ဗမာပြည် အရင်းရှင်စနစ် ပျက်ကပ်

ဒီကနေ့ အရင်းရှင်စနစ် အကြပ်အတည်းဟာ ၁၉၂၉-၃၀ ခုနှစ်တွေမှာ ဖြစ်ခဲ့တဲ့ ကမ္ဘာ့စီးပွားပျက်ကပ် (Great Depression) နောက်ပိုင်း အပြင်းထန်ဆုံးနဲ့ အကျယ်ပြန့်ဆုံး အကြပ်အတည်း ဖြစ်ပါတယ်။ ကမ္ဘာ့ အရင်းရှင်စနစ်တခုလုံး ကပ်ဆိုက်နေတဲ့ ကာလ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် ကြီးစိုးတဲ့ ဗမာပြည် အရင်းရှင်စနစ် အကြပ်အတည်းဟာ ပိုသိပ်သည်း ပြင်းထန်တယ်လို့တောင် ဆိုနိုင်တယ်။ တနည်းအားဖြင့် ကမ္ဘာ့ အရင်းရှင်စနစ် အကြပ်အတည်းရဲ့ acute expression လို့ ပြောရပါလိမ့်မယ်။

စီးပွားပျက်ကပ်ဆိုတာမျိုးက ဘောဂဗေဒ ပညာရှင်တွေနဲ့ပဲ သက်ဆိုင်တာ မဟုတ်ဘူး။ ဆင်းရဲသား နင်းပြား လုပ်သားထုကြီးတရပ်လုံးရဲ့ သေရေးရှင်ရေး ပြဿနာ ဖြစ်ပါတယ်။ တိုင်းပြည် ချွတ်ခြုံကျလေ စကစ အကြပ်ဆိုက်လေ ထင်နေကြတဲ့ နုဂျီနဲ့ သူ့လော်ဘီ ပက်တီးဘူဇွာတွေရဲ့ ရူးနှမ်းနှမ်းအမြင်မျိုးကို ဆန့်ကျင်ရမယ်။

ဒီစီးပွားပျက်ကပ်ကို အလေးအနက် ဆန်းစစ်ကြည့်ဖို့ လိုအပ်ပါတယ်။ စီးပွားပျက်ကပ် ဖြစ်ပြီဟေ့ဆိုရင် အာဏာသိမ်း စစ်အုပ်စုအပါအဝင် အရင်းရှင် လူတန်းစားက တကယ်မခံရပါဘူး၊ အဖိနှိပ်ခံ နင်းပြား လူထုပဲ ကုန်းခံကြရတာပါ။

Empiricism ရဲ့ အကန့်အသတ်

၂၀၂၃ ဇွန်လမှာ ကမ္ဘာ့ဘဏ်က ‘မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာ’ ထုတ်လိုက်ပါတယ်။ ‘A Fragile Recovery’ လို့ နာမည်ပေးထားတယ်။ ဒါပေမယ့် ကမ္ဘာ့ဘဏ်က သူ့အာဘော် မဟုတ်ပါဘူးလို့ ကြိုကာထားတယ်။ အဲဒီအစီရင်ခံစာ ရေးသူတွေရဲ့ အမြင်ကိုပဲ ကိုယ်စားပြုပါသတဲ့။ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားတဲ့ ဘောဂဗေဒ အချက်အလက်တွေဟာ လက်ရှိဗမာ့စီးပွားရေး ပျက်ကပ်ကို ဆန်းစစ်ရာမှာ အထောက်အကူ ဖြစ်မယ်လို့ ယူဆပါတယ်။ ဒါပေမယ့် သူတို့နဲ့ ကျနော်တို့ အမြင်ချင်း၊ အဓိပ္ပါယ်ကောက်ပုံချင်း တူမှာတော့ မဟုတ်ဘူး။

မျက်နှာပြင်အောက် ပြောင်းလဲလှုပ်ရှားနေတဲ့ deep process တွေကို နားလည်ဖို့ အရေးကြီးပါတယ်။ ဒီလိုနားမလည်ဘဲ မြင်တွေ့ရသော အချက်အလက်ကိုချည်း အားကိုးလွန်းရင် တဖက်သတ်ကျလွန်းတဲ့ empiricism အမှားတွေ ကျူးလွန်တတ်တယ်။

ဥပမာပြရရင် ကမ္ဘာ့ဘဏ် အစီရင်ခံစာက ၂၀၂၃ မေလအထိ မြင်တွေ့ရတဲ့ အချက်အလက်တွေကို အခြေခံပြီး၂၀၂၃ ပထမနှစ်ဝက်မှာ ဗမာ့စီးပွားရေး တည်ငြိမ်လာတဲ့ လက္ခဏာတွေ တွေ့ရပြီလို့ ဆိုထားတယ်။ အစားအသောက်နဲ့ လောင်စာဆီဈေးတွေ ၂၀၂၂ ဒုတိယ နှစ်ဝက်မှာ အမြင့်ဆုံးထိ ရောက်ခဲ့ပေမယ့် အခု ၂၀၂၃ မှာတော့ ဈေးငြိမ်သလို ဖြစ်သွားပြီလို့ သုံးသပ်ထားတယ်။ တကယ့်လက်တွေ့မှာကျ ဒီအစီရင်ခံစာ ထွက်ပြီး တလအတွင်း ဆန်နဲ့ လောင်စာဆီဈေး ၅၀% ခုန်တက်သွားတယ်။

မနှစ်က ဇူလိုင်၊ ဩဂုတ်မှာ ဒေါ်လာဈေး အမြင့်ဆုံးတက်ခဲ့ပြီး ၂၈၅၀ ကျပ်ဝန်းကျင်မှာ ပြန်ငြိမ်သွားတယ်။ ဒီတော့ ၂၀၂၃ မှာ စားသောက်ကုန်နဲ့ လောင်စာဈေး အတက်မကြမ်းတော့ဘူး၊ ၂၀၂၃ စက်တင်ဘာအထိ တနှစ်တာ ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၁၄%လို့ ခန့်မှန်းတယ်၊ ၂၀၂၄ မှာ ဆက်ကျမယ်လို့လည်း ဟောကိန်းထုတ်တယ်။ တကယ့် လက်တွေ့မှာ အစီရင်ခံစာထွက်ပြီး တလခွဲအတွင်း တဒေါ်လာကို မြန်မာကျပ် ၄၀၀၀ ကျော်သွားခဲ့ပြီ။ ငွေကြေးဖောင်းပွမှု ၁၄% ဆိုတာ underestimation ဖြစ်ပါတယ်။

ထုတ်လုပ်ရေးကျဆင်းခြင်းနဲ့ ငွေကြေးဖောင်းပွမှု

‘မာ့(က်စ်)ဝါဒ၊ ငွေကြေးနဲ့ ငွေကြေးဖောင်းပွမှု’ ဆောင်းပါးမှာ ငွေကြေးဖောင်းပွမှုအကြောင်း အကျယ်တဝင့် ဆွေးနွေးပြီး ဖြစ်ပါတယ်။ ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေတဲ့ အကြောင်းအချက်တွေ အများကြီး ရှိပါတယ်။ ဝယ်အားများပြီး ရောင်းအားနည်းလို့ပဲ မဟုတ်ပါ။

ယေဘုယျဆိုရရင် ထုတ်လုပ်မှု တန်ဖိုး ကျဆင်းပြီး ငွေကြေးပမာဏ များလာရင် ငွေကြေးဖောင်းပွမှု ဖြစ်လာမယ်။ ၂၀၂၁ မှာ ဂျီဒီပီ -၁၈% ကျဆင်းသွားခဲ့ရာက ၂၀၂၃ မှာ ခပ်ပျော့ပျော့ နာလန်ထလာမယ်၊ ၃%လောက် တက်လာမယ်လို့ ကမ္ဘာ့ဘဏ် အစီရင်ခံစာက ဆိုပါတယ်။ ခန့်မှန်းထားသလို ၃% တက်လာခဲ့ရင်တောင်၂၀၁၉ ဂျီဒီပီထက် ၁၀% လျော့နေဦးမယ်လို့ ဆိုတယ်။ ဂျီဒီပီ ၃% တက်လာဖို့ ဆိုတာလည်း အခုအနေအထားနဲ့ဆို မဖြစ်နိုင်ဖို့ များပါတယ်။

