့ဘူး။ အတော်များများ ထင်နေခဲ့သလို ငွေကြေးဖောင်းပွမှုလည်း ဖြစ်မလာခဲ့ဘူး။ တကယ်တော့ အဲဒီကာလမှာ စီးပွားရေး ထုံထိုင်းသွားစေနိုင်တဲ့ ကုန်ဈေးကျဆင်းမှု ဖြစ်လာမှာကိုပဲ ကြောက်နေခဲ့ကြတာပါ။ 

ဒီလို ဖြစ်ခဲ့ရတာ အကြောင်းအချက် အများကြီး ပေါင်းစုံသွားခဲ့လို့ပါ။ ကိုဗစ်ရောဂါကပ် မတိုင်ခင် ဆယ်စုနှစ်တွေတုန်းက အင်အားစုမျိုးစုံဟာ ကုန်ဈေးနှုန်း အကျဘက်ကိုသာ ဖိအား သက်ရောက်နေခဲ့တယ်။ 

အရေးကြီးဆုံး တချက်က ကမ္ဘာတဝှမ်း overproduction ဖြစ်နေခြင်း‌ကြောင့် ကုန်ဈေးနှုန်း မတက်နိုင်ဖြစ်ခဲ့ရတယ်။ ဝယ်လိုအားနဲ့စာရင် ရောင်းလိုတဲ့ ပစ္စည်းတွေ အဆမတန် များပြားနေခြင်းက ဒီအချက်ကို ထင်ဟပ်နေတယ်။ 

အရင်းရှင်စနစ် အကြပ်အတည်းဆိုတာ အရင်းစစ်လိုက်ရင် overproduction အကြပ်အတည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘာသာမပြန်ဘဲ တိုက်ရိုက်ယူသုံးထားတဲ့ ဒီဝေါဟာရအကြောင်း ထည့်ဆွေးနွေးဖို့ လိုလာတယ်။ overproduction လည်း ဆိုသေးရဲ့၊ ကမ္ဘာမှာ အစာအာဟာရ မလုံလောက်သူတွေ ဒုနဲ့ဒေးလို့ စောဒက တက်ချင်စရာ။ ဟုတ်ပါတယ်။ အဲသလို ဖြစ်နေတာကိုက အရင်းရှင်စနစ်ရဲ့ ပဋိပက္ခပါပဲ။ 

အထက်တနေရာမှာ ဆွေးနွေးခဲ့သလိုပဲ၊ လူ့အဖွဲ့အစည်းတခုလုံးရဲ့ ဥစ္စာပစ္စည်းမှန်သမျှ အလုပ်သမားထုက ဖန်တီးထုတ်လုပ်ပေးလိုက်တာပါ။ အရင်းရှင်စနစ်မှာ ဒီလိုထုတ်လုပ်နိုင်ဖို့ ထုတ်လုပ်ရေးပစ္စည်းတွေကို လက်တဆုပ်စာ အရင်းရှင် လူတန်းစားက ပိုင်ဆိုင်ထားတယ်။ သူတို့က အလုပ်သမားကို လုပ်အားခပေးပြီး ကုန်ပစ္စည်းမျိုးစုံ ထုတ်လုပ်ခိုင်းတယ်။ တနှစ်အတွင်း အရင်းရှင်လူတန်းစား တရပ်လုံးက အလုပ်သမား လူတန်းစားတရပ်လုံးကို လုပ်အားခအဖြစ် ပေးရငွေ စုစုပေါင်း ဒေါ်လာ သန်း ၁၀၀ ရှိတယ် ဆိုပါစို့။ အလုပ်သမား လူတန်းစားက အဲဒီတနှစ်အတွင်း ထုတ်လုပ်ပေးလိုက်တဲ့ အသားတင် ထုတ်ကုန်တန်ဖိုးဟာ ဒေါ်လာ သန်း ၁၀၀၀ ရှိတယ် ဆိုပါစို့။ 

အလုပ်သမား လူတန်းစားက ရလာတဲ့ လုပ်အားခ သန်း ၁၀၀ ကို စားဝတ်နေရေးအတွက် အရင်းရှင် လူတန်းစားဆီက သန်း ၁၀၀ ဖိုး ကုန်ပစ္စည်း‌တွေ ပြန်ဝယ်ရမယ်။ ဒါဆိုရင် သန်း ၉၀၀ တန် ကုန်ပစ္စည်းတွေ ဈေးကွက်ထဲ ကျန်နေဦးမယ်။ အရင်းရှင် လူတန်းစားက အလုပ်သမား လူတန်းစားနဲ့စာရင် လက်တဆုပ်စာ အရေအတွက်ပဲ ရှိပါတယ်။ ဒါပေမယ့် သူတို့က ဖြုန်းနိုင်သူတွေဆိုတော့ သူတို့လည်း သန်း ၁၀၀ ဖိုး ဝယ်သုံးလိုက်တယ် ဆိုပါစို့။ ဒါဆိုလည်း တနှစ်အတွင်း အသားတင် ထုတ်ကုန်တွေ သန်း ၈၀၀ ဖိုး ကျန်နေဦးမှာပဲ။ ဈေးကွက်မှာ မရောင်းရဘဲ အိုင်နေဦးမယ်။ 

တဖက်မှာ ရောင်းလိုတဲ့ ကုန်ပစ္စည်းတွေ အောတိုက်ပုံနေသလို တဖက်မှာ ဝယ်မစားသုံးနိုင်လို့ ငေးမောနေရတဲ့ (ငတ်မွတ်နေတဲ့) လူအများစုကြီး ရှိနေတယ်။ အလုပ်သမား လူတန်းစားက သူတို့ဖန်တီးပေးလိုက်တဲ့ ရောင်းကုန်တွေကို သူတို့ရရှိလိုက်တဲ့ လုပ်အားခနဲ့ ဝယ်ယူစားသုံးနိုင်ခြင်း မရှိလို့ အခုလို ဖြစ်လာတာ။ ဒါကိုပဲ overproduction လို့ ပြောချင်တာ။ 

ဒီအခြေအနေကို ယာယီကျော်လွှားဖို့ ခရက်ဒစ် ဆိုတာမျိုး ဖန်တီးလာရကြောင်း ဆွေးနွေးခဲ့ပြီးပြီ။ ပြည်တွင်း ဈေးကွက်မှာ ရောင်းမကုန်နိုင်တဲ့အခါ ပြည်ပဈေးကွက်တွေအထိ တိုးချဲ့ခဲ့ရတယ်။ နောက်ဆုံး ကမ္ဘာ့ဈေးကွက် ဖြစ်လာတဲ့အထိပဲ။ ဒီလို ဆေးမြီးတို နည်း‌ပေါင်းစုံနဲ့ ယာယီဖြေရှင်းခဲ့တာတွေက ရေရှည်မှာ ပိုပြင်းထန်တဲ့ overproduction အကြပ်အတည်းကို ဖြစ်စေတယ်။ 

ကမ္ဘာတလွှား overproduction ဖြစ်နေတဲ့အပြင် ဂလိုဘယ်လိုင်ဇေးရှင်း ဖြစ်စဉ်ကြောင့်လည်း ထုတ်လုပ်ရေးမှာ ကုန်ကျစရိတ်‌တွေ အများကြီး သက်သာခဲ့တယ်။ လုပ်အားခ နဲ့ ကုန်ကြမ်းတွေ ဈေးပေါလွန်းတဲ့ တိုင်းပြည်တွေဆီ ကုန်ထုတ်လုပ်ငန်းတွေ ရွှေ့လာကြတယ်။ တဖက်မှာ နည်းပညာ တိုးတက်လာတာနဲ့အမျှ ကုန်ထုတ်သတ္တိလည်း ပိုတိုးလာခဲ့တယ်။ ဒီအကြောင်းအချက်တွေ အားလုံးက အရင်းရှင်တွေကို ထုတ်လုပ်ရေး ကုန်ကျစရိတ် အများကြီး သက်သာစေခဲ့တယ်။ 

တခြားတဖက်မှာလည်း ဗဟိုဘဏ်တွေ လောင်းထည့်လိုက်တဲ့ ငွေအများစုက စားသုံးသူတွေ အိတ်ထောင်ထဲ ရောက်သွားတာ မဟုတ်ဘူး။ ဆိုလိုတာက တကယ့် စီးပွားရေးထဲ စီးဆင်းနေခြင်း မရှိဘူး။

သာမန်ပြည်သူတွေလက်ထဲ အဲဒီပိုက်ဆံတွေ တိုက်ရိုက်ရောက်သွားပြီး ဝယ်လိုအား တက်လာတာမျိုး မရှိဘူး။ ဒီပိုက်ဆံတွေကို ဗဟိုဘဏ်တွေ ဖန်တီးရခြင်း ရည်ရွယ်ချက်ကိုက အဲဒီလို လုပ်ဖို့ မဟုတ်ဘူး။ ပုဂ္ဂလိက ဘဏ်အဖွဲ့ကြီးတွေဆီက ဘဏ္ဍာရေး ပိုင်ဆိုင်မှုတွေ (ဥပမာ - ငွေပေါ်လွယ်သော ငွေချေးသက်သေခံလက်မှတ်တွေ၊ ဘွန်းဒ်တွေ၊ စသဖြင့်) ဝယ်ယူဖို့ အစိုးရ ဗဟိုဘဏ်တွေက ရိုက်ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ အဲဒီဘဏ်တွေက စီးပွားရေးလုပ်ငန်းတွေ၊ သာမန်ပြည်သူတွေကို အတိုးနှုန်းသက်သက်သာသာနဲ့ ငွေထုတ်ချေးလာမယ်လို့ မျှော်လင့်ခဲ့တယ်။

ဒါပေမယ့် ထင်သလို မဖြစ်ခဲ့ဘူး။ ဘဏ်အရင်းရှင်တွေက ငွေချေးလုပ်ငန်းကို လျှော့ချပြီး အမြတ်လွယ်လွယ်ရရေးပဲ လုပ်ခဲ့တယ်။ စီးပွားရေးလုပ်ငန်းတွေက မစီးဆင်းဘဲ အိုင်နေတဲ့ ငွေပုံကြီးကို ဖင်ခုထိုင်နေခဲ့ကြတယ်။ လွယ်လွယ်ရလာတဲ့ ငွေတွေကို ကုန်ထုတ်လုပ်ရေးထဲ ထည့်ဝင်မဲ့အစား ဈေးကစားတာမျိုးပဲ အရူးအမူး လုပ်ခဲ့ကြတယ်။ စတော့(ခ်)၊ အိမ်ခြံမြေနဲ့ ခရစ်(ပ်)တိုငွေကြေး ဈေးကွက်မှာပဲ ပူဖောင်းတွေ ဗလုံစီတက်လာတယ်။ [https://socialist.net/poverty-amidst-plenty-inequality-imbalances-and-the-worldwide-crisis-of-capitalism/]

တဖက်မှာ ဗဟိုဘဏ်တွေက ငွေသားတွေ ရိုက်ထုတ်ပြီး ရေပိုက်ခေါင်းကို ဖွင့်ပေးနေချိန်မှာ အစိုးရတွေက အများပြည်သူဆိုင်ရာ အသုံးစရိတ်တွေ ဖြတ်တောက်ပြီး အတင်းအကြပ် ခြိုးခြံရေး ပေါ်လစီတွေ ကျင့်သုံးရင်း ဝယ်လိုအားကို ခမ်းခြောက်စေခဲ့တယ်။ တနည်းဆိုရရင် ငွေကြေးပေါ်လစီ လျော့ရဲပြီး ဘဏ္ဍာရေး ပေါ်လစီကို တင်းကြပ်ခဲ့တယ်။

တချိန်တည်းမှာ ဈေးကွက်အတွင်း မရောင်းရတဲ့ ကုန်ပစ္စည်းတွေ ပြည့်လျှံနေတယ်။ စီးပွားရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုတွေ ထိုင်းမှိုင်းနေတယ်။ ဒီတော့ ဘဏ်တွေဆီက ချေးငွေယူစရာ သိပ်မလိုလှဘူး။

အစိုးရက မျက်နှာလွှဲခဲပစ် ငွေအသစ်တွေ ရိုက်ထုတ်ပေမယ့် တကယ်တမ်း စီးဆင်းနေတဲ့ ငွေကြေး ပမာဏက အများကြီး ပြောင်းမသွားဘူး။ 

