အယ်ဒီတာ့အာဘော်

Dialectics teaches us that everything changes into its opposites.

ကမ္ဘာတလွှားကို ကြည့်လိုက်ပါ။ တည်ငြိမ်နေတဲ့ ဘူဇွာဒီမိုကရေစီ နိုင်ငံရယ်လို့ တနိုင်ငံမှ မရှိဘူး။ ကမ္ဘာ့အရင်းရှင်စနစ် တခုလုံး အကျပ်အတည်းဆိုက်ပြီး အုပ်စိုးသူ လူတန်းစားအကြား ကွဲအက်မှုတွေ ထွက်ပေါ်နေတယ်။

ကမ္ဘာ့အချမ်းသာဆုံးဆိုတဲ့ အမေရိကမှာ နိုင်ငံလုံးဆိုင်ရာ ကြွေးမြီ ၃၁ ထရီလီယံ ဒေါ်လာကျော်သွားပြီ။ အမေရိကန် ဂျီဒီပီရဲ့ ၁၄၀% ရှိပါတယ်။ ဂလိုဘယ် ကြွေးမြီက ဂလိုဘယ် ဂျီဒီပီရဲ့ ၃၆၀% ရှိတယ်။ ၂၀၀၈ စီးပွားပျက်ကပ်မှာ အစိုးရက ကြားဝင်ပြီး ဒေါ်လာ ဘီလျံပေါင်းများစွာ လောင်းထည့်ခဲ့ပေမယ့် ငွေကြေးဖောင်းပွမှု သိပ်မဖြစ်ခဲ့ဘူး။ ငွေကြေးဖောင်းပွမှုဆိုတာ အတိတ်မှာ ကျန်ခဲ့ပြီလို့ ထင်ခဲ့ကြတယ်။ ဒီကနေ့ အမေရိကရဲ့ ငွေကြေးဖောင်းပွနှုန်းက ၈% ရှိတယ်။ နှစ်ပေါင်း ၄၀ အတွင်း အမြင့်ဆုံး နှုန်းထား ဖြစ်ပါတယ်။ ဒီစာကို ရေးနေချိန်မှာပဲ Financial Times က ‘စက်ရပ်သတင်း’ တက်လာတယ်။ ယူအက်(စ်) ဖက်ဒရယ် ဗဟိုဘဏ် ဥက္ကဌ Jay Powell က ‘ငွေကြေးဖောင်းပွမှု အလွန်မြင့်နေဆဲ’ ဖြစ်ကြောင်း သတိပေးလိုက်သတဲ့။

ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့ ယူအက်(စ်) ဖက်ဒရယ် ဗဟိုဘဏ်က အတိုးနှုန်းတွေ ဆွဲတင်ပစ်ခဲ့တယ်။ ဒီနောက် ငွေကြေးဖောင်းပွမှု လျော့ပါးလာပြီလို့ ဘူဇွာ မီဒီယာတွေမှာ ရေးလာကြတယ်။ တကယ့်လက်တွေ့မှာ ငွေကြေးဖောင်းပွမှုက ကျမလာဘဲ အမေရိကန် စီးပွားရေး recession ဖြစ်လာတယ်။ မရှေးမနှောင်းဆိုသလို အလုပ်လက်မဲ့တွေ ပိုများလာလိမ့်မယ်။

ယူအက်(စ်) ဗဟိုဘဏ်ရဲ့ ငွေကြေးမူဝါဒ တင်းကြပ်မှုဒဏ်ကို အမေရိက အပြင်ဘက်မှာ ပြင်းပြင်းထန်ထန် ပိုခံကြရတယ်။ အမေရိကန် ဖက်ဒရယ်ဘဏ်က အတိုးနှုန်း မြှင့်လိုက်တဲ့အခါ ဒေါ်လာအခြေခံ ကြွေးမြီတင်နေတဲ့ နိုင်ငံတွေ ဘူးလေးရာ ဖရုံဆင့် ဖြစ်ကုန်တယ်။ Financial Times က အခုလို ထောက်ပြခဲ့တယ် -

“Whatever we call it, the strong dollar’s victims have one culprit in mind – the Federal Reserve.”