အရေးကြီး ကုန်ထုတ်လုပ်ငန်းဖြစ်သော စိုက်ပျိုးရေး ကဏ္ဍဟာ နာလန်ထူလာဖို့ မဖြစ်နိုင်တဲ့ အခြေအနေမှာ ရှိနေဆဲ။ စိုက်ပျိုးရေး အဓိက လွင်ပြင်ဒေသဟာ စစ်တလင်း ဖြစ်နေတယ်။ အာဏာသိမ်း စစ်တပ်ရဲ့ ရွာလုံးကျွတ် မီးရှို့မှုတွေ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကြောင့် ကုန်ထုတ်လုပ်ငန်း မလည်ပတ်နိုင်ဘူး။ စစ်ပြေးကြရသူ IDP အရေအတွက် ၁.၈ သန်းရှိတယ်လို့ UNOCHA က ခန့်မှန်းထားတယ်။

ဒါ့အပြင် လောင်စာဆီ၊ ဓာတ်မြေဩဇာ အစရှိတဲ့ စိုက်ပျိုးရေး သွင်းကုန်ဈေးတွေ ထောင်တက်နေတယ်။ ကျပ်ငွေတန်ဖိုး ထိုးကျနေချိန် ပြည်ပက တင်သွင်းရတဲ့ ကုန်ပစ္စည်းတိုင်း ဈေးကြီးပါတယ်။ ဒါ့အပြင် စိုက်ပျိုးစရိတ် ချေးငွေ မရဘူး။ အစိုးရရဲ့ အမတော်ကြေး ထောက်ပံ့ငွေ မရှိဘူး။ စစ်ပြေးနေရလို့၊ အသတ်ခံရလို့၊ ပြည်ပထွက်သွားလို့ အစရှိတဲ့ အကြောင်းကြောင်းကြောင့် လုပ်သားရှားပါးမှု ဖြစ်တယ်။

ဒါ့အပြင် ရာသီဥတု ဖောက်ပြန်မှုဒဏ် ခံနေရတယ်။ မုန်တိုင်းဒဏ်၊ ရေကြီးရေလွှမ်းဒဏ်တွေ ခံထားရတယ်။ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် အမေရိကန် ဒေါ်လာ သန်း၂၀၀၀ ကျော်ဖိုး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က သတင်းထုတ်ပြန်ထားတယ်။

စက်မှုထုတ်လုပ်ရေးမှာလည်း အကျနာနေဆဲ။ ဗမာပြည်မှာ အကြီးစား စက်မှုလုပ်ငန်းရယ်လို့ မယ်မယ်ရရ မရှိပါဘူး။ ဗမာပြည်ရဲ့ ပို့ကုန်လုပ်ငန်းမှာ အထည်ချုပ်နဲ့ သဘာဝဓာတ်ငွေ့ကို အားကိုးနေရတယ်။ အထည်ချုပ် လုပ်ငန်းက ပို့ကုန်စုစုပေါင်းရဲ့ ၃၃% ရှိပြီး သဘာဝဓာတ်ငွေ့ တင်ပို့မှုက ပို့ကုန်စုစုပေါင်းရဲ့ ၂၃% ရှိတယ်။ ဒီနှစ်ခုပေါင်းက ပို့ကုန်အားလုံးရဲ့ ၅၅% ရှိနေတယ်။ အခု ၂၀၂၃ မှာ အဲဒီနှစ်ခု တင်ပို့မှုက ၂၀၂၂ ခု တင်ပို့မှုထက် ၁၁% ကျဆင်းနေသတဲ့။ စစ်အာဏာမသိမ်းခင်က ထုတ်ကုန်တင်ပို့မှုနဲ့ နှိုင်းယှဉ်ရင် ဒီထက် ပိုဆိုးပါလိမ့်မယ်။

၂၀၂၃ မှာ အထည်ချုပ် အမှာတွေ တက်လာတယ်လို့ ဆိုထားပေမယ့် လိုအပ်တဲ့ ကုန်ကြမ်း အလုံအလောက် မသွင်းနိုင်တာ၊ အချိန်မီ ရောက်မလာတာ၊ မီးခဏခဏ ပြတ်တာ၊ ဒီဇယ်သုံး ဓာတ်အားပေးစနစ် အစားထိုးသုံးရတာ၊ အစရှိတဲ့ အကြောင်းအချက်တွေကြောင့် ထုတ်လုပ်ရေး စရိတ်စက ပိုများလာသလို ပို့ကုန်ပမာဏလည်း ကျဆင်းနေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်ပအရင်း ဝင်ရောက်မှုက ကိုဗစ်ရောဂါကပ် မတိုင်ခင် ပမာဏရဲ့ တဝက်ပဲ ရှိသေးတယ်။ FDI ကတော့ မဆိုစလောက်ပဲ။ ၂၀၂၃ ပထမ ၄ လအတွင်း ဒေါ်လာ ၁၈၂ သန်းဖိုးပဲ ဝင်သေးတယ်။ ဝင်လာတဲ့ FDI စုစုပေါင်းရဲ့ ၅၀% က ဝန်ဆောင်မှု လုပ်ငန်းတွေ။ ၂၀၂၂ အောက်တိုဘာ-၂၀၂၃ ဇန်နဝါရီအတွင်း လုပ်ငန်းသစ် မှတ်ပုံတင် အရေအတွက်က ၂၀၂၀ ဇန်နဝါရီနဲ့ ယှဉ်ရင် ၄၃% လျော့နည်းနေတုန်းပဲ။ ကုန်ထုတ်လုပ်ရေး ကျဆင်းနေဆဲ ဖြစ်ကြောင်း ဒီအချက်အလက်တွေက ပြောနေတယ်။

တဖက်မှာ ဆူလွယ်နပ်လွယ် သတ္တုနဲ့ ကျောက်တူးဖော်ရေး လုပ်ငန်းတွေ ၂၀၂၂၊ ၂၀၂၃ မှာ ပိုများလာတယ်။ စစ်အာဏာသိမ်းပြီး ၂၀၂၁ နှောင်းပိုင်းကစလို့ အဖိုးတန်ကျောက်နဲ့ မြေရှားသတ္တုတွေ တရုတ်ကို တင်ပို့မှု သိသိသာသာ များလာတယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု ဆိုးရွားလာတယ်။ လောလောလတ်လတ်တင် ဖားကန့် မြေစာပုံပြိုလို့ လူတွေ ဒါဇင်ချီ သေဆုံးထားတယ် မဟုတ်ပါလား။ ရေရှည်ဆိုးကျိုးတွေလည်း ခံကြရဦးမယ်။

သဘာဝအရင်းအမြစ်ကို ထုတ်ရောင်းတဲ့ စီးပွားရေးဟာ ရေရှည်မခံပါဘူး။ အခုပဲကြည့်လေ၊ သဘာဝဓာတ်ငွေ့ တူးဖော်မှု အထွက်ကျသွားပြီ၊ ရဲတံခွန် ကမ်းလွန်ထုတ်လုပ်ရေးကွင်းမှာ သဘာဝဓာတ်ငွေ့ လက်ကျန် ခမ်းသလောက် ဖြစ်သွားပါပြီ။ ပြည်ပလက်ဝါးကြီးအုပ် ကုမ္ပဏီကြီးတွေ ထွက်ခွာသွားတဲ့အခါ နည်းပညာပိုင်း အားနည်းသွားတယ်၊ နယ်သစ်ရှာ ထုတ်နိုင်စွမ်းလည်း ကျသွားတယ်။ တရုတ်၊ ထိုင်းကို သဘာဝဓာတ်ငွေ့တင်ပို့မှု ၂၀၂၃ မှာ ကျသွားတယ်။

ရခိုင်ကမ်းရိုးတန်း ဒေသတွေက ဘင်္ဂလားဒေ့(ရှ်)ကို ရေထွက်ပစ္စည်း တင်ပို့မှု ၂၀၂၃ မှာ ၆၀% ကျဆင်းသွားခဲ့တယ်၊ ၂၀၂၂ ဧပြီ-ဇူလိုင်မှာ အမေရိကန် ဒေါ်လာ ၁၁.၅၁ သန်း တင်ပို့နိုင်ခဲ့ပေမယ့် ၂၀၂၃ မှာ လေးလအတွင်း ၄.၄၅ သန်းဖိုးပဲ တင်ပို့နိုင်ခဲ့တယ်လို့ ရခိုင်ပြည်နယ် ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းက ဩဂုတ်လ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တယ်။