ဒါ့ကြောင့် ဝယ်လိုအားရဲ့ အဓိက ရေသောက်မြစ်တွေ အားလုံး ကျဆင်းနေခဲ့တယ် ဒါမှမဟုတ် ငြိမ်နေခဲ့တယ်။ လုပ်အားခက ဖြစ်ဖြစ်မြောက်မြောက် တိုးလာတာမျိုး မရှိတော့ အများပြည်သူ စားသုံးနိုင်စွမ်းလည်း တက်မလာဘူး။ အများပြည်သူအတွက် အစိုးရ အသုံးစရိတ် (ပညာရေး၊ ကျန်းမာရေး၊ ပင်စင်လစာ၊ လူမှုဖူလုံရေး၊ စသဖြင့်) ကျ ဖြတ်တောက်ထားတယ်။ ဒါ့အပြင် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းတွေမှာ မြှုပ်နှံမှုက ထိုင်းနေတယ်။ အရင်းရှင်စနစ်လည်း ယောင်နနဖြစ်နေခဲ့တယ်။

ဒီအချက်တွေအားလုံးက ငွေကြေးပေါ်လစီရဲ့ လုပ်နိုင်စွမ်းအပေါ် အကန့်အသတ်တွေ အများကြီး ရှိနေကြောင်း မီးမောင်းထိုးပြနေတယ်။ အရင်းရှင် လူတန်းစားဟာ အမြတ်ရဖို့ပဲ ထုတ်လုပ်တယ်။ ရနိုင်တယ် မထင်ရင် ကုန်ထုတ်လုပ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အကုန်ရပ်ဆိုင်းသွားမှာပဲ။ အခုပေးခဲ့တဲ့ နမူနာမှာ မြင်ခဲ့ရသလိုပဲ အတိုးနှုန်း သုညနီးပါးဖြစ်နေတဲ့ ပေါပေါလောလော ပိုက်ဆံတွေ ဘယ်လောက်သွန်ထည့်ထည့် အမြတ်သာမရနိုင်ရင် ရင်းနှီးမြှုပ်နှံလာအောင် နားချလို့ မရပါဘူး။ 

‘ငွေကြေးဖောင်းပွမှု ဖြစ်ရတာ ငွေကြေး ပမာဏ များလာလို့’ ဆိုတဲ့ ငွေကြေးထိန်းချုပ်ရေးဝါဒီတွေရဲ့ အမြင်ဟာ မျက်နှာစာတဖက်တည်းကိုသာ ကြည့်တဲ့ အမြင်ဖြစ်ကြောင်း ဒီလောက်ဆို ပေါ်လွင်ပြီ ထင်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီး ပြည်ပလုပ်ငန်းကြီးတွေ ထွက်ခွာသွားတာ၊ နောက်ထပ် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဝင်မလာတော့တာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်လို့၊ စစ်အာဏာရှင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လက်မခံနိုင်လို့ မဟုတ်ဘူး။ သူတို့အတွက် အမြတ်အရနည်းသွားလို့၊ အမြတ်ရဖို့ မသေချာတော့လို့ဆိုတာ ရှင်းမယ်ထင်ပါတယ်။

မှော်ဝင်တန်ခိုးတွေ ရှိမယ်ထင်ပြီး ငွေကို ကိုးကွယ်ခြင်း

‘Modern Monetary Theory’ (MMT) တရားဟောဆရာ ကိန်း(စ်)ဝါဒီလက်သစ်တွေက ငွေကြေးထိန်းချုပ်းရေးဝါဒီတွေကို ဝေဖန်လေ့ရှိတယ်။ ဒါပေမယ့် ငွေကြေးထိန်းချုပ်ရေးဝါဒီတွေလိုပဲ သူတို့လည်း ငွေကြေးရဲ့ စွမ်းပကားကို အမှန်တကယ် ရှိတာထက် ပိုအထင်ကြီး ကိုးကွယ်နေကြတယ်။ [https://socialist.net/marxism-vs-modern-monetary-theory/]

သို့သော် MMT ထောက်ခံသူတွေက ငွေကြေးထိန်းချုပ်ရေးဝါဒီတွေရဲ့ ငြင်းချက်ကို ပြောင်းပြန်လှန်ပစ်တယ်။ ငွေကြေးကို အရင်းရှင်စနစ်ရဲ့ ‘မောင်းနှင်အား’လို့ မြင်တဲ့နေရာမှာ နှစ်အုပ်စုလုံး အတူတူပဲ။ ဒါပေမယ့် ကောက်ချက်ဆွဲရာမှာ ဆန့်ကျင်ဖက် ဖြစ်သွားတယ်။ MMT သမားတွေက ငွေတွေ ရိုက်ထုတ်ပြီး ကုန်ထုတ်လုပ်ငန်းတွေ အားကောင်းလာအောင် ‌လှုံ့ဆော်ပေးနိုင်မယ်လို့ တလွဲယုံကြည်နေကြတယ်။

တကယ်တော့ ငွေကြေးပေါ်လစီကနေ အရင်းရှင်စနစ်ကို ဇက်ခွံ့ကိုင်တွယ်လို့ မရသလို အခွန်အခ အတိုးအလျှော့လုပ်ခြင်း၊ အစိုးရ အသုံးစရိတ် အတိုးအလျှော့ လုပ်ခြင်းကနေလည်း ပဲ့ကိုင်ထိန်းချုပ်လို့ မရပါဘူး။ MMT သမား ဖိုးတက်ကြွတွေ တင်ပြလေ့ရှိတဲ့ ‘ဖြေရှင်းနည်းတွေ’က  ငွေကြေးဖောင်းပွမှု သေချာပေါက် ဖြစ်စေမယ့် မွဲဆေးတရပ်ပါပဲ။ သမိုင်းတလျှောက် ဒီလိုအတွေ့အကြုံတွေ အလုံအလောက် ရှိပြီးသား ဖြစ်သလို ဒီကနေ့အချိန်မှာလည်း အထင်အရှား မြင်တွေ့နေရပြီ။ ဒီမွဲဆေးကို အလုပ်သမားထုပဲ သောက်နေကြရတယ်။

ကိန်း(စ်)လက်သစ် MMT သမားတွေနဲ့ ငွေကြေးထိန်းချုပ်ရေးဝါဒီတွေ ငွေကြေး ပမာဏ မျက်နှာစာတခြမ်းကိုပဲ အာရုံစိုက်ပြီး ငွေကြေးရဲ့ စွမ်းပကားကို အလွန်အကျွံ ဇန်းတင်လွန်းတာ မှားတယ်။ 

ကျနော်တို့ကတော့ မာ့(က်စ်)လုပ်ခဲ့သလို အရင်းရှင်စနစ်ရဲ့ ဒိုင်နမ်းမစ်(ခ်စ်)တွေ၊ ဈေးနှုန်း လှုပ်ရှားမှုတွေကို လွှမ်းမိုးပဲ့ကိုင်နေတဲ့ ပကတိဘာဝ နိယာမ အစစ်အမှန်တွေ တူးဆွရှာဖွေရေးကိုပဲ အလေးထားသင့်တယ်။ ဒီတော့မှသာ အရင်းရှင်စနစ်ကို သိပ္ပံနည်းကျ နားလည်နိုင်မယ်။ ဒီလိုနားလည်ထားမှ လက်ရှိအကြပ်အတည်းက‌နေ ထွက်ရပ်လမ်းကို ရှာတွေ့မယ်။ 

အရင်းရှင်စနစ်အောက်က ငွေကြေးကို လူ့ခန္ဓာကိုယ်က သွေးနဲ့ နှိုင်းယှဉ်ကြည့်နိုင်တယ်။ ‘အသက်သွေး’လို့ ဆိုကြပေမယ့် တကယ်တမ်း လူ့ခန္ဓာကိုယ်ကို ရှင်သန်စေတာ သွေးတခုတည်းကြောင့် မဟုတ်ဘူး။ ခန္ဓာကိုယ်အနှံ့က အင်္ဂါအစိတ်အပိုင်းတွေ၊ ဆဲလ်တွေဆီ အောက်ဆီဂျင်နဲ့ တခြားအရေးကြီး အာဟာရဓာတ်တွေ ရောက်သွားအောင် လုံလောက်တဲ့ သွေးစီးဆင်းမှုရှိဖို့ အင်မတန် အရေးကြီးပါတယ်။ ဒါပေမယ့် ဒီအရာတွေကို သွေးက ထုတ်လုပ်ပေးနေတာ မဟုတ်ဘူး။ ဒါ့အပြင် လည်ပတ်နေတဲ့ သွေးပမာဏနဲ့ စီးဆင်းမှုအလျင်ကို သွေးစီးဆင်းမှုစနစ်က သူ့ဘာသာ သတ်မှတ်ပြဌာန်းထားတာ မဟုတ်ဘူး။

ဒီသဘောနဲ့ကြည့်ရင် ငွေကြေးထိန်းချုပ်ရေးဝါဒီတွေဟာ အလယ်ခေတ်က မျှော့ကုထုံးဆရာတွေနဲ့ တူနေတယ်။ ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့ သွေးဆိုးသွေးညစ်တွေကို မျှော့နဲ့စုပ်ထုတ်ခိုင်းခဲ့တဲ့ အယူအဆကို ဆိုလိုတာပါ။ ဗမာပြည်မှာလည်း ဒီကနေ့ခေတ်အထိ ဒီအယူအဆ အမြစ်မပြတ်သေးပါဘူး။ သွေးလွန်တုပ်ကွေး ရာသီမှာ မက်ကလောင်ခြစ် ကုတာတွေ ရှိနေဆဲ။ ကိန်း(စ်)ဝါဒီတွေကတော့ တဘသာ။ သွေးသွင်းကုဖို့ အဆိုပြုကြသူတွေပေါ့။ 

သို့သော်လည်း အရင်းရှင်စနစ်ကိုယ်တိုင်က သေကောင်ပေါင်းလဲ ရောဂါကြီး ဖြစ်နေချိန်မှာ သူတို့ဖော်တဲ့ ဘယ်ဆေးကမှ အောက်ခံရောဂါအမှန်ကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိဘူး။

ဇရာအို အရင်းရှင်စနစ်

အထက်မှာ ဖော်ပြခဲ့သလိုပဲ ငွေကြေးထိန်းချုပ်ရေးဝါဒီတွေက ငွေကြေးပေါ်လစီ တင်းကြပ်ပြီး ငွေကြေးဖောင်းပွမှုကို ကိုင်ချင်တယ်။ တချို့ဆိုရင် ရွှေစံနှုန်းထားတဲ့ခေတ်ကို ပြန်သွားဖို့ ပြောလာကြတယ်။ ငွေကြေး supply ကို ရွှေလို အမာခံ ရောင်းကုန်တမျိုးမျိုးနဲ့ တင်းတင်းကြပ်ကြပ် ပူးချည်ထားသင့်ကြောင်း ဆိုကြတယ်။ 

အရင်းရှင်စနစ်အောက်က ငွေကြေးဖောင်းပွမှုသမိုင်းကို ကြည့်လိုက်ရင် ဒီလို အကြံပြုချက်ပေးတာ ယုတ္တိရှိပါတယ်။ ရွှေစံနှုန်းကို ပစ်ပယ်ပြီး ဗဟိုဘဏ်တွေကို ပေါလော ငွေစက္ကူတွေ စိတ်ကြိုက်ရိုက်ထုတ်ခွင့် ပေးလိုက်ကတည်းက ကုန်ဈေးတွေ တဟုန်ထိုး တက်ခဲ့တယ် မဟုတ်လား။ 

အင်္ဂလန်ဘဏ်က ဘောဂဗေဒပညာရှင်တွေရဲ့ သုံးသပ်ချက်ကို နမူနာပေးရရင် ယူကေမှာ ၁၉၄၈-၁၉၉၄ အတွင်း ကုန်းဈေးနှုန်း အဆနှစ်ဆယ် တက်ခဲ့တယ်။ ဒါပေမယ့် ၁၆၉၄ ခုကနေ ဒုတိယကမ္ဘာစစ် အဆုံးသတ်ကာလအထိ ရာစုနှစ်သုံးခုအတွင်း ကုန်ဈေးနှုန်း သုံးဆပဲ တက်ခဲ့ပါတယ်။ ဒီရာစုနှစ်သုံးခုအတွင်း ငွေးကြေးဖောင်းပွမှု ဖြစ်ခဲ့တာကို ပြန်ကြည့်ရင် တသမတ်တည်း တောက်လျှောက်‌တက်နေတာမျိုး မဟုတ်ဘူး။ နပိုလီယံ စစ်ပွဲ၊ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်လို ရွှေစံနှုန်း သတ်မှတ်ချက် အသက်မဝင်ဖြစ်နေချိန် စစ်အတွင်းကာလတွေမှာပဲ ငွေကြေးဖောင်းပွမှုတွေ ဖြစ်ခဲ့တာ။ 