ဘရက်ဇစ် မတိုင်ခင်အထိ တည်ငြိမ်တယ်လို့ ထင်ခဲ့ရတဲ့ ဗြိတိန်ကိုပဲ ကြည့်လေ၊ ၁နှစ်အတွင်း ဝန်ကြီးချုပ်တွေ အတက်အဆင်း လုပ်နေရတာ ဘယ်နှကြိမ်ရှိပြီလဲ။ ပြင်သစ်မှာ ၂၀၁၈ တုန်းက မာခရွန်းတက်လာပြီး တနှစ်မပြည့်ခင် Yellow Vests လူထု လှုပ်ရှားမှုနဲ့ ကြုံခဲ့ရတယ်။ ဒီဘက်နှစ်မှာ မာခရွန်းရဲ့ ပင်စင် သက်တမ်းတိုးမယ့် အစီအစဉ်ကို ဆန့်ကျင်ရာက လူထု လှုပ်ရှားမှုတွေ ထွက်ပေါ်လာခဲ့တယ်။ ကြိုက်တဲ့နိုင်ငံ ဆွဲထုတ်ကြည့်ပါ။ အရင်လို တည်ငြိမ်မှုမျိုး ဘယ်မှာမှ မရှိတော့ဘူး။

ဂလိုဘယ်လိုင်ဇေးရှင်း အကျ၊ စီးပွားရေး အမျိုးသားရေးဝါဒ ရှေ့တန်းရောက်လာ

ဒီကနေ့ဖြစ်နေတဲ့ အခြေအနေတွေကို နားလည်ဖို့ဆိုရင် ကျနော်တို့အနေနဲ့ ‘fundamental’ တွေကို အခြေခံဖို့ လိုတယ်။ ကုန်လုပ် စွမ်းအားစုတွေ တိုးတက်ဖွံ့ဖြိုးမှုကို ပိတ်ပင်ထားသော အဓိကအဟန့်အတား နှစ်ခုရှိတယ်။ (၁)ကုန်လုပ်ပစ္စည်းတွေကို ပုဂ္ဂလိက ပိုင်ဆိုင်ခြင်း၊ (၂) အမျိုးသား နိုင်ငံတော်။

အရင်းရှင်စနစ်ဟာ သက်ရှိတကောင်လိုပဲ၊ သူ့ဘဝရှင်သန်တည်မြဲဖို့ defense mechanism တွေ ထုတ်လုပ်လာခဲ့တယ်။ အမြတ်ရရှိနှုန်း ကျဆင်းသွားနိုင်တဲ့ တိမ်းညွှတ်ချက်ကို ကျော်လွှားဖို့ ဘူဇွာ လူတန်းစား အသုံးပြုတဲ့ နည်းလမ်းတွေကို အရင်းကျမ်း အတွဲ(၃)မှာ မာ့(က်စ်) ရှင်းပြခဲ့တယ်။ အဓိက နည်းလမ်းတခုက ကမ္ဘာ့ကုန်သွယ်ရေး တိုးချဲ့ပြီး ဈေးကွက်ကို ပိုကျယ်ပြန့် နက်ရှိုင်းစေခြင်းပဲ။

ကုန်လုပ်စွမ်းအားစု ဖွံ့ဖြိုးမှုက အမျိုးသား နိုင်ငံတော်ရဲ့ ကျဉ်းမြောင်းသော အကန့်အသတ်ဘောင်တွေကို ကျော်လွန်သွားခဲ့ပြီဖြစ်ကြောင်း ဂလိုဘယ်လိုင်ဇေးရှင်း ဖြစ်စဉ်က ဖော်ပြနေတယ်။ နေရှင်နယ် ဈေးကွက်ရဲ့ အကန့်အသတ်တွေကို အရင်းရှင် လူတန်းစား ယာယီကျော်လွှားနိုင်အောင် ဒီဖြစ်စဉ်က ကူညီပေးခဲ့တယ်။