ကျပ်ငွေတန်ဖိုး ကျဆင်းလာလို့ ဆန်စပါးအပါအဝင် စိုက်ပျိုးရေး ထွက်ကုန်တချို့ ဈေးကောင်းသယောင် ထင်ရပေမယ့် အောက်ခြေဆင်းရဲသား တောင်သူလယ်သမားက အကျိုးအမြတ် မခံစားရဘူး။ ထွက်လာတဲ့ သီးနှံ မပေါ်ခင်ကတည်းက ရောင်းဖို့ ပြင်နေရတာ။ မရောင်းမိရင်လည်း အာဏာသိမ်း စစ်တပ် မီးရှို့တာ ခံကြရတယ်။ ဒီတော့ အတက်ဈေးနဲ့ မရောင်းကြရပါဘူး။ စိုက်ပျိုးရေး သွင်းကုန်တွေကိုသာ အတက်ဈေးနဲ့ ဝယ်ကြရတာ။ ခေတ်ပျက်မှာ ကုန်လှောင်နိုင်တဲ့ အကြီးစား အရင်းရှင်တွေလောက်ပဲ အမြတ်များများ ရကြတယ်။

ထုတ်လုပ်ရေး၊ ကုန်ဖြန့်ဖြူးရေးမှာ သယ်ယူပို့ဆောင်ရေးကလည်း အင်မတန် အရေးကြီးပါတယ်။ ကျပ်ငွေတန်ဖိုး ကျဆင်းနေတယ်။ ယူကရိန်းစစ်နဲ့အတူ ကမ္ဘာ့လောင်စာဆီဈေး အတက်ကြမ်းတယ်။ ဒီတော့ ပြည်တွင်းလောင်စာဆီဈေး ထိုးတက်တယ်။ ဒါ့အပြင် လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်နေလို့ ပြည်တွင်းကုန်စည် ပို့ဆောင်ရေးမှာ စရိတ်စကတွေ ကြောက်ခမန်းလိလိ တက်သွားပါတယ်။

လမ်းဂိတ်ကြေး၊ ဆပ်ကြေးတွေအပြင် တိုက်ပွဲကြား ပိတ်မိလို့၊ လမ်းပိတ်နေလို့၊ တံတားကျိုးသွားလို့၊ မိုင်းဆွဲခံရလို့၊ အစရှိတဲ့ အကြောင်းအချက်မျိုးစုံကြောင့် ကုန်ကျစရိတ်ထောင်းသလို အချိန်ကြန့်ကြာတာ၊ လိုအပ်တဲ့ ကုန်ပစ္စည်းတိုင်း တင်ပို့မရတာတွေ ဖြစ်လာတယ်။ နောက်ဆုံး သာမန်လူထုပဲ ကုန်ဈေးနှုန်းကြီးလေးတဲ့ဒဏ် ခံကြရတယ်။ ကုန်သည်ကြီးတွေက အမြတ် ဘယ်လျော့ခံမလဲ။ ကုန်ကျစရိတ်များရင် ကုန်ဈေးတက်လိုက်တာပဲ။

ချုပ်လိုက်ရင် ကဏ္ဍအသီးသီးမှာ ထုတ်လုပ်ရေး ကျဆင်းနေသလို ထုတ်လုပ်ရေး၊ ဖြန့်ဖြူးရေး စရိတ်စက ကြီးလေးနေတယ်။ တဖက်မှာလည်း ထောက်ပံ့ရေး ချိန်းတန်းမှာ ရှော့(ခ်)တွေ တခုပြီးတခု ကြုံနေရဆဲ။ လတ်တလော ဥပမာဆိုရင် မြဝတီလမ်း မြေပြိုတဲ့ကိစ္စ။

Chart 1

ဒီအနေအထားမှာ ငွေကြေးပမာဏ များပြားလာရင် ငွေကြေးဖောင်းပွမှု ဆိုးဆိုးရွားရွား ဖြစ်လာမှာပဲ။ စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ အစီရင်ခံစာအရ M2 လို့ခေါ်တဲ့ စုစုပေါင်းငွေကြေးပမာဏဟာ ၂၀၁၉ စက်တင်ဘာမှာ ကျပ်သန်းထောင်ပေါင်း ၆၂၈၈၃ ရှိခဲ့ပြီး၊ ၂၀၂၂ စက်တင်ဘာမှာတော့ ကျပ်သန်းထောင်ပေါင်း ၈၀၀၀၈ ရှိခဲ့တယ်။ ၃နှစ်အတွင်း money supply ကျပ်ဘီလျံ ၁၇၁၂၅ ပိုများလာတဲ့သဘော။ ဒါဟာ ငွေကြေးဖောင်းပွမှု အခုလို ထိန်းမနိုင်သိမ်းမရ ဖြစ်လာစေတဲ့ အရေးကြီး အကြောင်းအချက် ဖြစ်ပါတယ်။

ဘတ်ဂျက်လိုငွေ၊ ကုန်သွယ်ရေး လိုငွေ

ဘတ်ဂျတ်လိုငွေက ဂျီဒီပီရဲ့ ၆% လောက်ရှိမယ်လို့ ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာ ခန့်မှန်းထားတယ်။ လိုငွေပြနေတယ်ဆိုတော့ အစိုးရဘဏ္ဍာရေး အသုံးစရိတ် များနေလို့ပေါ့။ များတယ်သာဆိုရဲ့၊ ပညာရေးနဲ့ ကျန်းမာရေး နှစ်ခုပေါင်း အသုံးစရိတ်က ဂျီဒီပီရဲ့ ၂% မရှိဘူး။ ၂၀၂၀ မှာ ၃.၆% သုံးခဲ့ရာက အခု ၂၀၂၃မှာ ၁.၈%ပဲ သုံးတော့တယ်။ အဲလိုပဲ အများပြည်သူဆိုင်ရာ ပရောဂျက်တွေမှာ အာဏာသိမ်း စစ်အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုက ၂၀၂၀ နဲ့ ယှဉ်ရင် ၈% ကျသွားတယ်။ ဒီတော့ public sector မှာ အလုပ်ကိုင် အခွင့်အလမ်း ပိုနည်းသွားတယ်။

ပညာရေး၊ ကျန်းမာရေးကို ငတ်နေတဲ့ လူထုက ကိုယ့်ဘာသာ အိတ်စိုက်ဖြေရှင်းကြရတယ်။ ကျန်းမာရေး ကဏ္ဍမှာ လိုအပ်တဲ့ ဆေးဝါးနဲ့ ဆေးပစ္စည်းအားလုံးနီးပါး ပြည်ပကနေ တင်သွင်းရတယ်။ ကျပ်ငွေတန်ဖိုး ကျဆင်းနေလို့ တင်သွင်းစရိတ်တွေ အဆမတန် ကြီးလေးလာတယ်။ ဒီအခါ အိတ်စိုက်ဖြေရှင်းရတဲ့ လူထုအဖို့ အလွန်ကြီးလေးတဲ့ ဝန်ထုပ်ကြီးဖြစ်လာတယ်။

အရင်းရှင်စနစ်အောက်မှာ ပညာရေး၊ ကျန်းမာရေးဟာ အဖိုးအခ ကြီးလွန်းတဲ့ ‘ရောင်းကုန်’ (commodities) ဖြစ်လာတယ်။ ဒါ့ကြောင့် ကျနော်တို့အနေနဲ့ ပညာရေး၊ ကျန်းမာရေးကို privatization လုပ်ပြီး ရောင်းကုန်အဖြစ် ပြောင်းလဲပစ်ခြင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ရမယ်။ အရည်အသွေး ပြည့်ဝတဲ့ ပညာရေး၊ ကျန်းမာရေးကို ပြည်သူလူထုတရပ်လုံး အခမဲ့ ရရှိရမယ်။

အာဏာသိမ်း စစ်အစိုးရက ပညာရေး၊ ကျန်းမာရေးအတွက် ဂျီဒီပီရဲ့ ၁.၈%သာ သုံးစွဲပေမယ့် ပြည်သူကို သတ်ဖြတ်ဖို့ စစ်လက်နက် အသုံးစရိတ်ကို နင့်နေအောင် သုံးစွဲထားတယ်။ ဒီတော့ ဘတ်ဂျက်လိုငွေပြတယ်။