ဒါပေမယ့် ငွေကြေးထိန်းချုပ်ရေးဝါဒီတွေဟာ ဒီနေရာမှာလည်း အကြောင်းနဲ့ အကျိုးဆက်ကို ပြောင်းပြန်ကောက်ကြတယ်။ ရွှေစံနှုန်း သတ်မှတ်ချက် (ဒီနောက် ဘရက်တန်ဝုဒ်စ် အစီအမံ) ပြိုကျသွားရတာ နိုင်ငံရေး အမှားကြောင့် မဟုတ်ဘူး။ ကမ္ဘာ့အရင်းရှင်စနစ်အတွင်း စုပြုံလာတဲ့ ပဋိပက္ခတွေကို ဆက်ထိန်းမထားနိုင်တော့လို့ပဲ။ 

နယ်ချဲ့ပါဝါတွေဟာ ပထမကမ္ဘာစစ်ကြီး စဖြစ်တာနဲ့ ရွှေစံနှုန်းသတ်မှတ်ချက်ကို လွှတ်ချလိုက်တယ်။ နယ်ချဲ့စစ်ကို ငွေတွေ အလုံးအရင်း ရိုက်ထုတ်ပြီး ပံ့ပိုးဖို့ ဒီလိုလုပ်လိုက်တာ။ ဒီနောက် ၁၉၃၀ ခုနှစ်များရောက်တော့ အရင်းရှင်စနစ် သမိုင်းတလျှောက် အပြင်းထန်ဆုံး စီးပွားပျက်ကပ်ဆိုက်တယ်။ ဒီအခါ စီးပွားရေး နလန်ထူအောင် လှုပ်နှိုးဖို့ဆိုပြီး တိုးချဲ့ရေး ပေါ်လစီတွေ ကျင့်သုံးကြတယ်။ ရွှေစံချိန်ပစ်ချပြီး ငွေတွေ လှိမ့်ရိုက်ကြတယ်။ ဒီလိုနည်းနဲ့ အစိုးရ ဘတ်ဂျက်လိုငွေ ဖြည့်ခဲ့တယ်၊ အရှုံးပေါ်နေတဲ့ ဘဏ်တွေကို ငွေပေါ်လွယ်အောင် လုပ်ပေးခဲ့တယ်။ 

ငွေကြေးစနစ် အကြပ်အတည်းဆိုတာ အနှစ်သာရအရတော့ ‌အရင်းရှင်စနစ် အကြပ်အတည်းကို ထင်ဟပ်ချက် ဖြစ်သလို ကုန်ထုတ်စွမ်းအားစုတွေက ပုဂ္ဂလိက ပိုင်ဆိုင်မှုနဲ့ အမျိုးသားနိုင်ငံတော်ဆိုတဲ့ ကိုယ်ကြပ်အင်္ကျီတွေကို ပုန်ကန်ခြားနားခြင်းလည်း ဖြစ်တယ်။ 

ကွန်မြူနစ် အင်တာနေရှင်နယ် မိန့်ခွန်းတွေထဲမှာ ထရော့စကီး ရှင်းပြခဲ့သလိုပဲ ငွေကြေးဖောင်းပွမှုဟာ အရင်းရှင်နယ်ချဲ့စနစ် ကျန်းမာရေး ယိုယွင်းပျက်စီးနေကြောင်း ပြနေတဲ့ လက္ခဏာပဲ။ ငွေကြေး ရိုက်ထုတ်ခြင်းနဲ့ ကြွေးမြီဆိုတာ အရင်းရှင်နယ်ချဲ့စနစ် အသက်ဆက်နိုင်အောင် drip သွင်းပေးခြင်းတမျိုးပါပဲ။

ဒီမတိုင်ခင်အထိ ဘူဇွာတွေက ငွေကြေးဖောင်းပွမှုကို ပွဲသိမ်းအနိုင်ယူပြီးပြီလို့ လက်ခမောင်းခတ်ခဲ့ကြတယ်။ ဥပမာ၊ ငွေကြေးထိန်းချုပ်ရေးဝါဒီတွေက အခုလို ကြွားလုံးထုတ်ခဲ့ဖူးတယ်။ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေမှာ ကုန်ဈေးတွေ ထိန်းထားနိုင်ခဲ့တယ်၊ ထိပ်သီး အရင်းရှင်နိုင်ငံတွေမှာ ငွေကြေးဖောင်းပွမှု နဲ့ အလုပ်လက်မဲ့ မဆိုစလောက်သာရှိတဲ့ ခေတ်တခုကို ရောက်ရှိခဲ့ပြီတဲ့။

အထက်မှာ ရှင်းခဲ့သလိုပဲ အဲဒီကာလ ငွေကြေးဖောင်းပွမှု ငြိမ်နေခဲ့တာ ငွေကြေးထိန်းချုပ်ရေး ပေါ်လစီတွေကြောင့် မဟုတ်ဘူး။ ပကတိဘာဝ အကြောင်းအချက်တွေ (overproduction,ဂလိုဘယ်လိုင်ဇေးရှင်း၊ ကွန်ပြူတာနည်းပညာ‌တွေ တိုးတက်လာခြင်း၊ စသဖြင့်) ပေါင်းစုံသွားခဲ့လို့ ကုန်ဈေး မတက်ခဲ့တာပါ။

တဖက်မှာ အုပ်စိုးသူ လူတန်းစားက ၁၉၇၀ ခုနှစ်တွေကစပြီး လုပ်ခလစာ ဖြတ်တောက်မှုတွေ၊ အတင်းအကြပ် ခြိုးခြံရေးတွေ လုပ်လာခဲ့တယ်။ ဒါရဲ့ နောက်ဆက်တွဲ လူမှုရေး၊ စီးပွားရေး အကြီးအကျယ်ပျက်စီးမှုကြီးကို ခရက်ဒစ်တွေ အလုံးအရင်း ချဲ့ထွင်တဲ့နည်းနဲ့ အတန်အသင့် သက်သာစေခဲ့တယ်။ 

ဒါ့အပြင် တချိန်တည်းမှာပဲ အစိုးရကြွေးမြီ၊ ကော့ပရိတ်ကြွေးမြီ၊ အိမ်ထောင်စု ကြွေးမြီတွေ တောင်လိုပုံလာတယ်။ အဲသလို စုပြုံလာတဲ့ ပဋိပက္ခတွေဟာ ၂၀၀၈ မှာ ပေါက်ကွဲထွက်သွားခဲ့တယ်။

ဒီတော့ ငွေကြေးဖောင်းပွမှုနဲ့ ကြွေးမြီဟာ ဒင်္ဂါးပြားရဲ့ ခေါင်းနဲ့ပန်းလိုပါပဲ။ နှစ်ခုလုံးဟာ ‘ထွင်ထားသော အရင်းတွေ’ dose တိုးတိုးပြီး ထိုးပေးနေမှ အသက်ဆက်နိုင်တဲ့ အရင်းရှင်စနစ် အကြပ်အတည်းရဲ့ ထင်ဟပ်ချက်သာ ဖြစ်တယ်။ ဒါပေမယ့် ဒီလို အသက်ဆွဲဆန့်နေခြင်းဟာ ဇရာအို အရင်းရှင်စနစ်ရဲ့ အတွင်းပဋိပက္ခတွေ ပိုများလာအောင် လုပ်ပေးရာ ရောက်တယ်။ နောင်အခါ ပိုပြင်းထန်၊ ပိုကြီးမားတဲ့ အကြပ်အတည်းတွေ ပေါက်ကွဲထွက်လာအောင် လမ်းခင်းပေးလိုက်တာပဲ။ 

ထောက်ပံ့ရေး ရှော့(ခ်)များ

ကိုဗစ်-၁၉ ရောဂါကပ် ဖြစ်ပေါ်လာချိန်မှာ အစိုးရတွေက စီးပွားရေး လှုံ့ဆော်မှုအနေနဲ့ ဒေါ်လာထရီလီယံ အမြောက်အမြား သုံးစွဲခဲ့သလို ဗဟိုဘဏ်တွေကလည်း QE ပုံစံနဲ့ ငွေသားတွေ အလုံးအရင်း ရိုက်ထုတ်ခဲ့တယ်။ ဒီနောက် မကြာခင် ငွေကြေးဖောင်းပွမှု ဖြစ်လာတာ အဲသလို ထွင်ထားသော အရင်းတွေ လောင်းထည့်ခဲ့လို့ ဆိုတာ ရှင်းပါတယ်။ ဒါပေမယ့် ဒီတချက်တည်းကြောင့် မဟုတ်ပါဘူး။ 

ဝယ်လိုအား ကောင်းလာခြင်းဆိုတာ ပြဿနာရဲ့ မျက်နှာစာတခုပဲ ဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေးကို ဖရိုဖရဲ ဖြစ်သွားစေတဲ့ ထောက်ပံ့ရေး ပြဿနာတွေလည်း ရှိသေးတယ်။ လုပ်သားရှားပါးမှုတွေ၊ ထုတ်လုပ်ရေး ဖြစ်စဉ်အတွင်း တစ်ဆို့ကြန့်ကြာခြင်းတွေကြောင့် အရေးကြီး ကုန်ပစ္စည်း အတော်များများ ထုတ်လုပ်ရေး ရပ်ဆိုင်းလုမတတ် ဖြစ်ကုန်တယ်။ [https://socialist.net/shortages-and-bottlenecks-expose-anarchy-of-capitalism/]

ထောက်ပံ့ရေး ကွင်းဆက်ချိန်းတန်းတွေကို မိုင်ကုန်အောင် ဆွဲဆန့်ပြီးသွားပြီ။ ပို့ဆောင်ရေး ကွင်းဆက်တွေ၊ ကွန်တိန်နာ သင်္ဘော လမ်းကြောင်းတွေ လနဲ့ချီ ဒါမှမဟုတ် နှစ်နဲ့ချီကြာအောင် နားထားရနိုင်ကြောင်း ခန့်မှန်းထားကြတယ်။ ဒါ့အပြင် ကဏ္ဍပေါင်းစုံက လုပ်ငန်းခွင်တွေမှာ လစ်လပ်ရာထူးတွေ ပြန်ဖြည့်ဖို့တောင် အနိုင်နိုင် ဖြစ်နေကြတယ်။ (၂၀၂၁-၂၂ က ကမ္ဘာ့ကုန်သွယ်ရေး အခြေအနေကို ပြောနေတာပါ)။ [https://www.marxist.com/blockage-in-the-suez-canal-the-week-world-trade-stopped.htm

တနေရာမှာ ပြတ်လပ်မှုဖြစ်လိုက်တာနဲ့ စီးပွားရေးတခုလုံး ဂယက်လှိုင်းတွေ ရိုက်ခတ်သွားနိုင်တယ်။ ဥပမာ၊ မိုက်ခရိုချစ်(ပ်) ဝယ်အား ထောင်တက်သွားတာနဲ့ ကားထုတ်လုပ်ရေးလို စက်မှုလုပ်ငန်းတွေ ထိုးရပ်သွားခဲ့တာမျိုး။ [https://europe.autonews.com/automakers/vw-expects-microchip-shortage-last-until-2024]

ဒီလိုကသောင်းကနင်း ဖြစ်နေချိန် ရှော့(ခ်)တွေ တသီကြီး ထပ်ဆင့်လာခဲ့တယ်၊ ကမ္ဘာ့စီးပွားရေးအတွက် အရေးကြီး ရောင်းကုန် ထောက်ပံ့မှုကို အကြီးအကျယ် ရိုက်ခတ်သွားခဲ့တယ်။ 

အထင်ရှားဆုံးက ယူကရိန်းစစ်ပွဲ ထဖြစ်တယ်၊ အနောက်အုပ်စုက ပူတင်အစိုးရကို လောင်စာဆီ တင်ပို့လို့မရအောင် ဒဏ်ခတ်အရေးမှုတွေ လုပ်လာတယ်။ ယူကရိန်းနဲ့ ရုရှားက ဂျုံတင်ပို့မှု အများဆုံး နိုင်ငံတွေ။ ရုရှားက အလူမီနီယံ၊ ပယ်လဒီယံနဲ့ ဓာတ်မြေဩဇာလို အရေးကြီး ကုန်ကြမ်းတွေ ထုတ်လုပ်ပေးတဲ့ တိုင်းပြည်။ [https://www.ft.com/content/cf0212cf-21f3-4520-ae5f-136ce3f78afc]