ဒီအခါ ဗဟိုဘဏ်က အကြွေးယူတဲ့နည်းနဲ့ ဘဏ္ဍာထောက်ပံ့ပေးတယ်။ အစိုးရဘဏ္ဍာကို ဗဟိုဘဏ်က မတည်ပေးတာ ၆၅% အထိ တိုးလာတယ်။ ဒီအခါ တိုင်းပြည်ကြွေးမြီလဲ ပိုတိုးလာမယ်။ ကြွေးမြီနည်းနဲ့ မဟုတ်ရင်လည်း ငွေသားတွေ ရိုက်ထုတ်ပြီး ဆေးမြီတိုနည်းနဲ့ ဖြေရှင်းလေ့ရှိတယ်။ ဒီလုပ်ရပ်တွေက ငွေကြေးဖောင်းပွမှု ဖြစ်စေတဲ့ ဖိအားတွေပဲ။

အထက်မှာ ဆိုခဲ့သလိုပဲ ပို့ကုန်တန်ဖိုးက ကျဆင်းနေတယ်။ သွင်းကုန်တန်ဖိုးက မကျဘူး။ စားသုံးဆီလို အခြေခံ စားသုံးကုန်မျိုးကအစ ပြည်ပကနေ တင်သွင်းနေရတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ ကုန်ကြမ်းပေါပေမယ့် စွမ်းအင်နဲ့ လောင်စာဆီကိုလည်း ပြည်ပက တင်သွင်းရတယ်။ ဆေးဝါးဆိုရင်လည်း ပါရာစီတမောကစ တင်သွင်းရတယ်။ ဒီတော့ သွင်းကုန်တန်ဖိုး ဘယ်လိုလုပ် ကျမလဲ။

အာဏာသိမ်း စစ်အစိုးရက ပြည်ပကနေ ကုန်ပစ္စည်းတင်သွင်းမှုကို ကန့်သတ်ထိန်းချုပ်ဖို့ ကြိုးပမ်းတာတွေ ရှိပါတယ်။ ဒါပေမယ့် တင်သွင်းမှုကို လျှော့ချလို့မှ မရဘဲ။ သူတို့ကန့်သတ် ထိန်းချုပ်လေ မှောင်ခိုလမ်း ပွင့်လေပဲ။ ကန့်သတ်ထိန်းချုပ်လိုက်လို့ တင်သွင်းမှု ကျဆင်းသွားခဲ့ရင် အခြေခံ လိုအပ်ချက် ကုန်စည်တွေ ပြတ်လပ်မယ်။ ကုန်ဈေးနှုန်း ခုန်တက်သွားမယ်။

အခုလည်း မှောင်ခိုဈေးကွက်က အတော်ကြီးနေပါပြီ။ အတွင်းလှိုက် ပျက်စီးနေတဲ့ ဗျူရိုကရေစီအောက်မှာ အကျင့်ပျက်ခြစားမှုတွေ၊ လာဘ်သင့်ရာ လိုင်စင်ချပေးတာတွေ ဒင်းကြမ်းအပြည့်ပေါ့။

နိုင်ငံခြား ငွေကြေးကို ထိန်းချုပ်လိုတဲ့ အာဏာသိမ်း စစ်အစိုးရဟာ သွင်းကုန်လိုင်စင် တင်းကြပ်တာတွေ လုပ်ခဲ့တယ်။ ဒါပေမယ့် ဗျူရိုကရေစီနည်းနဲ့ ကိုင်တွယ်ဖို့ ကြိုးစားတဲ့အခါ သူတို့ထင်သလို ဖြစ်မလာဘူး။ တဖက်မှာလည်း အခြေခံ စားသုံးကုန်တွေ အလုံအလောက် မတင်သွင်းနိုင်ရင် ဖြစ်လာမယ့် နောက်ဆက်တွဲ အခြေအနေကို သူတို့လည်း ကြောက်ပါတယ်။ ဒါ့ကြောင့် အစိုးရ ဗဟိုဘဏ်က ဝင်ပါတာမျိုး လုပ်ရတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီး ၆လအတွင်း ဗဟိုဘဏ်က အမေရိကန် ဒေါ်လာ သန်း ၉၀ နီးပါး ထုတ်ရောင်းပေးခဲ့တယ်လို့ ဧရာဝတီ သတင်းဌာနက ၂၀၂၁ ဇူလိုင် ၂၉ ရက်နေ့မှာ ဖော်ပြခဲ့တယ်။ တကယ်တော့ ဒီနောက်လတွေမှာလည်း ဗဟိုဘဏ်က တောက်လျှောက် ထုတ်ရောင်းခဲ့ပါတယ်။ ဗဟိုဘဏ်ရဲ့ အစီရင်ခံစာအရ ၂၀၂၂ မတ်လအထိ အမေရိကန် ဒေါ်လာ ၄၁၇ သန်း ထုတ်ရောင်းပေးခဲ့တယ်။

Chart 2

‘စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ဝရုန်းသုန်းကား ကျဆင်းနေသော မြန်မာကျပ်ငွေ တန်ဖိုးကို ထိန်းထားနိုင်ရန်’လို့ ဧရာဝတီက ရေးပါတယ်။ တကယ်တော့ အာဏာမသိမ်းခင်ကလည်း ဗဟိုဘဏ်က ဒါမျိုးတွေ လုပ်ခဲ့ဖူးတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလလို့ အမွှန်းတင်နေတုန်းကတော့ ‘သွင်းကုန် ၃မျိုးအတွက် ဗဟိုဘဏ်က ဒေါ်လာရောင်းပေးမည်’လို့ ဧရာဝတီ သတင်းဌာနက ၂၀၁၅ ဇွန် ၁၇ ရက်မှာ ရေးသားဖော်ပြတယ်။

ပြင်ပဒေါ်လာပေါက်ဈေးက များနေတဲ့အခါ ပြည်ပကုန်စည် တင်သွင်းမှု မကျဆင်းအောင် ဗဟိုဘဏ်တွေက ဒေါ်လာကို ပြင်ပပေါက်ဈေးထက် လျှော့ရောင်းပေးကြတာမျိုး ဖြစ်ပါတယ်။ သွင်းကုန်သမားတွေ ဈေးချိုချိုနဲ့ ဒေါ်လာဝယ်ပြီး သွင်းကုန်ဆက်သွင်းနိုင်အောင် ဗဟိုဘဏ်က ကြားဝင်ဆောင်ရွက်တဲ့သဘော။ ဒါပေမယ့် သွင်းကုန်သမားတွေ လက်ထဲ တိုက်ရိုက်ထည့်ပေးတာမျိုး မဟုတ်ဘူး၊ ပြည်တွင်းဘဏ်တွေကတဆင့် ထုတ်ရောင်းလေ့ရှိတယ်။

ဒီနည်းလမ်းကို ဗင်နီဇွဲလားမှာလည်း ကျင့်သုံးခဲ့ဖူးတယ်။ အမာခံငွေကြေး (ဒေါ်လာ) ရှားပါးလာတဲ့အခါ ဗင်နီဇွဲလား အစိုးရက သွင်းကုန် ကျမသွားအောင် ငွေလဲနှုန်းကို စနစ်နှစ်မျိုး ကျင့်သုံးလိုက်တယ်။ ပြင်ပပေါက်ဈေးက တဒေါ်လာ ၁၀၀၀၀Bs ဖြစ်နေချိန်မှာ ဗင်နီဇွဲလား အစိုးရက သွင်းကုန်သမားတွေကို ‘preferential rate’ ဆိုပြီး တဒေါ်လာ ၁၀Bs နဲ့ ထုတ်ရောင်းပေးခဲ့တယ်။

အဲဒီလို ‘preferential rate’ နဲ့ ဝယ်လို့ရလာတဲ့ ဒေါ်လာတွေကို အခြေခံစားသုံးကုန်တွေ တင်သွင်းဖို့ မသုံးကြပါဘူး။ ဈေးကောင်းရတဲ့ ပြင်ပဈေးကွက်မှာ ပြန်ရောင်းစားကြတယ်။ ဒါမှမဟုတ်ရင်လည်း ပြည်ပကို အသာလေး မ,သွားကြတာပဲ။ တချို့ခန့်မှန်းချက်တွေအရ အရင်းရှင်တွေ၊ စီးပွားရေးသမား အတုတွေ၊ အကျင့်ပျက် ဗျူရိုကရက်တွေ ၁၅နှစ်အတွင်း ပြည်ပကို ခပ်ထုတ်သွားတဲ့ ဒေါ်လာငွေ စုစုပေါင်း ဘီလျံ ၃၀၀ လောက် ရှိသတဲ့။ ဒီတော့ အမာခံ ငွေကြေးခမ်းသွားခဲ့သလို အခြေခံ စားသုံးကုန်လည်း အလုံအလောက် မသွင်းနိုင်ခဲ့ဘူး။ အခြေခံစားသုံးကုန် ပြတ်လပ်မှုတွေ ဖြစ်ခဲ့တယ်။ ငွေကြေးဖောင်းပွမှုလည်း အဆိုးရွားဆုံး ဖြစ်ခဲ့တယ်။