တခါ တရုတ်အစိုးရက ‘ကိုဗစ် လုံးဝမရှိစေရ’ ပေါ်လစီ ကျင့်သုံးခဲ့တယ်။ စက်မှုဇုံဒေသတွေမှာ လော့(ခ်)ဒေါင်းတွေ အတင်းအကြပ် ချပစ်ခဲ့တယ်။ ဒီဒေသတွေဟာ ကမ္ဘာ့ ကုန်ထုတ်လုပ်ရေးနဲ့ ကုန်သွယ်ရေးမှာ အရေးကြီး ဆက်ထုံးတွေ ဖြစ်နေတော့ စိုးရိမ်မှုတွေ အများအပြား ရှိခဲ့တယ်။ 

တန်ဖိုး၊ ဈေးနှုန်းနဲ့ ငွေကြေးကြားက ဆက်နွှယ်ချက်ကို နားလည်ထားရင် ဒီဖြစ်စဉ်ကလည်း ငွေကြေးဖောင်းပွမှုကို မီးထိုးပေးခဲ့ကြောင်း ထင်းခနဲ တွေ့ရလိမ့်မယ်။ 

ရောင်းအားနဲ့ ဝယ်အား တဖက်စောင်းနင်း ဖြစ်လာတဲ့အခါ ကုန်ဈေးတွေ တက်လာတယ်။ ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရေးမှာ မရှိမဖြစ် အရေးကြီးသော လောင်စာစွမ်းအင်နဲ့ ပို့ဆောင်ရေးလို အစိတ်အပိုင်းတွေ ဒီလိုကမောက်ကမ ဖြစ်သွားရင် ပိုဆိုးပါတယ်။ ဒီနောက် အထွေထွေ ကုန်ဈေးနှုန်းအပေါ် တသီတတန်းကြီး ရိုက်ခတ်သွားပြီး ငွေကြေးဖောင်းပွမှုလဲ အကျယ်အပြန့် ဖြစ်လာတော့တယ်။ 

ဥပမာ၊ ထိပ်သီးအရင်းရှင်း တိုင်းပြည် အများစုက ငွေကြေးဖောင်းပွမှု ကိန်းဂဏန်းတွေရဲ့ တဝက်ကျော်ဟာ လောင်စာဆီဈေး တက်သွားခြင်းရဲ့ အကျိုးဆက် ဖြစ်နေတာ တွေ့ရမယ်။ ယူရိုဇုံမှာဆိုရင် ငွေကြေးဖောင်းပွမှုရဲ့ လေးပုံသုံးပုံလောက်ဟာ စွမ်းအင်နဲ့ အစားအသောက် ဈေးနှုန်းတွေ တက်သွားလို့ ဖြစ်နေတာ။ 

ကုန်ဈေးတွေ တက်နေပေမယ့် ထုတ်လုပ်မှု တန်ဖိုးတွေ တက်မလာပါဘူး။ နမူနာပေးရရင် ရုရှား ရေနံစိမ်း တင်ပို့မှုကို ပိတ်ဆို့လိုက်လို့ အမေရိကမှာ ရေနံထုတ်လုပ်ဖို့ လူ့အဖွဲ့အစည်းဆိုင်ရာ လိုအပ်သော အလုပ်ကြာချိန် ပြောင်းလဲမသွားပါဘူး။ 

အကျိုးဆက်ကတော့ လူနာမျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဖြစ်ကုန်တယ်။ အခုလို လောင်စာဆီ စွမ်းအင် အကြပ်အတည်း ဖြစ်နေတာကို အခွင့်ကောင်းယူပြီး လောင်စာဆီ လက်ဝါးကြီးအုပ် လုပ်ငန်းစုတွေက အမြတ်တွေ သဲ့ယူလာကြတယ်။ သဘာဝပတ်ဝန်းကျင် မပျက်စီးအောင် လူတိုင်း clean energy လက်လှမ်းမီရေး ရင်းနှီးမြှုပ်နှံတာမျိုး မလုပ်ပါဘူး။ [https://socialist.net/war-in-ukraine-path-to-climate-disaster/]

ဈေးကွက် ပရမ်းပတာဖြစ်ခြင်း

ဈေးကွက်ရဲ့ စွမ်းပကားကို အလွန်အထင်ကြီးတဲ့ အုပ်စိုးသူ လူတန်းစား ကိုယ်စားလှယ်တွေက ဒီအနှောင့်အယှက်တွေ မြန်မြန် ပြေလည်သွားပြီး မကြာခင် မျှခြေပြန်ရောက်မယ်လို့ ယုံကြည်ထားခဲ့တယ်။ 

လော့(ခ်)ဒေါင်း ဖြည်ကာစ ထောင်တက်နေတဲ့ ဝယ်အားလည်း ခဏနေ ပြန်ကျသွားလိမ့်မယ်။ ရောင်းအားက အမီလိုက်လာပြီး 'ပုံမှန်' ပြန်ဖြစ်သွားမယ်။ ငွေကြေးဖောင်းပွမှုဆိုတာလည်း ခဏတဖြုတ် အဖျားတက်တာထက် မပိုပါဘူးလို့ သူတို့ မျှော်လင့်ခဲ့တယ်။ 

ဒါပေမယ့် အထက်မှာ နမူနာပေးခဲ့တဲ့ ကဏ္ဍတွေကို ကြည့်လိုက်ရင် အများစုကို OPEC (ရေနံရောင်း နိုင်ငံများအဖွဲ့) လို လက်ဝါးကြီးအုပ် လုပ်ငန်းစုတွေက ချုပ်ကိုင်ထားတယ်။ ဒီလို လုပ်ငန်းကြီးတွေက ကုန်ဈေးတက်လာရင် အမြတ်များများရအောင် လုပ်ဖို့ပဲ ဦးစားပေးနေကျ။ ထုတ်လုပ်ရေးကို ဦးစားပေးတာမျိုး မရှိဘူး။

နောက်ပေါက်ကုမ္ပဏီတွေအနေနဲ့ ဒီလို လုပ်ငန်းစုကြီးတွေနဲ့ ယှဉ်ပြိုင်ပြီး ဈေးကွက်ထဲဝင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ ယှဉ်ပြိုင်မှု မရှိလေ လက်ဝါးကြီးအုပ် လုပ်ငန်းကြီးတွေ ဖြတ်တဲ့ဈေးကို ပေးဝယ်ရလေ။ 

တချိန်တည်းမှာ ဂလိုဘယ်လိုင်ဇေးရှင်း ဖြစ်စဉ်နဲ့အတူ လက်ဝါးကြီးအုပ်ချဲ့ထွင်ခြင်း၊ အထူးပြုထုတ်လုပ်ခြင်းတွေ အလွန်တရာ ကြီးထွားလာခဲ့တယ်။

ဥပမာ၊ ကွန်ပြူတာ ချစ်(ပ်) ထုတ်လုပ်ခြင်းလို အလွန်အရေးပါတဲ့ စက်မှုလုပ်ငန်းတွေဟာ နိုင်ငံတခု/နှစ်ခုမှာပဲ စုနေတယ်။ ဒီလုပ်ငန်းတွေကိုသာ ကမ္ဘာ့အခြား တိုင်းပြည်တွေနဲ့ အဆက်ဖြတ်လိုက်မယ်ဆိုရင် အထိမခံဖြစ်နေတဲ့ ထောက်ပံ့ရေး ကွင်းဆက်ချိန်းတန်းတွေ၊ ဂလိုဘယ် ဈေးကွက်တွေ ရှေ့ဆင့်နောက်ဆင့် ကျိုးပျက်သွားနိုင်တယ်။

အရင်းစစ်လိုက်ရင် ဒါတွေအားလုံး အရင်းရှင်စနစ် ပရမ်းပတာဖြစ်မှုရဲ့ အသီးအပွင့်ပဲ။ အရင်းရှင်စနစ်ဆိုတာ ပုဂ္ဂလိက ပိုင်ဆိုင်မှုစနစ် ဖြစ်သလို အမြတ်ရဖို့ ပဓာနထား ထုတ်လုပ်သော စနစ်လဲ ဖြစ်တယ်။ 

ဒီတော့ အမြတ်များများရနိုင်အောင် အပြိုင်အဆိုင် လုပ်ကြတယ်။ ကုန်ကျစရိတ် သက်သာအောင် ထုတ်လုပ်ရေး လိုအပ်ချက် ပစ္စည်းတွေကို 'အချိန်မီလေး တင်သွင်းတဲ့'  နည်းလမ်းတွေကို သုံးခဲ့ကြတယ်။ ထုတ်လုပ်ရေးမှာ လိုအပ်တဲ့ ပစ္စည်းတွေကို ကြိုလှောင်ထားတာမျိုး မလုပ်တော့ဘူး။ ဝယ်အားနဲ့ ချိန်သားကိုက် လိုသလောက်ပဲ အချိန်မီလေး တင်သွင်းပြီး ထုတ်လုပ်ကြတာ။ ဒီနည်းနဲ့ သိုလှောင်စရိတ် လျှော့ချတယ်၊ အလေအလွင့် နည်းအောင် လုပ်တယ်၊ ထောက်ပံ့ရေး ကွင်းဆက်ချိန်းတန်းကို အလွန်အကျွံ ဆွဲဆန့်လိုက်တယ်။ ဒါတွေ လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်က အများကြီး မဟုတ်ဘူး၊ တခုတည်းပါ။ များနိုင်သမျှ အမြတ်များများ ရရှိရေး။

အဲလိုပဲ ထိပ်သီး အရင်းရှင် နိုင်ငံတွေမှာ စက်မှုလုပ်ငန်းနဲ့ အခြေခံအဆောက်အဦလို ရေရှည်ရင်းနှီးမြှုပ်နှံမှုပိုင်းမှာ သိပ်မလုပ်တော့ဘူး။ ငွေမြန်မြန်ပွားလွယ်တဲ့ ငွေကြေး ဈေးကစားတာမျိုးပဲ လုပ်ချင်ကြတယ်။ 

ဒါပေမယ့် ဒီလို မျက်တောင်မွှေးတဆုံးပဲ ကြည့်လုပ်ခြင်းဟာ အရင်းရှင်စနစ်ကို ချိနဲ့စေတယ်။ အခုလို 'ရှောင်တခင်'ပေါ်လာတဲ့ ရှော့ခ်တွေ (သဘာဝဘေး၊ ရောဂါကပ်နဲ့ စစ်ပွဲတွေ) ကြုံရတဲ့အခါ ဒဏ်မခံနိုင်တော့ဘူး ။

ဓာတ်ငွေ့ကိုပဲ နမူနာပေးကြည့်မယ်။ ပြီးခဲ့တဲ့နှစ်တွေက ယူကေမှာ ဓာတ်ငွေ့ သိုလှောင်မှုပမာဏကို တနှစ်တာ လိုအပ်ချက်ရဲ့ ၁၀%ကနေ ၂%အထိ လျှော့ချပစ်ခဲ့တယ်။ ဒီတော့ ပြည်တွင်း ဝယ်အား နည်းနည်းလေး တက်လိုက်ရင်ပဲဖြစ်ဖြစ် ဒါမှမဟုတ် တင်သွင်းနိုင်မှု လျော့သွားတာပဲဖြစ်ဖြစ် ဓာတ်ငွေ့ မလောက်ငမှာ ပူရပြီ။ ဈေးလည်း ထိုးတက်ပြီ။ ပြီးခဲ့တဲ့နှစ်က အဲသလို ဖြစ်သွားတာပဲ။

ဆီဈေးကို ကြည့်‌ဦးမလား။ ကိုဗစ်စဖြစ်တော့ ဝယ်အားထိုးကျပြီး ဈေးလည်း မကြုံစဖူး ပြုတ်ကျတယ်။ နောက် ၂နှစ်အကြာ လော့ခ်ဒေါင်းတွေ ဖြည်လိုက်တာနဲ့ ဝယ်အားက ပြန်လိုက်လာတယ်။ အဲဒီအခါကျ အိပ်ပျော်နေတဲ့ ရေနံတူးစက်တွေနဲ့ အလျဉ်မီ လိုက်မထုတ်နိုင်တော့ဘူး။ 