ဗင်နီဇွဲလားမှာ ဖြစ်ခဲ့တာတွေကို ဆိုရှယ်လစ်စနစ်ရဲ့ ကျဆုံးမှုလို့ ဝါဒဖြန့်တတ်ကြတယ်။ တကယ်တော့ ဆိုရှယ်လစ် စနစ်ဆိုရင် အဲဒီလို မလုပ်ဘူး။ ဆိုရှယ်လစ်စနစ်ဆိုရင် အရင်းရှင် လူတန်းစားကို ဈေးချိုချိုနဲ့ ဒေါ်လာထုတ်ပေးပြီး ပြည်ပကနေ ကုန်သွင်းခိုင်းပါ့မလား။ ဗင်နီဇွဲလားက အရင်းရှင်စနစ်ကို မဖြိုချခဲ့လို့ အဲသလို ဖြစ်ခဲ့တာ။

အခု ဗမာပြည်မှာ အစိုးရ ဗဟိုဘဏ်က ပြင်ပပေါက်ဈေးထက် လျှော့ပြီး ‘preferential rate’ နဲ့ ဒေါ်လာတွေ သန်း၅၀၀ကျော် ထုတ်ရောင်းခဲ့တယ်။ အရင်းရှင်စနစ် အကြပ်ဆိုက်နေချိန် အရင်းရှင် အစိုးရတွေ ထုတ်သုံးလေ့ရှိတဲ့ နည်းတမျိုးပဲ။

အရင်းရှင် လူတန်းစားက အမြတ်ရမှ ကုန်ထုတ်တယ်၊ အမြတ်ရမှ ကုန်သွင်းတယ်။ ဒါ့ကြောင့် အစိုးရက ကြားဝင်ပြီး အရင်းရှင် လူတန်းစား အမြတ်မနည်းရအောင် လုပ်ပေးတယ်။ ဗျူရိုကရေစီနည်းနဲ့ ကိုင်တွယ်တာမို့ အလေအလွင့်တွေ ဖြစ်မယ်၊ အကျင့်ပျက်ခြစားမှုတွေ ရှိမယ်၊ လာဘ်သင့်ရာ စားတော်ခေါ်မယ်။ ဒါလည်း အရင်းရှင်စနစ်ရဲ့ မွေးရာပါ ဗီဇတွေပဲလေ။ သွင်းကုန်လိုင်စင် တင်းကြပ်လိုက်လို့ အာဏာသိမ်း စစ်အစိုးရကို အရင်းရှင် အစိုးရမဟုတ်ဘူး၊ ဈေးကွက်စနစ် ပျက်ပါပြီ အော်နေကြတာ။ တကယ်တော့ စစ်သမှ ရေမရောတဲ့ အရင်းရှင်စနစ်။

အဲဒီလို အရင်းရှင် လူတန်းစား အမြတ်မနည်းအောင် ‘preferential government-subsidized’ ဒေါ်လာတွေ အာဏာပိုင်တွေနဲ့ လက်သင့်ရာ အရင်းရှင်တချို့ လက်ထဲ ရောက်သွားတော့ ဘာဖြစ်လဲ။ ဗင်နီဇွဲလားမှာ ဖြစ်ခဲ့သလောက် အခြေအနေ ဆိုးမဆိုး အတိအကျ မပြောနိုင်ပေမယ့် အမာခံ ငွေကြေး လျော့နည်းသွားမှာ သေချာတယ်။ ကျပ်ကို ကျားကန်ထားတဲ့ အမာခံငွေကြေး ခမ်းလာရင် ငွေကြေးဖောင်းပွမှု ပိုဆိုးလာမှာပဲ။

အဲဒီလို အမာခံ ငွေကြေးခမ်းပြီး ကျပ်တန်ဖိုး ကျဆင်းလေ သွင်းကုန်ဈေးတွေ ခုန်တက်လေပဲ။ အထက်မှာ ဆိုခဲ့သလိုပဲ ပို့ကုန်တန်ဖိုးက ဆက်ကျနေဆဲ ဖြစ်လို့ ပြည်ပကုန်သွယ်ရေးမှာ လိုငွေပြပါတယ်။ ဂျီဒီပီရဲ့ ၆%နီးပါး ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားတယ်။ ဒီခန့်မှန်းချက်ကိုလည်း နည်းလေသလားလို့ သံသယဝင်စရာ။

အနောက်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ

အနောက်အရင်းရှင်နိုင်ငံကြီးတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့်လည်း အမာခံ ငွေကြေး လျော့ပါးခဲ့ရတယ်။ ၂၀၂၁ စစ်အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပဲ အမေရိကန် ဖက်ဒရယ် ဗဟိုဘဏ်မှာ အပ်နှံထားတဲ့ ဒေါ်လာ သန်းတထောင်ကို အမေရိကန် ဗဟိုဘဏ်နဲ့ အစိုးရက စာရှင်းပိတ်ချလိုက်ပါတယ်။ ရက်အကန့်အသတ်မရှိ ပိတ်ချခဲ့ခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့လိုက်လို့ ဒေါ်လာသန်း ၅၀၀ကျော် ပြည်ပမှာ ပိတ်မိနေပါတယ်။ အဲဒီအတွက် နေပြည်တော်က စစ်ဗိုလ်ချုပ်ကြီးတွေ ခေါင်းခဲနေရတယ်လို့ Myanmar Now က ရေးထားတယ်။ ဘယ်စစ်ဗိုလ်ချုပ်က ခေါင်းခဲမှာလဲ။ အများပြည်သူပဲ ငွေကြေးဖောင်းပွမှုဒဏ် အလူးအလဲ ခံရတာ။

မကြာခင်ကပဲ နိုင်ငံခြား ငွေကြေးနဲ့ ပတ်သက်လို့ အခရာအကျဆုံးဖြစ်တဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်တွေကို အမေရိကန် အစိုးရက အရေးယူပိတ်ဆို့လိုက်တယ်။ ဒီနောက် မကြာခင်မှာ အမေရိကန် အစိုးရရဲ့ အမိန့်အရ ဘင်္ဂလားဒေ့(ရှ်)နိုင်ငံ ဆိုနလီဘဏ်မှာ အဆိုပါဘဏ်နှစ်ခု အပ်နှံထားတဲ့ ဒေါ်လာ တသန်းကျော်ကို ထုတ်ယူခွင့်မပေးဘဲ ပိတ်ချလိုက်တယ်။

စင်္ကာပူအခြေစိုက် ယူအိုဘီဘဏ်က ဗမာပြည်နဲ့ဆိုင်တဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို ၂၀၂၃ စက်တင်ဘာ လဆန်းကစပြီး ကန့်သတ်ပိတ်ပင်သွားမယ်လို့ ကြေငြာထားတယ်။

ဒီလို ဒဏ်ခတ်အရေးယူမှုတွေကြောင့် အာဏာသိမ်း စစ်အစိုးရ အထိနာမယ်လို့ တွက်ကြတယ်။ တကယ့် လက်တွေ့မှာ ဘာဖြစ်သလဲ။ နိုင်ငံခြား ကုန်သွယ်ရေးသုံး ဒေါ်လာ ခမ်းလာမယ်။ ဒါ့အပြင် ကျပ်ငွေကို ကျားကန်ပေးထားမယ့် အမာခံငွေကြေး (ဒေါ်လာ) ခမ်းလာတာနဲ့အမျှ ကျပ်တန်ဖိုးကျဆင်းမှုနဲ့ ငွေကြေးဖောင်းပွမှု ဆိုးရွားသထက် ဆိုးရွားလာမယ်၊ အရေးကြီး စားသုံးကုန်နဲ့ ကုန်လုပ်ပစ္စည်း တင်သွင်းမှု ပိုခက်ခဲလာမယ်။ တင်သွင်းရ ပိုခက်လေ ကုန်ဈေးတက်လေ ဖြစ်ဦးမယ်။ မသွင်းနိုင်ရင် ရှားပါးပြတ်လပ်လို့ ကုန်ဈေးတက်ဦးမယ်။ ဘယ်ဘက်ကကြည့်ကြည့် နင်းပြားလူထု အငတ်ဘေး စိုက်မယ့်ကိန်းပဲ။