‌ဒါ့အပြင် ယူကရိန်း စစ်ပွဲရဲ့ ရိုက်ချက်တွေက ရှိသေးတယ်။ ဒီတော့ ရေနံစိမ်း တစည်ကို ဒေါ်လာတရာအထက် ဖြစ်သွားတယ်။ 

ဒီလို အခြေခံကျတဲ့ ဖြစ်စဉ်မျိုး ကမ္ဘာ့စီးပွားရေးတခုလုံးမှာ တွေ့နိုင်တယ်။ ဂနာမငြိမ်လွန်းတဲ့ ရောင်းအား၊ ဝယ်အား အပြောင်းအလဲတွေကို မမြင်ရတဲ့ လက်ကြီးက ချိန်ခွင်လျှာ ညှိမပေးနိုင်ပါဘူး။ အရင်းရှင်စနစ်အပေါ် တဖြောဖြော စီးကျလာတဲ့ အားပြင်းပြင်း ရိုက်ချက်တွေကိုလည်း သူမခံနိုင်ပါဘူး။ အရေးကြီး လူသုံးကုန်တွေ၊ ကုန်ကြမ်းတွေ ပြတ်တောက်ကုန်တာပဲ ဖြစ်ခဲ့တယ်။

“ဒီလောက်ကြီးမား ပြင်းထန်တဲ့ ရှော့ခ်မျိုး မကြုံဖူးဘူး။ ဒါ့ကြောင့် ဝယ်အားကို အတင်းအဓမ္မ လျှော့ချတာမျိုး မလုပ်ဘဲ ဈေးကွက်ကို ပြန်တည့်မတ်ပေးနိုင်မယ် မထင်ဘူး” လို့ The Economist မဂ္ဂဇင်းက ရေးသားဖော်ပြတယ်။ [The Economist, March 12, 2022]

တနည်းဆိုရရင် ရာရှင်နဲ့ စားရတဲ့ခေတ်ကို ပြန်သွားခိုင်းနေတာပဲ။

ချုပ်ရရင် ဈေးကွက် ကျရှုံးသွားပြီ။ ဈေးကွက်ကိုသာ သူ့အတိုင်း လွှတ်ထားလိုက်ရင် အရင်းအမြစ်တွေကို ထိထိရောက်ရောက် ကိုင်တွယ်သွားလိမ့်မယ်ဆိုတာ စိတ်ကူးယဉ်သက်သက်ပဲ။ တကယ့်လက်တွေ့မှာ လူ့အသက်ရှင်ရုံ အခြေခံ လိုအပ်ချက်တွေလောက်ကို မဖြည့်ဆည်းပေးနိုင်ဘူး။ ဒီလို ပရမ်းပတာ အရင်းရှင် ဈေးကွက်စနစ် နေရာမှာ ဆိုရှယ်လစ် စီမံကိန်း ထုတ်လုပ်ရေးစနစ်ကို အစားထိုးပစ်ဖို့ လိုအပ်တယ်။ 

ဂလိုဘယ်လိုင်ဇေးရှင်း ပြိုကွဲလာခြင်း

ထွင်ထားသော အရင်းနဲ့ ထောက်ပံ့ရေး ရှော့(ခ်)တွေအပြင် ဒီကနေ့ ငွေကြေးဖောင်းပွမှု အကြပ်အတည်းကို ဖြစ်စေတဲ့ အဓိက အကြောင်းအချက် ရှိသေးတယ်။ ထုတ်လုပ်ရေး ကုန်ကျစရိတ်တွေ အရင်ကထက် ပိုများလာတဲ့ အချက်ပါပဲ။

ထွင်ထားသော အရင်းတွေ ဒလဟော လောင်းထည့်ပြီး၊ ထောက်ပံ့ရေး ရှော့(ခ်)တွေ တသီတတန်းကြီး ကြုံခဲ့ရလို့ ရောင်းအား၊ ဝယ်အား ချိန်ခွင်လျှာ တဖက်စောင်းနင်း ဖြစ်သွားခဲ့တယ်။ ဒီနှစ်ချက်ကြောင့် ကုန်ဈေးနှုန်းတွေ တက်ခဲ့တယ်။ ဒါပေမယ့် ငွေကြေးဖောင်းပွမှုရဲ့ တတိယ အကြောင်းအချက်ကတော့ တန်ဖိုးတွေ နှိုင်းရသဘော တိုးလာခြင်းကို ညွှန်ပြနေတယ်။ သဘောက တချို့သော ရောင်းကုန်တွေ ထုတ်လုပ်၊ ဖြန့်ဖြူးဖို့ လိုအပ်သော လူ့အဖွဲ့အစည်းဆိုင်ရာ အလုပ်ကြာချိန် အရင်ကထက် ပိုများလာခဲ့တယ်။ 

ရှေ့ဆယ်စုနှစ်တွေမှာ တရုတ်၊ ရုရှားနဲ့ အရှေ့ဥရောပ နိုင်ငံတွေက ကမ္ဘာ့ဈေးကွက်ကို ဖွင့်ပေးခဲ့တယ်။ ဒီအခါ အနောက် အရင်းရှင်လူတန်းစားအတွက် ဈေးပေါလှသော ကုန်ကြမ်းအရင်းအမြစ်တွေ၊ လုပ်အားတွေ ရရှိသွားခဲ့တယ်။ 

ဒါ့အပြင် ပို့ဆောင် ဆက်သွယ်ရေး နည်းလမ်းတွေ တိုးတက်လာတာနဲ့အမျှ ဂလိုဘယ် ထောက်ပံ့ရေး ကွင်းဆက်ချိန်းတန်းကြီးတွေ အခြေခိုင်လာခဲ့တယ်။ ဒီအခါ ကုန်ထုတ်လုပ်ရေးက နိုင်ငံဖြတ်ကျော် ဧရာမ လက်ဝါးကြီးအုပ် လုပ်ငန်းစုကြီးတွေအဖြစ် စုစည်းမိသွားတယ်။ ရလဒ်အနေနဲ့ ကုန်ထုတ်သတ္တိ တိုးလာပြီး ကုန်ကျစရိတ်တွေ အများကြီး သက်သာခဲ့တယ်။ 

အခု အဲသလို မဟုတ်တော့ဘူး။ ဂလိုဘယ်လိုင်ဇေးရှင်း ပြိုကွဲလာသလို အရင်းရှင်နိုင်ငံကြီးတွေက protectionism လို့ခေါ်တဲ့ ပြည်တွင်းလုပ်ငန်း အဓိကဦးစားပေးဝါဒကို ကျင့်သုံးလာကြတယ်။ ဂလိုဘယ်လိုင်ဇေးရှင်းက နောက်ဆုတ်သွားပြီး စီးပွားရေး အမျိုးသားရေးဝါဒ ရှေ့တန်းရောက်လာတယ်။ ဂလိုဘယ် ထောက်ပံ့ရေး ချိန်းတန်းတွေ အထုံးပြေစပြုလာပြီ။ ဒီအရာတွေအားလုံးက ကိုဗစ်ကပ်၊ ယူကရိန်းစစ်နဲ့ ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တုံ့ပြန်သောအားဖြင့် အရှိန်ပိုပြင်းလာတယ်။ 

ဒီအခါ ဒုတိယကမ္ဘာစစ် နောက်ပိုင်း တစတစ ကျယ်ပြန့်လာသော အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး ကျဆင်းလာတယ်။ 

အကျိုးဆက်အနေနဲ့ ကမ္ဘာ့ဈေးကွက် အပိုင်းပိုင်း ကွဲအက်လာပြီး ကုန်ထုတ်လုပ်မှုလည်း စရိတ်စက များလာတယ်၊ လုပ်အားခနဲ့ နှိုင်းယှဉ်လိုက်ရင် ကုန်ဈေးတွေလည်း တက်လာတယ်။ 

ဂျိုးဘိုင်ဒင်ကိုပဲ နမူနာကြည့်။ ‘အမေရိကမှာ ထုတ်သည်’ ကြွေးကြော်သံကိုပဲ ခဏခဏ အာရိုက်နေတယ်။ ထုတ်လုပ်ရေး လုပ်ငန်းတွေကို အမေရိက ပြန်ရွှေ့ဖို့ စဉ်းစားနေတယ်။ တကယ့်လက်တွေ့မှာ ကုန်သွယ်ရေး တံတိုင်းတွေ ထပ်တိုးခြင်းပါပဲ။ ဒီအခါ ထုတ်လုပ်သူတွေ ကုန်ကျစရိတ် ပိုများလာမယ်။ 

အုပ်စိုးသူ လူတန်းစားရဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်တွေက ငွေကြေးဖောင်းပွမှုအပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိနေကြောင်း ဒီအချက်က လှစ်ဟပြလိုက်တာပဲ။ ဒေါ်နယ်ထရမ့်ရဲ့ ‘အမေရိက ပထမ’ ပေါ်လစီတွေ၊ ဘိုးရစ်(စ်) ဂျွန်စင်ရဲ့ ဘရက်ဇစ် လုပ်ရပ်တွေ၊ ယူကရိန်းမြေပေါ်မှာ ဆင်နွှဲနေသော ယူအက်(စ်)နဲ့ ရုရှားတို့ရဲ့ ကြားခံစစ်ပွဲ၊ စသဖြင့်။ ဒီဆုံးဖြတ်ချက်တွေကိုယ်တိုင်က အရင်းရှင်စနစ်ရဲ့ ပဋိပက္ခတွေ ပြင်းထန်လာပြီး အကြပ်အတည်း ဆိုက်နေလို့ တုံ့ပြန်ထွက်ပေါ်လာတာ ဖြစ်ပေမယ့် တဟုန်းဟုန်းတောက်လောင်နေတဲ့ မီးလျှံတွေပေါ် ဓာတ်ဆီ ထပ်လောင်းသလို ဖြစ်ခဲ့တယ်။ 

အရေးကြီးဆုံးအချက်က အမျိုးသား နိုင်ငံတော်ဆိုတာလဲ ပုဂ္ဂလိက ပိုင်ဆိုင်မှုလိုပဲ ကုန်လုပ်စွမ်းအားစု ဖွံ့ဖြိုးမှုကို အခြေခံကျကျ တားဆီးပိတ်ပင်နေတဲ့ အရာဖြစ်ကြောင်း အထက်ပါအချက်တွေက မီးမောင်းထိုးပြနေတယ်။ 

‘Stagflation’

ယေဘုယျအကျိုးဆက်ကတော့ ကမ္ဘာ့စီးပွားရေးဟာ ငွေကြေးဖောင်းပွမှုနဲ့ တိုးတက်မှု ဆိတ်သုဉ်းခြင်း တပြိုင်တည်း ဖြစ်ပေါ်နေတဲ့ အိပ်မက်ဆိုး ချောက်ကမ်းပါးဆီ ဦးတည်ရွေ့လျားနေတယ်။ ဒီဖြစ်စဉ်ကို ဘူဇွာ ဘောဂဗေဒသမားတွေက ‘stagflation’ လို့ နာမည်ပေးထားကြတယ်။ stagnation ဆိုတဲ့ စီးပွားရေး တိုးတက်မှု ဆိတ်သုဉ်းခြင်းနဲ့ inflation ငွေကြေးဖောင်းပွမှု တပြိုင်တည်းဖြစ်နေတာမို့ အခုလို နာမည်ပေးလိုက်တဲ့သဘော။ 

ဗမာပြည် စီးပွားရေးကတော့ တိုးတက်မှု ဆိတ်သုဉ်းတဲ့ အဆင့်တောင် မဟုတ်ဘူး။ အနှုတ်ပြတဲ့ အဆင့်၊ deep recession ခေါ် စီးပွားပျက်ကပ်ဆိုက်တဲ့ အနေအထားပါ။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်လက်မဲ့ဦးရေ သန်းနဲ့ချီ တိုးလာခဲ့တယ်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ရဲ့ ၂၀၂၃၊ သြဂုတ်လ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားဦးရေ ၄၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တယ်။