ကုန်လုပ်ပစ္စည်းနဲ့ ကုန်ကြမ်းတပိုင်း အလုံအလောက် မတင်သွင်းနိုင်ရင်၊ တင်သွင်းစရိတ်ကြီးနေရင် ပြည်တွင်း ကုန်ထုတ်လုပ်ငန်းတွေ ကောင်းကောင်းမလည်ပတ်နိုင်ဘူး။ မလည်ပတ်နိုင်ရင် အလုပ်လက်မဲ့ အခုထက် ပိုများမယ်။ ပြည်ပသွင်းကုန်ကို ထပ်အားကိုးရဦးမယ်။ လူငယ်လူရွယ်တွေ ပြည်ပ ခိုးထွက်ရဦးမယ်။ အဲဒီလို အဆိုးကျော့ သံသရာ လည်နေမှာပဲ။ ဒါပေမယ့် လူထု ငတ်နေပြီ ဆိုပြီး အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေက ခေါင်းကိုက်နေမယ် ထင်သလား။

စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေ နိုင်ငံရေးအရ အကြပ်ဆိုက်မယ် ထင်သလား။ စဉ်းစားကြည့်ပါ။ ဗိုလ်သန်းရွှေခေါင်းဆောင်တဲ့ စစ်အစိုးရကိုရော အနောက် အရင်းရှင်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့မှုတွေ မလုပ်ခဲ့ဘူးလား။ လုပ်ခဲ့ရက်နဲ့ ဘာ့ကြောင့် ပြုတ်မကျခဲ့သလဲ။ ပြုတ်မကျတဲ့အပြင် ဗိုလ်သိန်းစိန် တိုက်ပုံဝတ် အစိုးရကို ဒီမိုကရေစီ အစိုးရဆိုပြီး ဩဘာပေးခဲ့တာ၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်ဖြည်ခဲ့တာ အနောက်အရင်းရှင် ပါဝါတွေပဲ မဟုတ်ပါလား။

တောင်လိုပုံနေတဲ့ ကြွေးမြီ

ဘတ်ဂျက်လိုငွေကို ဗဟိုဘဏ်က အကြွေးနည်းနဲ့ ဖြေရှင်းတယ်၊ ငွေတိုက်ချေးငွေစာချုပ်တွေ ထုတ်ရောင်းပြီး ဘဏ္ဍာငွေ ရှာပေးရတယ်။ ငွေသား အလုံးအရင်း ရိုက်ထုတ်ပြီး ဖြည့်တင်းပေးတယ်။ ဒီနည်းတွေကြောင့် ငွေကြေးဖောင်းပွမှု ဆိုးရွားလာသလို ကြွေးမြီလည်း များလာခဲ့တယ်။

ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက်အရ တိုင်းပြည်ကြွေးမြီဟာ ဂျီဒီပီရဲ့ ၆၃% လောက် ရှိနေပြီ။ ပြည်ပကြွေးမြီ အရပ်ရပ်ဟာ ၂၀၂၃ ဘဏ္ဍာနှစ် ဂျီဒီပီရဲ့ ၂၃.၁% ရှိတယ်လို့ ဆိုပါတယ်။ ဗဟိုဘဏ် အစီရင်ခံစာအရ ၃၁.၃.၂၀၂၂ အထိ ပြည်ပကြွေးမြီ အမေရိကန် ဒေါ်လာ ၁၁၄၂၉.၁၄၆ သန်း ရှိခဲ့တယ်။ နောက်ဘဏ္ဍာနှစ်အကူးမှာ ပြန်ဆပ်ရငွေ ဒေါ်လာ ၂၆၅.၆၃၈ သန်း ရှိခဲ့တယ်။ ၂၀၂၃ အတွက် ထုတ်ပြန်ထားတာ မတွေ့ရသေးဘူး။

စစ်ကောင်စီ ပြည်ပကြွေးမြီတွေ ဆပ်နေရတယ်ဆိုပြီး ဝမ်းသာနေရအောင် ဒီကြွေးမြီတွေကို အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေက သူတို့အိတ်ထဲကနေ ထုတ်ဆပ်နေတာ မဟုတ်ဘူး။ ပြည်သူလူထု စားသုံးဖို့ အခြေခံ ကုန်စည်တွေ၊ ကုန်ထုတ်လုပ်ရေး ပစ္စည်းတွေ တင်သွင်းလို့ရတဲ့ ပြည်သူ့ဘဏ္ဍာ ဒေါ်လာတွေနဲ့ အကြွေးဆပ်နေတာ။

Chart 3Source: International Debt Report 2022, World Bank Group

ပေါပေါလောလော ရိုက်ထုတ်ထားတဲ့ ကျပ်တွေနဲ့ ပြည်ပကြွေးမြီကို ဆပ်လို့ မရဘူး။ ဒေါ်လာနဲ့ ဆပ်ရတာ။ အခုလို ဒေါ်လာခမ်းပြီး ကျပ်တန်ဖိုး ကျဆင်းနေချိန် အဲဒီကြွေးမြီဝန်ထုပ်က ဆတိုးနဲ့ ပိုလေးလာမယ်။ ဒေါ်လာခမ်းအောင် ဒဏ်ခတ်အရေးယူထားတဲ့ အနောက် ဘဏ္ဍာအရင်းရှင်ကြီးတွေက ဗမာပြည်သူတွေ ဒေါ်လာခမ်းနေတယ် ဆိုပြီး သူတို့အကြွေးတွေ လျှော်ပေးမယ် ထင်သလား။ ငါတို့အကြွေး ပြန်ဆပ်မယ့်အစား သူတို့လိုအပ်တဲ့ ဆေးဝါးတွေ၊ စားသုံးကုန်တွေ ဝယ်ကြပါစေလို့ လုပ်မယ်ထင်သလား။ အဲဒီလို မလုပ်လို့ မင်းအောင်လှိုင် စည်းစိမ် တပြားပွန်းသွားမလား။ မပွန်းပါဘူး။ သာမန်လူထုပဲ ခက်ခဲကြပ်တည်းကုန်တာ၊ လူနေမှုအဆင့်အတန်း ကျဆင်းသွားတာ။

ပြည်ပကြွေးမြီပဲ တက်လာတာ မဟုတ်ပါဘူး။ ပြည်တွင်းကြွေးမြီကလည်း ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာ နှစ်ဆတက်လာတယ်။ ၂၀၂၃ မှာ ဂျီဒီပီရဲ့ ၄၀%အထိ ရှိနေပြီ။

အလုပ်လက်မဲ့ဦးရေ သန်းချီတိုးပွားလာခြင်း

စစ်ပြေးရသူ နှစ်သန်းနီးပါး ရှိတယ်လို့ ခန့်မှန်းထားတယ်။ စစ်ပြေးနေရသူတွေက ဘယ်မှာ ကုန်ထုတ်လုပ်ငန်း ကောင်းကောင်း လုပ်နိုင်ပါ့မလဲ။

စစ်အာဏာသိမ်းပြီး ပြည်ပလုပ်ငန်းကြီးတွေ ထွက်ခွာသွားခဲ့တယ်။ ကျန်နေသေးတဲ့ စက်မှုလုပ်ငန်းတွေကလည်း ကောင်းကောင်းမလည်ပတ်နိုင်တာ၊ အလုပ်ဖြုတ်ပစ်တာတွေကြောင့် ၄၁%လောက် အလုပ်ပြုတ်ခဲ့ရတယ်။ အစိုးရ ကဏ္ဍက စီဒီအမ်တွေ အလုပ်လက်မဲ့ ဖြစ်သွားခဲ့တယ်။ ကိန်းဂဏန်း အတိအကျ မပြောနိုင်ပေမယ့် သန်းနဲ့ချီတဲ့ လုပ်သားထု အလုပ်လက်မဲ့ ဖြစ်သွားမှာ သေချာတယ်။

ဒါ့အပြင် ၂၀၁၇-၂၂ ငါးနှစ်အတွင်း အလုပ်လုပ်နိုင်တဲ့ လူဦးရေ ၉သန်း တိုးလာခဲ့တယ်။ ဒီငါးနှစ်အတွင်း အလုပ်အကိုင် တိုးလာတာ ၂ သန်းလောက်ပဲ ရှိသတဲ့။ ကျန်လူငယ်တွေက အလုပ်ခွင်မဝင်ရသလို ပညာရေးနဲ့ သက်မွေးသင်တန်း တက်နေရတာမျိုးလည်း မရှိဘူး။