ဒါ့အပြင် ၂၀၁၇-၂၀၂၂ ခုနှစ်အတွင်း လုပ်ငန်းခွင်ဝင်နိုင်သော လူဦးရေ တိုးလာပေမယ့် ၂၀၂၂ ခုနှစ်ရဲ့ အလုပ်အကိုင် ရရှိမှုအချိုးအစားဟာ ၂၀၁၇ ခုနှစ် အနေအထားထက် ၈.၂% လျော့နည်းနေကြောင်း ILO ရဲ့ ဇူလိုင် ၂၇ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။ ကုန်ထုတ်သတ္တိက တိုးမလာဘဲ ၂၀၂၁ မှာ ၈% ကျဆင်းသွားခဲ့ပြီး ၂၀၂၂ ပထမ ခြောက်လအတွင်း ၂% ထပ်ကျခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီလို တရားဝင် ထွက်လာတဲ့ ကိန်းဂဏန်းတွေကို ကြည့်ရင်ပဲ ဗမာပြည်ရဲ့ စီးပွားရေး ကျဆင်းမှုအခြေအနေကို အထင်အရှား မြင်နိုင်ပါတယ်။ ပကတိအခြေအနေက ဒီအချက်အလက်တွေထက် ပိုဆိုးမှာ သေချာပါတယ်။ ကုန်ထုတ်သတ္တိကျဆင်းမှုနဲ့ အလုပ်လက်မဲ့ သန်းချီများပြားမှုအပြင် ကြွေးမြီတွေ တောင်လိုပုံနေတာကိုလည်း ထည့်ပြောဖို့ လိုတယ်။ [https://www.ilo.org/yangon/press/WCMS_888635/lang--en/index.htm?fbclid=IwAR3AjSN-YQOUEBzEn-cQ4J3_bH3Lp4-NMCj2-QKoW9Guh7McazLOaxry4GM]

ဒီကနေ့ အရင်းရှင်စနစ် အကြပ်အတည်းကို ရင်ဆိုင်နေရတဲ့ အုပ်စိုးသူ လူတန်းစားမှာ အားထားစရာ ဘာလက်နက်မှ မရှိတော့ဘူး။ 

အုပ်စိုးသူ လူတန်းစား သုံးနေကျ အသွားတုံး လက်နက်တခုဖြစ်တဲ့ အတိုးနှုန်းကိုပဲ နမူနာကြည့်ရအောင်။ ဒီလက်နက်ကို ထုတ်သုံးရတဲ့ ရည်ရွယ်ချက်က ငွေကြေး ပမာဏကို တင်းကြပ်ပြီး ဝယ်အား လျှော့ချဖို့။ ဒါပေမယ့် ဝင်ငွေတိုးမလာဘဲ ကုန်ဈေးနှုန်းတွေ တက်နေလို့ စားသုံးသူ ဝယ်လိုအားက ကျနေပြီးသား။ ဒီတော့ ကိုဗစ်ကပ်အလွန်မှာ စီးပွားရေး နာလန်ထူလာမယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း အငွေ့ပြယ်သွားခဲ့ပြီ။ 

ဒါ့အပြင် အတိုးနှုန်း တက်လာတာနဲ့အမျှ ကြွေးမြီဝန်ထုပ်က ပိုလေးလံလာမယ်၊ ချေးငှားရတဲ့ ကုန်ကျစရိတ် တက်သွားမယ်။ အိမ်ထောင်စုအလိုက်၊ လုပ်ငန်းစုအလိုက်၊ အစိုးရအလိုက် အကြွေးလည်ပင်းနစ်နေတဲ့ ဒီကနေ့ ကာလမှာ အတိုးနှုန်းပါ ထပ်တက်ရင် စီးပွားပျက်ကပ် ဆိုက်သွားနိုင်တယ်။ 

ဒါ့ကြောင့် ဒီကနေ့အခြေအနေကို ၁၉၇၀ ပြည့်နှစ်များ အခြေအနေတွေနဲ့ နှိုင်းယှဉ်ပြောလာကြတယ်။ အဲဒီကာလမှာ အခုလိုပဲ စီးပွားရေး ကျဆင်းမှု၊ အလုပ်လက်မဲ့ များပြားမှုနဲ့ ငွေကြေးဖောင်းပွမှုတွေ တပြိုင်တည်း ဖြစ်ခဲ့တယ်။ 

အဲဒီတုန်းက ငွေကြေးဖောင်းပွမှု ဖြစ်စေတဲ့ ဖိအားတွေကို ပြန်ကြည့်ရင် ၁၉၇၃ လောင်စာဆီ အကြပ်အတည်းလို ထောက်ပံ့ရေး ရှော့(ခ်)တွေ ဖြစ်ခဲ့သလို ထွင်ထားတဲ့ အရင်းတွေ လောင်းထည့်တာလည်း ရှိခဲ့တယ်။ Yom Kippur စစ်ပွဲဖြစ်ပြီး လောင်စာဆီ ကုန်သွယ်မှု ပိတ်ပင်တာတွေ ဖြစ်ခဲ့တယ်။ အကျိုးဆက်အနေနဲ့ လောင်စာဆီဈေးတွေ ထောင်တက်သွားခဲ့တယ်။ 

၇၀စုနှစ်များ အဆုံးသတ်ကျ အခြေအနေဟာ ထိန်းမရသိမ်းမရ ဖြစ်သွားပြီ။ ၁၉၇၉ ဒီဇင်ဘာမှာ ယူအက်(စ်)ရဲ့ တနှစ်တာ ငွေကြေးဖောင်းပွနှုန်းက ၁၃% ကျော်သွားပြီ။ 

အဲဒီနှစ်မှာပဲ ယူအက်(စ်)သမ္မတ ဂျင်မီကာတာက “လက်တွေ့ကျသော ငွေကြေးထိန်းချုပ်ရေးဝါဒီ”လို့ ကြွေးကြော်ထားတဲ့ Paul Volcker ကို ဖက်ဒရယ်ဘဏ် ဥက္ကဌ ခန့်လိုက်တယ်။ ဥက္ကဌဖြစ်ပြီး ချက်ချင်းဆိုသလို Volcker က ဗဟိုဘဏ် အတိုးနှုန်းကို ၁၀%ကနေ ၂၀%အထိ ဆွဲတင်ပစ်လိုက်တယ်။ 

ဗဟိုဘဏ်ရဲ့ ရည်ရွယ်ချက်က ခရက်ဒစ်အသုံး ကန့်သတ်ပြီး စီးပွားရေး ကျဆင်းမှုကို ဖန်တီးယူဖို့ ဖြစ်တယ်၊ စီးပွားရေး ကျဆင်းသွားရင် အလုပ်လက်မဲ့တွေ များလာမယ်၊ လုပ်ခလစာနှုန်းထားတွေ ကျဆင်းသွားမယ်လို့ တွက်ထားတယ်။ ဒီရည်မှန်းချက်ကိုတော့ အုပ်စိုးသူ လူတန်းစားနဲ့ Volcker တို့ အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ 

ဒါပေမယ့် ဒီလုပ်ရပ်ကြောင့် အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ရတယ်။ လူ့အဖွဲ့အစည်းတခုလုံးအပေါ် ကျရောက်ခဲ့တဲ့ ဒဏ်ချက်တွေဟာ ဒီကနေ့ထိ အမာရွတ် စွဲကျန်နေတုန်းပဲ။ စက်မှုလုပ်ငန်းတွေ ဖြုတ်သိမ်းသွားတဲ့ Rust Belt ဒေသတွေကို သွားကြည့်လိုက်ပါ။ 

ဒါပေမယ့် သမိုင်းဆိုင်ရာ ဖြစ်ရပ်တွေကို နှိုင်းယှဉ်ပြောတိုင်း အကန့်အသတ်ဆိုတာ ရှိစမြဲ။ ၂၀၂၂ ဟာ ၁၉၈၀ မဟုတ်ပါဘူး။ ငွေကြေးဖောင်းပွမှု အလွန်ပြင်းထန်တဲ့ အကြပ်အတည်း နှစ်ခုလုံးမှာ တူညီချက်တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် မတူတဲ့အချက်တွေလည်း ရှိပါတယ်။ 

ပထမဆုံးအချက်က ဒီကနေ့ အုပ်စိုးသူ လူတန်းစားမှာ ကြွေးမြီနဲ့ ထွင်ထားသော အရင်းတွေ အရင်ကထက် အဆပေါင်းများစွာ ပိုများတယ်။

၂၀၂၀ ခုနှစ်မှာ တကမ္ဘာလုံး ကြွေးမြီက ကမ္ဘာ့ဂျီဒီပီရဲ့ ၃၆၀% ရှိနေပြီ။ ကိုဗစ်ကပ်ဆိုင်ရာ အစိုးရ အသုံးစရိတ်တွေကြောင့် ကြွေးမြီ ၂၈% ခုန်တက်သွားခဲ့တယ်။ အမေရိကမှာ ဖက်ဒရယ် ကြွေးမြီက ဂျီဒီပီရဲ့ ၁၄၀% ရှိနေတယ်။ ၁၉၈၀ ခုနှစ်တွေတုန်းက အမေရိကရဲ့ ကြွေးမြီဟာ ဂျီဒီပီရဲ့ ၃၂% ရှိခဲ့တယ်။ 

တခြားနိုင်ငံတွေလည်း ဒီသဘောပါပဲ။ တကမ္ဘာလုံး ဒီလောက် ကြွေးမြီများတာ မကြုံဖူးသေးဘူး။ ဒီလိုအချိန်မှာ အတိုးနှုန်း တက်လိုက်ရင် စီးပွားရေးတခုလုံး ကြေမွပျက်စီးသွားမယ်။ မိသားစုတွေ၊ လုပ်ငန်းစုတွေ၊ နိုင်ငံတွေ အမြောက်အမြား ချွတ်ခြုံကျသွားမယ်။ 

ဒီကနေ့ ဂလိုဘယ် စီးပွားရေးဟာ ၁၉၈၀ ခုနှစ်တွေတုန်းကလို မဟုတ်တော့ဘူး၊ မယှဉ်သာအောင် ပေါင်းစည်းသွားပြီ။ ဒီတော့ ဖက်ဒရယ် ဗဟိုဘဏ်ရဲ့ ဆုံးဖြတ်ချက်တွေဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့ ရိုက်ခတ်သွားလိမ့်မယ်။ သီရိလင်္ကာ ဒေဝါလီခံရခြင်း၊ ဒီနောက် စတော့(ခ်) ဈေးကွက် တုန်လှုပ်သွားခြင်းတွေဟာ ရှေ့မှာ စောင့်ကြိုနေတဲ့ အရာတွေကို နိမိတ်ပြလိုက်တာပဲ။ 

နောက်ဆုံးတချက် ပြောရရင် ဒီကနေ့ အရင်းရှင်စနစ်ဟာ ၁၉၈၀ ပြည့်နှစ်တွေတုန်းကလို စီးပွားရေး အတက်ကာလ ရောက်ခါနီး အခြေအနေ မဟုတ်ဘူး။ အဲဒီတုန်းက ဂလိုဘယ်လိုင်ဇေးရှင်းခေတ် အစပျိုးကာစ၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး ချဲ့ထွင်နေချိန်။ တရုတ်က ကမ္ဘာ့ဈေးကွက်ထဲ စဝင်လာပြီ။ ဒီနောက် အရှေ့ဥရောပနဲ့ ရုရှားတို့ ကမ္ဘာ့ဈေးကွက်ကို တံခါးဖွင့်ပေးလိုက်တယ်။ အနောက် အရင်းရှင်ကမ္ဘာမှာ အကျဖက် ရောက်နေတဲ့ စီးပွားရေးကို ပြန်ဆွဲတင်နိုင်အောင် အရင်းအမြစ်အသစ်တွေ အများကြီး ထုတ်ပေးခဲ့တယ်။ 

ဒါပေမယ့် ဒီကနေ့ အခြေအနေက အဲဒီကာလနဲ့ ပြောင်းပြန်ပဲ။ ဂလိုဘယ်လိုင်ဇေးရှင်းက ပြိုကွဲစပြုနေပြီ။ စီးပွားရေးအတက်ကာလကို ဝင်နေတာ မဟုတ်ဘူး၊ စီးပွားရေး ထုံထိုင်းပြီး အကြပ်ဆိုက်နေတဲ့ ကာလ။ ဈေးကွက်ထဲမှာ ရောင်းမစွံတဲ့ ကုန်ပစ္စည်းတွေ အပြည့်။ စီးပွားရေး အမျိုးသားရေးဝါဒက ခေါင်းထောင်နေတယ်။ 

Volcker လုပ်လိုက်တဲ့ စီးပွားရေးကျဆင်းမှုက အချိန်သိပ်မကြာလိုက်ပေမယ့် ဒီကနေ့ စီးပွားရေး အကြပ်အတည်းက အကျပိုနာလိမ့်မယ်၊ ရေရှည်သွားလိမ့်မယ်။ လက်ရှိအကြပ်အတည်းက ၂၀၀၈ ပျက်ကပ်၊ ကိုရိုနာ ပြိုလဲပျက်စီးမှု ဒဏ်ချက်တွေပေါ်မှာ ထပ်ဆင့်လာတဲ့ စီးပွားပျက်ကပ် ဖြစ်နေလို့ပဲ။

တဖက်မှာလည်း ဗဟိုဘဏ်တွေက ခရက်ဒစ်နဲ့ ငွေကြေး ပမာဏကို မတင်းကြပ်ဘူးဆိုရင်၊ အစိုးရတွေက ဝင်ငွေနည်းပြီးအသုံးစရိတ် များနေခြင်းကို မလျှော့ချဘူးဆိုရင် ကြွေးမြီတွေ များသထက်များဖို့သာ ရှိမယ်၊ ငွေကြေးဖောင်းပွမှုက ဆိုးပြီးရင်း ထပ်ဆိုးဖို့သာ ရှိမယ်။ ဒီအခါ အလုပ်သမားထု အမှန်တကယ် ရရှိလိုက်တဲ့ လုပ်ခလစာ လျော့သထက် လျော့သွားမယ်၊ လူနေမှု အဆင့်အတန်း ကျသထက်ကျသွားမယ်။ 

ဗမာပြည် အခြေအနေ တချက်ကြည့်ရအောင်။ ငွေကြေးဖောင်းပွမှုက ထိပ်သီးအရင်းရှင် နိုင်ငံတွေထက် ပိုဆိုးပါတယ်။ ဒါ့ကြောင့် ဗမာပြည် အုပ်စိုးသူ လူတန်းစားအနေနဲ့ မိုးထောင်တက်နေတဲ့ ငွေကြေးဖောင်းပွမှုကို အရှိန်ကျသွားအောင် ဘဏ်အတိုးနှုန်းတွေ ဆွဲတင်တာမျိုး လုပ်မလား။ သူတို့ မလုပ်နိုင်ဘူး။ ဘာ့ကြောင့်လဲ။ 

ထိပ်သီးအရင်းရှင် နိုင်ငံတွေနဲ့ယှဉ်ရင် ဗမာပြည် ဗဟိုဘဏ်အတိုးနှုန်းက နဂိုကတည်းက မြင့်နေပြီးသား။ ၂၀၂၀ နှစ်ဆန်းပိုင်း ကိုဗစ်ဝင်ကာစ၊ ဗမာပြည် ဗဟိုဘဏ်အတိုးနှုန်းဟာ ၁၀% ရှိခဲ့တယ်။ ကိုဗစ်နဲ့အတူ စီးပွားရေး လုပ်ငန်းတွေ ထိုင်းသွားချိန်မှာ ဗဟိုဘဏ်က အတိုးနှုန်းကို ၀.၅% လျှော့ချတယ်။ ၂၀၂၀ ဧပြီ ၁ရက်ကစပြီး အသက်ဝင်စေရမယ်လို့ ကြေငြာတယ်။ ဒါပေမယ့် ဒီလောက်ကလေး ချပေးတာဟာ ဆင့်ပါးစပ် နှမ်းပက်သလောက်ပဲလို့ စီးပွားရေး လုပ်ငန်းရှင်တွေဘက်က ပူညံပူညံလုပ်ပါတယ်။ ဒီနောက် ရက်ပိုင်းအတွင်း ၁% ထပ်ချပေးတယ်။ ဒါလည်း မလုံလောက်သေးဘူး။ နောက်တလအတွင်း ၁.၅% လျှော့ချပေးပြန်တယ်။ ၃ကြိမ်ဆက်တိုက် အတိုးနှုန်းချပေးခဲ့တယ်။ [https://www.irrawaddy.com/news/burma/myanmar-central-bank-cuts-rates-business-circle-says-move-falls-short.html

https://www.irrawaddy.com/news/burma/myanmar-central-bank-cuts-interest-rates-another-1-aid-economy.html]

စီးပွားရေး ကျမသွားအောင် အစိုးရ ဗဟိုဘဏ်က အတိုးနှုန်း ၃ကြိမ်ဆက်တိုက်ချပေးခဲ့သလို တဖက်မှာလည်း အစိုးရက လှုံ့ဆော်ရေး ရန်ပုံငွေတွေ ထုတ်သုံးခဲ့တယ်။ အစိုးရက အမေရိကန်ဒေါ်လာ သန်း ၇၀ ဖိုး ထုတ်ချေးခဲ့တယ်။ ကိုဗစ်ဒဏ်ခံထားရတဲ့ ပြည်တွင်းအရင်းရှင် လုပ်ငန်းတချို့ကို အခွန်ကင်းလွတ်ခွင့် ပေးခဲ့တယ်။ အခွန်ဆောင်ရမယ့် ကာလ နောက်ဆုတ်ပေးခဲ့တယ်။ ဒါ့အပြင် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းတချို့ကို ပံ့ပိုးပေးဖို့ ကိုဗစ်ရန်ပုံငွေ ကျပ်ဘီလျံ ၁၀၀ ထုတ်ပေးခဲ့တယ်။ အတိုးနှုန်း ၁%ပဲ သတ်မှတ်ခဲ့တယ်။ အရင်းရှင် လုပ်ငန်းတွေ မထိခိုက်အောင် ရန်ပုံငွေ ထူထောင်ပေးထားတဲ့ ကျပ်ဘီလျံ ၁၀၀ ထဲမှာ ၅၀% က အလုပ်သမားထုရဲ့ လူမှုဖူလုံရေး ရန်ပုံငွေတွေကနေ ယူထားကြောင်း အစိုးရကိုယ်တိုင် ထုတ်ပြောခဲ့တယ်။ [https://www.irrawaddy.com/news/burma/myanmar-unveils-70-million-stimulus-package-ease-economic-blow-virus.html]

အကြပ်အတည်းတခု ဖြစ်လာတိုင်း အလုပ်သမားထုသာ ခံကြရတယ်။ အာဏာမသိမ်းခင် တနှစ်မှာ အစိုးရ ကျင့်သုံးခဲ့တဲ့ ပေါ်လစီတွေက ကိန်း(စ်)ဝါဒ ပေါ်လစီတွေပါပဲ။ ဘဏ်အတိုးနှုန်းတွေ လျှော့ချတယ်။ စီးပွားရေး လှုပ်နှိုးဖို့ stimulus package တွေ ထည့်ပေးတယ်၊ တနည်းဆိုရရင် ထွင်ထားသော အရင်းတွေ လောင်းထည့်တာပဲ။ ဝင်ငွေထက် အစိုးရ အသုံးစရိတ်က ပိုများတော့ ဘတ်ဂျက်လိုငွေပြတယ်။ ကြွေးမြီတင်တယ်။ အဲဒီလို ကိန်း(စ်)ဝါဒ နည်းလမ်းတွေက ငွေကြေးဖောင်းပွမှု ဖြစ်စေဖို့ ဖိအားတွေ ဖန်တီးပေးခဲ့တယ်။ 

နဂိုကတည်းက ငွေကြေးဖောင်းပွစေနိုင်သော ဖိအားတွေ ရှိနေပြီးသား အခြေအနေမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါ အခုလို စီးပွားပျက်ကပ်ဆိုက်တော့တာပဲ။ 

ဒါဖြင့် အာဏာသိမ်း စစ်အစိုးရ ဗဟိုဘဏ်အနေနဲ့ ငွေကြေးဖောင်းပွမှုကို အရှိန်တန့်သွားအောင် အတိုးနှုန်း ဆွဲတင်တာမျိုး ဘာ့ကြောင့် မလုပ်နိုင်သလဲ။ ဘဏ်အတိုးနှုန်းက ကိုဗစ်ဝင်ကာစမှာ ၃ကြိမ်ဆက်တိုက် ချခဲ့တယ် ဆိုပေမယ့် များနေတုန်းပဲ။ ဒါ့အပြင် ဘဏ်အတိုးနှုန်းကို ဆွဲတင်တယ်ဆိုတာ ခရက်ဒစ်နဲ့ ငွေကြေး ပမာဏကို ထိန်းချုပ်ပြီး ဝယ်အား လျှော့ချဖို့။ 

ဗမာပြည်မှာ ကုန်ဈေးတွေ ခေါင်ခိုက်နေပေမယ့် လုပ်ခလစာ နှုန်းထား တက်လာတာ မရှိဘူး၊ ဒါ့ကြောင့် ဝယ်လိုအားက လျှော့ချစရာမလိုအောင် ကျနေပြီးသား။ အလုပ်လက်မဲ့က သန်းချီများနေတော့ ဝယ်အားက အောက်ကို ထိုးဆိုက်နေတယ်။ ဒါ့အပြင် ကြွေးမြီတွေက တနင့်တပိုး။ 

ဒီအခြေအနေမှာ အတိုးနှုန်း ထပ်တက်လိုက်ရင် စီးပွားရေး ကျဆင်းမှုကို အဆင်းဘီးတပ်ပေးသလို ဖြစ်သွားမယ်။ ကြွေးမြီဝန်ထုပ်က အခုထက် ပိုပိသွားမယ်။ 

[ဒီနေရာမှာ လမ်းကြုံလို့ စကားချပ်ပြောရရင် ဈေးနှုန်းတက်တာ ဝယ်အားများနေလို့ ပြောတဲ့သူတွေကို လက်ရှိအခြေအနေကို ဘယ်လိုရှင်းပြမလဲ ခေါ်မေးသင့်တယ်။ ဒီဆောင်းပါးအစမှာ ပြောခဲ့တယ် မဟုတ်လား။ ဈေးနှုန်းဟာ ရောင်းအား၊ ဝယ်အား အတက်အကျကိုလိုက်ပြီး အပြောင်းအလဲ ဖြစ်တတ်တယ်။ ဒါပေမယ့် ဈေးနှုန်းကို ပြဌာန်းပေးတာ ရောင်းအား၊ ဝယ်အား မဟုတ်ဘူး။ ဈေးနှုန်းဆိုတာ ‘တန်ဖိုး’ကို ဗဟိုပြု ဖြစ်ပေါ်နေရတာ။] 

ဒီတော့ အုပ်စိုးသူ လူတန်းစားမှာ ရွေးလမ်းမရှိဘူး။ စီးပွားရေး ကျဆင်းမှုကို ပိုမဆိုးအောင် ငွေကြေးပေါ်လစီကို မတင်းကြပ်ဘူးဆိုရင် ငွေကြေးဖောင်းပွမှုက အခုဖြစ်နေသလို ထိန်းမနိုင် သိမ်းမရ ဆက်ဖြစ်မယ်။ ငွေကြေးဖောင်းပွမှုကို ထိန်းဖို့ ငွေကြေးပေါ်လစီကို တင်းကြပ်မယ်ဆိုရင် စီးပွားရေး ကျဆင်းမှုက ချောက်နက်ထဲ ထိုးကျသွားမယ်။ ဘယ်လမ်းရွေးရွေး ပျက်သုဉ်းရေးပဲ။ 

ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်ထဲက စာတပိုဒ်ကို နမူနာကြည့်ပါ။ “ငွေကြေးဖောင်းပွမှုနှုန်းကို အထိုက်အလျောက် လျော့ကျနိုင်ရန်နှင့် လက်ရှိနိုင်ငံ၏ စီးပွားရေး အခြေအနေများအရ ငွေကြေးမူဝါဒ နည်းလမ်းများအနက် မြန်မာကျပ်ငွေဖြင့် ထားရှိရမည့် အနည်းဆုံး သီးသန့်ငွေလိုအပ်ချက် အချိုးအား လက်ရှိ ၃ ရာခိုင်နှုန်းမှ ၃.၅ ရာခိုင်နှုန်းသို့ တိုးမြှင့်ခြင်းကို အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက် ထိန်းသိမ်းမှုကာလ (၂၆.၄.၂၀၂၃ - ၂၃.၅.၂၀၂၃) မှ စတင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။” [https://www.cbm.gov.mm/content/7974]