အလုပ်ကိုင်အခွင့်အလမ်း နည်းပါးပြီး အလုပ်လက်မဲ့ ဦးရေ သန်းချီတိုးပွားနေတဲ့ အချက်ကို ဝေးဝေးကြည့်စရာ မလိုပါဘူး။ မိတ်ဆွေရဲ့ ဖေ့စ်ဘွတ်(ခ်)ပေါ်မှာ အွန်လိုင်း ဈေးရောင်းသူတွေ တနေ့တခြား များပြားနေတဲ့ အချက်က သက်သေပဲ။ ကမ္ဘာ့ဘဏ် အစီရင်ခံစာထဲမှာတော့ လက်လီလက်ကား ဈေးရောင်းလုပ်ငန်းဟာ ၂၀၁၇ မှာ အလုပ်အကိုင်အားလုံးရဲ့ ၁၅% ရှိခဲ့ရာက ၂၀၂၂-၂၃ မှာ ၂၁% အထိ တက်လာသတဲ့။ အလုပ်အကိုင်တက်လာတာ အဲဒီကဏ္ဍနဲ့ သတ္တုတူးဖော်ရေးမှာပဲ ရှိတယ်။ ကျန်တဲ့ကဏ္ဍအားလုံးမှာ အလုပ်အကိုင်ရရှိမှု ကျဆင်းသွားတာချည်း။

ဒီတော့ ထုတ်လုပ်မှု တန်ဖိုးကျဆင်းပြီး ကုန်ထုတ်သတ္တိ လျော့နည်းသွားတာ ဘာဆန်းသလဲ။ ဈေးရောင်းလို့ ထုတ်ကုန်အရေအတွက် တိုးမလာဘူး။ productivity တက်မလာပါဘူး။

ဒါ့အပြင် ထုတ်လုပ်ရေးကဏ္ဍတွေမှာ အလုပ်လုပ်ချင်ဦးတော့ အလုပ်မှ မရှိဘဲ။ ဒီတော့ ပြည်ပခိုးထွက်ကြရတယ်။

အရင်းရှင်စနစ်အောက်မှာ ကုန်လုပ်ပစ္စည်းတွေကို ပုဂ္ဂလိက ပိုင်ဆိုင်ထားတဲ့ လူတန်းစားက သူတို့အမြတ်ရဖို့ သေချာမှ ကုန်ထုတ်လုပ်တာ၊ ထုတ်လုပ်ရေးမှာ ရင်းနှီးမြှုပ်နှံတာ။ မသေချာရင် မလုပ်ဘူး။ လွယ်လွယ်နဲ့ အမြတ်ရမယ့် ဈေးကစားခြင်းလို၊ အိမ်ခြံမြေဈေးကွက်လို နေရာတွေမှာပဲ ငွေကိုင်ကစားချင်ကြတယ်။

ဒီတော့ ထုတ်ကုန်တန်ဖိုး ကျဆင်းလာတယ်၊ အလုပ်လက်မဲ့ သန်းချီများလာတယ်။ အာဏာသိမ်း စစ်အစိုးရက ပညာရေးကို ရင်းနှီးမြှုပ်နှံမှု မလုပ်ဘူး။ ပက်တီးဘူဇွာ အာသာဖြေ တော်လှန်ရေးသမားတွေက ကျောင်းနေအရွယ် ကလေးတွေ၊ လူငယ်တွေကို ပညာဆက်မသင်ရဲအောင် လုပ်တယ်။ အာဏာသိမ်း စစ်အစိုးရကို ပညာရေး အသုံးစရိတ် မကုန်အောင် လုပ်ပေးနေမှန်း သူတို့ကိုယ်သူတို့ နားလည်ပုံလည်း မရဘူး။ ကုန်ထုတ်သတ္တိ ကျဆင်းရခြင်း အကြောင်းတွေထဲမှာ ဒီအချက်တွေက အဓိကပဲ။

ဒီအခါ မိသားစုဝင်ငွေ နည်းလာတယ်။ ရှိတာလေး ချွတ်ရောင်း စားကြရတယ်။ အသုံးစရိတ်ကို မရမက ချွေတာကြရတယ်။ အတိုးကြီးကြီးနဲ့ ငွေချေးကြရတယ်။ မတတ်သာတဲ့အဆုံး ပွဲစားကို ငွေပေးပြီး အိမ်နီးချင်း နိုင်ငံတွေဆီ ရွှေ့ပြောင်းလုပ်သားအဖြစ် သွားလုပ်ရတယ်။ အိမ်ကို ငွေပြန်လွှဲမယ်ဆိုတော့ ကျေးဇူးရှင် အရင်းရှင်နိုင်ငံကြီးတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ဘဏ်ကနေ စိတ်ချလက်ချ ငွေလွှဲမရ။ မှောင်ခိုလမ်းကနေ ပို့ကြရဦးမယ်။

ပြည်တွင်းမှာ အလုပ်အကိုင် ရှိနေသေးရင်လည်း ဖူလုံတဲ့ လုပ်အားခကို မရကြပါဘူး။ မရတဲ့အပြင် real wage က ကျဆင်းသွားတယ်။ ဆိုပါစို့။ တလတသိန်းခွဲ ရနေတဲ့ အလုပ်သမား တယောက်ဟာ တလတသိန်းခွဲတော့ ဆက်ရလိမ့်မယ်။ အမည်ခံရနေတဲ့ လုပ်အားခက လျော့မသွားဘူး။ ဒါပေမယ့် အရင်က ကျပ်တသိန်းခွဲနဲ့ ဆန်နှစ်အိတ် ဝယ်လို့ရခဲ့ရင် အခုတအိတ်ပဲ ဝယ်လို့ ရတော့မယ်။ သူ့လုပ်အားခရဲ့ အမှန်တကယ် ဝယ်ယူစားသုံးနိုင်စွမ်းဟာ အနည်းဆုံး ထက်ဝက်ကျဆင်းသွားပြီ။ ဒါ့ကြောင့် real wage ကျဆင်းသွားတယ်လို့ ပြောတာ။

ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာက ဒီနေရာမှာလည်း underestimate လုပ်ထားတာ တွေ့ရတယ်။ ၂၀၁၇ နဲ့ ၂၀၂၂ ငါးနှစ်အတွင်း ပျမ်းမျှ တပတ်တာ လုပ်အားခဟာ ၁၅%ပဲ ကျဆင်းသွားတယ်လို့ ဆိုထားတယ်။ သူတို့တွက်ချက်မှုက တကယ့်လက်တွေ့နဲ့ အတော်ကွာခြားတယ်။ ဘောဂဗေဒ ဖော်မြူလာတွေ သိစရာမလိုပါဘူး။ ဗမာပြည်က အိမ်ရှင်မတိုင်း တွက်တတ်ပါတယ်။

ဒါ့အပြင် ကုန်ထုတ်သတ္တိကျဆင်းခြင်း၊ လေဘာ ဝယ်အားမကောင်းခြင်းကြောင့် လုပ်အားခတွေ အောက်ဆင်းနေတာလို့ ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာ ဆိုထားတယ်။ ဒီကောက်ချက် မမှန်ပါဘူး။

လုပ်အားခ နည်းနိုင်သမျှ အနည်းဆုံးပေးပြီး သွေးစုပ်အမြတ်ထုတ်နိုင်ရေးဟာ အရင်းရှင် လူတန်းစားရဲ့ အကျိုးစီးပွား။ လုပ်ခလစာ တိုးရရေးဟာ အလုပ်သမား လူတန်းစားရဲ့ အကျိုးစီးပွား။ ဆန့်ကျင်ဖက် လူတန်းစား နှစ်ရပ်ကြား တိုက်ပွဲက လုပ်အားခ အနည်းအများကို ဆုံးဖြတ်တယ်။

လူတန်းစား တိုက်ပွဲ ပြန်လည်အားကောင်းလာရေး

လတ်တလောမှာ အလုပ်သမား လူတန်းစားက အထိနာထားတယ်။ နာလန်ပြန်ထူဖို့ အချိန်ယူနေရဆဲ ဖြစ်တယ်။ တဖက်မှာလည်း အလုပ်သမား လူတန်းစား စုစည်းမရနိုင်အောင် ဖြိုခွဲနှိပ်ကွပ်မှုတွေ ရှိနေတယ်။ လူတန်းစား တိုက်ပွဲ ဒီရေအကျမို့ အရင်းရှင် လူတန်းစားက မသေရုံတမယ် လုပ်အားခနဲ့ သွေးစုပ်နေနိုင်ခြင်း ဖြစ်တယ်။

လူတန်းစား တိုက်ပွဲ ဘယ်တော့ ပြန်အားကောင်းလာမလဲ။ ဘယ်သူမှ အတိအကျ မပြောနိုင်ပါဘူး။ ပကတိဘာဝ ရုပ်အခြေအနေတွေက ရင့်မှည့်နေပြီးသား ဖြစ်ပါတယ်။ အရင်းရှင်စနစ်ရဲ့ ပဋိပက္ခတွေက အလွန်သိပ်သည်း ပြင်းထန်တဲ့ အဆင့်ရောက်နေပြီ။ ဒါပေမယ့် လူတန်းစား တိုက်ပွဲကို ဆင်နွှဲတာ သက်ရှိလူမှု အင်အားစုတွေ ဖြစ်လို့ ပကတိဘာဝ ရုပ်အခြေအနေ ပြည့်စုံရုံနဲ့ မလုံလောက်ပါဘူး။

စစ်အာဏာသိမ်းပြီး အစောပိုင်းလတွေမှာ တော်လှန်ရေး ဒီရေမြင့်သစ်ကို ဖြတ်သန်းခဲ့ရတယ်။ ဒါပေမယ့် ခေါင်းဆောင်ပိုင်း ချို့ယွင်းမှု၊ ရန်သူ လူတန်းစားရဲ့ အကြမ်းဖက်နှိပ်ကွပ်မှုတွေကြောင့် ဒီရေအကျကို ပြန်ရောက်သွားခဲ့တယ်။ ဒါ့အပြင် ငွေကြေးဖောင်းပွမှုအပါအဝင် အရင်းရှင်စနစ် စီးပွားပျက်ကပ်ဒဏ်ကို အလုပ်သမား လူတန်းစားတရပ်လုံး အလူးအလဲ ခံထားရတယ်။ တော်လှန်ရေး ခေါင်းဆောင်ပိုင်း နေရာယူထားသူတွေရဲ့ ပေါ်လစီ အလွဲအမှားတွေကြောင့် လူထုက demoralized ဖြစ်နေတယ်။

ဒီလို အတ္တဘာဝ အကြောင်းအချက်တွေကြောင့် လူတန်းစား တိုက်ပွဲ တကျော့ပြန် အားကောင်းလာဖို့ ထင်ထားတာထက် အချိန်ပိုကြာသွားနိုင်တယ်။ တဖက်မှာလည်း အရင်းရှင်စနစ် အကြပ်အတည်းက အလုပ်သမားထုကို တိုက်ပွဲဆီ တွန်းပို့နေတယ်။ ဒါ့ကြောင့် မမျှော်လင့်ဘဲ လူထုအုံကြွမှု ထပေါက်ကွဲတာမျိုး ဖြစ်လာနိုင်တယ်။

သေချာတာကတော့ လူထုတရပ်လုံး ရင်ဆိုင်နေရတဲ့ အကြပ်အတည်းကို အရင်းရှင်စနစ်ဘောင်ထဲကနေ ဖြေရှင်းလို့ မရနိုင်ဘူး။ အရင်းရှင်စနစ်ကို မဖြိုချဘဲ ငွေကြေးပေါ်လစီလေး ပြောင်းလိုက်မယ်၊ အခွန်အတုပ် စီးကြပ်လိုက်မယ်၊ အတိုးနှုန်း အလျှော့အတင်း လုပ်လိုက်မယ်၊ ငွေလဲနှုန်းကို ဈေးကွက်အတိုင်း လွှတ်ထားလိုက်မယ်၊ လွတ်လပ်သော ကုန်သွယ်ရေးတွေ အားပေးမယ်၊ ဒီလို နည်းတွေနဲ့ အရင်းရှင်စနစ်ကို ဇက်ခွံ့ထိန်းချုပ်နိုင်မယ် ထင်နေရင် စိတ်ကူးယဉ်လွန်းတာပဲ။ အရင်းရှင်စနစ် အခြေခံပေါ်မှာ လွတ်မြောက်ရေး မရှိဘူး။

အရင်းရှင်စနစ်မှာ တိုးတက်တဲ့ အခန်းကဏ္ဍ ကုန်ဆုံးသွားပြီ။ ကုန်လုပ်စွမ်းအားစုတွေ တိုးတက်ဖွံ့ဖြိုးလာအောင် မစွမ်းဆောင်နိုင်တော့ဘူး။ ကုန်လုပ်စွမ်းအားစု ဖွံ့ဖြိုးမှုကို အလုံးစုံ ပိတ်ပင်ထားတယ်။

ဗမာပြည် အရင်းရှင်စနစ်ကို အရှေ့ကနေ နာမဝိသေသနလေးတပ်ပြီး ‘စစ်ဗျူရိုကရက်’ အရင်းရှင်စနစ်လို့ ပြောတတ်ကြတယ်။ စစ်ဗျူရိုကရက် အရင်းရှင်စနစ်ကို ဆန့်ကျင်ပေမယ့် အရင်းရှင်စနစ် in general ကို ဖြိုချလို့ မဖြစ်သေးဘူးတဲ့။ စစ်ဗျူရိုကရက် ဆိုတဲ့ ဝိသေသလေး ဖြုတ်ပြီး ဒီမိုကရက်တစ် အရင်းရှင်စနစ် လုပ်လို့ရမယ် ထင်နေကြပုံပဲ။

တကယ်တော့ ဗမာပြည်ရဲ့ စီးပွားရေးစနစ်က ရေမရောတဲ့ အရင်းရှင်စနစ်ပါ။ ဝိသေသတွေ ထွေထွေထူးထူး တပ်ပြီး တော်လှန်ရေးကို အဆင့်သေတွေ ပိုင်းခြားပစ်စရာ မလိုဘူး။ စစ်အာဏာရှင်စနစ်လား၊ ဒီမိုကရေစီ စနစ်လားဆိုတာ အပေါ်ထပ် အဆောက်အအုံ political regime နဲ့ပဲ သက်ဆိုင်တယ်။ ဒါ့ကြောင့် ဗျူရိုကရက် အရင်းရှင်စနစ်၊ ဒီမိုကရက်တစ် အရင်းရှင်စနစ်ဆိုတဲ့ ခွဲခြားမှုတွေက အဓိပ္ပါယ် မရှိဘူး။

ဒီကနေ့ အကြပ်အတည်းက ဗမာပြည် အရင်းရှင်စနစ်တခုတည်း ကွက်ဖြစ်နေတာ မဟုတ်ဘူး။ ကမ္ဘာ့အရင်းရှင်စနစ် ချိန်းတန်းကြီးတခုလုံး အကြပ်ဆိုက်နေတာ။ ထိပ်သီး အရင်းရှင် နိုင်ငံကြီးတွေတောင် အကြပ်ဆိုက်နေချိန် ဗမာပြည်လို backward လူ့အဖွဲ့အစည်းမှာ တိုးတက်သော အရင်းရှင် လူ့ဘောင်ကြီးကို ထူထောင်လို့ရဦးမယ် ထင်နေတာလောက် ယူတိုးပီးယန်းဆန်တာ ရှိဦးမလား။

အုပ်စိုးသူ အရင်းရှင် လူတန်းစားမှာ ရွေးလမ်းမရှိဘူး။ ငါတို့အလုပ်သမားထုမှာလည်း ရွေးလမ်းနှစ်ခုပဲ ရှိတယ်။ ဆိုရှယ်လစ်ဇင်လား၊ ဘာဘရစ်ဇင်လား။ ဆိုရှယ်လစ်ဇင်ကို မသွားနိုင်ရင် လက်ရှိဘာဘရစ်ဇင် နွံထဲက လွတ်လမ်းမရှိဘူး။ ဒီနှစ်ခုကြားမှာ သာယာဝပြောသော အရင်းရှင်စနစ်ဆိုတာ မရှိဘူး။

  • Fight for Socialist Revolution
  • Socialism or Barbarism
  • Down with the military regime
  • Fight for workers’ democracy
  • Expropriate the Capitalists
  • Nationalise the banks
  • For a nationalised planned economy under workers’ control