၂၀၂၀ နှစ်ဆန်းပိုင်းမှာ ၅% သတ်မှတ်ထားခဲ့ရာက ၃% အထိ လျှော့ချခဲ့တယ်။ ဒါပေမယ့် အခုလို ငွေကြေးဖောင်းပွမှု ဆိုးရွားနေချိန်မှာ ၅% အထိ ပြန်မတက်နိုင်သလို၊ အတိုးနှုန်းကို ကိုဗစ်မတိုင်ခင် နှုန်းထားအတိုင်း ပြန်မတက်နိုင်ဘူး။ 

ငွေကြေးဖောင်းပွမှု ထိန်းဖို့ရာ ဘာမှမလုပ်နိုင်ပေမယ့် ငွေကြေးဖောင်းပွမှု ပိုဆိုးအောင်တော့ အာဏာသိမ်း စစ်အစိုးရက ကောင်းကောင်းကြီး လုပ်တတ်တယ်။ အာဏာသိမ်း စစ်အစိုးရအနေနဲ့ ငွေဝင်လမ်းတွေ နည်းသထက် နည်းလာတယ်။ နိုင်ငံပိုင်ဘဏ်နှစ်ခု အရေးယူပိတ်ဆို့ခံရတာ၊ စင်္ကာပူ UOB ဘဏ်က ဒဏ်ခတ်ပိတ်ဆို့လိုက်တာ၊ အစရှိတဲ့ ပြင်ပအကြောင်းအချက်တွေအပြင် အာဏာသိမ်းစစ်တပ်ရဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ ရွာစဉ်လှည့် မီးရှို့ဖျက်စီးမှုတွေကြောင့် ကုန်လုပ်စွမ်းအားစုတွေ အများအပြား ဆုံးရှုံးသွားရတယ်။ နဂိုကမှ မထိန်းနိုင်ဖြစ်နေတဲ့ ငွေကြေးဖောင်းပွမှုဟာ အာဏာသိမ်း စစ်တပ်ကြောင့် တနေ့တခြား ပိုဆိုးလာနေတယ်။

အုပ်စိုးသူ လူတန်းစား ဘယ်လမ်းရွေးရွေး လက်ရှိအကြပ်အတည်းကို မဖြေရှင်းနိုင်ဘူး။ ပိုဆိုးဖို့ပဲ ရှိတယ်။ ကြိုက်တဲ့လမ်းကိုရွေး - deep slump လား၊ ငွေကြေးဖောင်းပွမှုလား။ အရင်းရှင်စနစ် အခြေခံပေါ်မှာ အဖြေမရှိဘူး၊ အားလုံး ပျက်သုဉ်းရေးပဲ ရှိတယ်။ 

အုပ်စိုးသူ လူတန်းစားနဲ့ သူတို့အရင်းရှင်စနစ် အကြပ်အတည်းဒဏ်ကို အလူးအလဲ ခံနေရတာ အလုပ်သမား လူတန်းစားပါ။ အတင်းအကြပ် ခြိုးခြံရေးနဲ့ ငွေကြေးဖောင်းပွမှုကို တပြိုင်တည်း ခံနေကြရတယ်။ ဒါ့ကြောင့် အရင်းရှင်စနစ်ရဲ့ ပဋိပက္ခတွေက လူတန်းစား တိုက်ပွဲ ပြင်းထန်လာအောင် ပြင်ဆင်ပေးပြီး ဖြစ်ပါတယ်။ 

လက်သည်တရားခံက အရင်းရှင်စနစ်

ဒီတော့ ငွေကြေးဖောင်းပွမှုဆိုတာ အကြောင်းအချက်တွေ၊ ဖြစ်စဉ်တွေ၊ ဒိုင်နန်းမစ်(ခ်စ်)တွေ ထွေးရောယှက်တင် အပြန်အလှန် သက်ရောက်နေတဲ့ ရှုပ်ထွေးလှတဲ့ ဖြစ်စဉ်တခုပဲ။ ဦးခေါင်း အများကြီးရှိတဲ့ ဟိုက်ဒြာမြွေဆိုးနဲ့ တူတယ်။ ဒါပေမယ့် ဒီဖြစ်စဉ်ကို ဘယ်ရှုထောင့်ကကြည့်ကြည့် အလုပ်သမားထုကို အပြစ်ပြောစရာ တကွက်မှ မရှိဘူး။ အဓိက လက်သည်တရားခံက အရင်းရှင်စနစ်ပဲ။ 

၂၀၀၈ ကစလို့ (တကယ်တမ်း ပြောရရင် ၂၀ရာစုတလျှောက်လုံး) ကမ္ဘာ့စီးပွားရေးထဲ ငွေတွေ အဆင်ခြင်မဲ့ လောင်းထည့်နေခဲ့တာ အုပ်စိုးသူ လူတန်းစားနဲ့ သူ့ကိုယ်စားလှယ်တွေပဲ။ တဟုန်းဟုန်း မီးလောင်‌နေလို့ မီးငြှိမ်းဖို့ရာ မီးကွင်းပစ်သမား ခေါ်ထားသလို ဖြစ်နေတယ်။

ရှားပါးပြတ်လပ်မှုကနေ အမြတ်တွေ ရနေတာ အရင်းရှင်တွေပါ။ ထုတ်လုပ်ရေး လုပ်ငန်းတွေထဲ ရင်းနှီးမြှုပ်နှံမှု မလုပ်ဘဲ ဈေးကစားခြင်း၊ ငွေလှောင်ခြင်း လုပ်နေကြသူတွေ။ 

ထောက်ပံ့ရေး ချိန်းတန်းတွေကို အဆုံးစွန်ထိ ဆွဲဆန့်၊ လုပ်သားတွေ အနည်းဆုံးထိ လျှော့ချပြီး အမြတ်တွေ များနိုင်သမျှ အများဆုံး ညှစ်ထုတ်နေတာ နိုင်ငံဖြတ်ကျော် လက်ဝါးကြီးအုပ်လုပ်ငန်းစုတွေပါ။ 

လုပ်ခလစာတွေ လျှော့ချ၊ အလုပ်ခွင် အခြေအနေတွေ ဆိုးသထက်ဆိုးအောင် လုပ်လာခဲ့တာ ဘီလျံနာကြီးတွေ၊ အလုပ်ရှင်သူဌေးကြီးတွေပါ။ နောက်ဆုံး အသက်သွေးကြော စက်ရုံကြီးတွေမှာ လုပ်သား ရှားပါးလာတယ်၊ အလုပ်သမားတွေ အမှန်တကယ် ရရှိနေတဲ့ လုပ်အားခ နည်းသထက် နည်းလာတယ်။ 

ပြည်တွင်းလုပ်ငန်း အဓိကဦးစားပေးဝါဒကို ကျင့်သုံးနေတာ အရင်းရှင် နိုင်ငံရေးသမားတွေပါ။ သူတို့တိုင်းပြည်က အရင်းရှင် လူတန်းစား အကျိုးစီးပွား ကာကွယ်ဖို့ စီးပွားရေး အမျိုးသားရေးဝါဒကို ကျင့်သုံးလာကြသူတွေ။ ကုန်သွယ်ရေး တံတိုင်းတွေ ခတ်ကြတယ်။ ပြည်ပရောက်နေတဲ့ လုပ်ငန်းတွေ ပြည်တွင်း ပြန်ရွှေ့ကြတယ်။ ငွေကြေးတန်ဖိုးတွေကို အပြိုင်အဆိုင် ချပစ်ကြတယ်။ ဒီလိုနည်းနဲ့ အကြပ်အတည်းကို တခြားအရပ် တင်ပို့ဖို့ လုပ်လာတယ်။ 

လူ့အဖွဲ့အစည်းရဲ့ ဓနတွေကို သတ်ဖြတ်ရေး စစ်လက်နက် အသုံးစရိတ်အဖြစ် ဖြုန်းတီးပစ်နေတာလည်း အဲဒီ နယ်ချဲ့စစ်ဘီလူးတွေပါပဲ။ ပြိုင်ဖက်တိုင်းပြည်တွေကို စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ကြတယ်။ စီးပွားရေး ကသောင်းကနင်း ဖြစ်ပြီး လောင်စာဆီဈေးတွေ၊ အရေးကြီး လူသုံးကုန်ဈေးတွေ တက်သွားတယ်။ ကြားခံ နယ်ချဲ့စစ်ကို တိုက်နေကြတာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအတွက် မဟုတ်ပါဘူး။ သူတို့ဈေးကွက် ချဲ့ထွင်ဖို့၊ ဩဇာခံနယ်မြေ ချဲ့ထွင်ဖို့ စစ်ခင်းနေကြတာပါ။ 

တကယ့် လက်သည်တရားခံက အရင်းရှင်စနစ်ပါပဲ။ ငါတို့အသက်တွေ၊ အနာဂတ်တွေကို မမြင်ရသော ဈေးကွက်အင်အားစုတွေက စိုးမိုးခြယ်လှယ်နေတဲ့ ပရမ်းပတာ စနစ်၊​ လူ့အဖွဲ့အစည်းရဲ့ များပြားလှသော အရင်းအမြစ်တွေကို လက်တဆုပ်စာ အရင်းရှင်ကြီးတွေ အမြတ်ရရှိရေး ထင်သလို ဖြုန်းတီးနေတဲ့ စနစ်။ 

နောက်ဆုံးသတ္တုချလိုက်ရင် ငွေကြေးဖောင်းပွမှုဆိုတာ အရင်းရှင်စနစ် ယိုယွင်းပျက်စီးခြင်းနဲ့ ပရမ်းပတာဖြစ်မှုရဲ့ လက္ခဏာတခုပဲ။ ငွေကြေးဖောင်းပွမှု ပလိပ်ရောဂါကို အမြစ်ဖြတ်ဖို့ဆိုရင် ဈေးကွက်စီးပွားရေးစနစ်ကို ဖယ်ရှားပစ်ရမယ်၊ ကုန်ထုတ်လုပ်မှုကို ပုဂ္ဂလိက ပိုင်ဆိုင်မှုအဖြစ်ကနေ လူ့အဖွဲ့အစည်းပိုင် ပြောင်းလဲပြီး အလုပ်သမားထုကိုယ်တိုင် ထိန်းချုပ်မောင်းနှင်ရမယ်။

'တန်ဖိုး၊ ဈေးနှုန်းနဲ့ အမြတ်' စာအုပ်မှာ မာ့(က်စ်)က အခုလို သတိပေးထားတယ်။ “အလုပ်သမား လူတန်းစား အခုတိုက်နေတာ အကျိုးဆက်ပဲ ရှိသေးတယ်၊ ဒီအကျိုးဆက်တွေရဲ့ အကြောင်းတရားတွေကို မတိုက်ရသေးဘူး၊ ဒီအချက်ကို မမေ့သင့်။ အောက်ထိုးဆင်းနေတဲ့ လှုပ်ရှားမှုကို ဟန့်တားနေကြတာ၊ သွားရာလမ်းကြောင်းကို ပြောင်းလဲနေတာ မဟုတ်မှန်း သတိချပ်ရမယ်။ ဝေဒနာ သက်သာဆေးပဲ တိုက်နေတာ၊​ အမြစ်ဖြတ်ဆေး မဟုတ်သေးဘူးဆိုတာ မမေ့သင့်။” 

ဒါ့ကြောင့် အလုပ်သမား လူတန်းစားအတွက် စစ်မှန်တဲ့ တခုတည်းသော အဖြေက ဘီလျံနာတွေ မောင်ပိုင်စီးထားတဲ့ ကုန်လုပ်ပစ္စည်းတွေကို ပြန်သိမ်းယူပြီး၊​ စီးပွားရေးကို ဆိုရှယ်လစ် လမ်းကြောင်းအတိုင်း ပဲ့ကိုင်မောင်းနှင်သွားဖို့ ဖြစ်တယ်။ 

အဲဒါ ငါတို့လုပ်ရမယ့် တော်လှန်ရေး တာဝန်ပဲ။ အရင်းရှင်စနစ်က ပျက်ကပ်ဆိုက်နေပြီ။ ဇရာထောင်းနေတဲ့ အဲဒီစနစ်ကို ဖာထေးမွမ်းမံနေလို့ မရပေ။ ဖြိုချပစ်ရမယ်။

ဒင်းနူး 

၁၅ ဩဂုတ်လ၊ ၂၀၂၃

[အများစုကို အောက်ပါဆောင်းပါးမှ ဘာသာပြန်ပါတယ်။ ပြည်တွင်းသုံးသပ်ချက် အချို့ကို ကြားညှပ်ရေးထားပါတယ်]

Based on Adam Booth's article, 'Marxism, Money and Inflation' from In Defence of Marxism theoretical quarterly 38