ဆိုဗီယက် ပြိုကျခြင်း၊ တရုတ်နဲ့ အရှေ့ဥရောပ နိုင်ငံတွေ ကမ္ဘာ့အရင်းရှင် ဈေးကွက်ထဲ တိုးဝင်လာခြင်း၊ အစရှိတဲ့ အကြောင်းအချက်တွေက ဂလိုဘယ်လိုင်ဇေးရှင်း ဖြစ်စဉ်ကို ပိုအားကောင်းစေခဲ့တယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ခရက်ဒစ်တွေ မကြုံစဖူး တိုးချဲ့သုံးစွဲခြင်းနဲ့ ဂလိုဘယ်လိုင်ဇေးရှင်း ဖြစ်စဉ်တို့ဟာ ကမ္ဘာ့စီးပွားရေးရဲ့ အဓိက မောင်းနှင်အားတွေ ဖြစ်ခဲ့တယ်။ ကမ္ဘာ့ကုန်သွယ်မှု ကြီးထွားလာသလို ကမ္ဘာ့ဂျီဒီပီလည်း တက်လာခဲ့တယ်။

ဒါပေမယ့် ဂလိုဘယ်လိုင်ဇေးရှင်းက အရင်းရှင်စနစ်ရဲ့ ပဋိပက္ခတွေကို ဖျက်သိမ်းပေးခဲ့တာ မဟုတ်ဘူး။ အကျပ်အတည်း ဆိုက်မယ့်အချိန်ကို နောက်ရွှေ့ပြီး ပဋိပက္ခတွေကို အလွန်ကျယ်ပြောတဲ့ အတိုင်းအဆနဲ့ ပြန်လည်မွေးထုတ်ပေးခဲ့တယ်။ အခု ဂလိုဘယ်လိုင်ဇေးရှင်းရဲ့ အကန့်အသတ်ကို ရောက်သွားခဲ့ပြီ။ ဂလိုဘယ်လိုင်ဇေးရှင်း တန့်သွားခဲ့ပြီ။ အရာရာက ဆန့်ကျင်ဖက်ကို ပြောင်းလဲသွားပြီ။ ဒီလို ပြောင်းပြန်ဖြစ်သွားခြင်းရဲ့ အကျိုးဆက်တွေကို အခု ရင်ဆိုင်နေရခြင်း ဖြစ်တယ်။ ၂၀၂၃ မှာ ကမ္ဘာ့ကုန်သွယ်မှု ၁%ပဲ တိုးလာမယ်လို့ World Trade Organization က ခန့်မှန်းထားတယ်။

ဂလိုဘယ်လိုင်ဇေးရှင်း ရပ်ဆိုင်းသွားချိန်မှာ စီးပွားရေး အမျိုးသားရေးဝါဒ ခေါင်းထောင်လာတယ်။ protectionism ကို ထရမ့်ပဲ လုပ်ခဲ့တာ မဟုတ်ဘူး။ အမေရိကအပါအဝင် ထိပ်သီးအရင်းရှင် နိုင်ငံတိုင်းလိုလို စီးပွားရေး အမျိုးသားရေးဝါဒကို ကျင့်သုံးလာကြတယ်။

ကုန်သွယ်ခွန် တိုးမြင့်ခြင်း၊ ပြည်တွင်းလုပ်ငန်း ဦးစားပေးဝါဒ ကျင့်သုံးလာခြင်း၊ ငွေကြေးတန်ဖိုး အပြိုင်အဆိုင် ချပစ်ခြင်း၊ အစရှိတဲ့ အကြောင်းအချက်တွေက ၁၉၃၀ ကမ္ဘာ့စီးပွားပျက်ကပ်ကို ဖြစ်စေခဲ့တယ်။ ဒါ့ကြောင့် အခုလည်း ၁၉၃၀ စီးပွားပျက်ကပ်မျိုး ထပ်ဖြစ်လာနိုင်တယ်။

ယူကရိန်းမြေပေါ်က Proxy စစ်ပွဲ

ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်တယ်။ ဒါ့ကြောင့် ယူကရိန်း နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ဒီမိုကရေစီကို ကာကွယ်ဖို့ အမေရိက ဦးဆောင်တဲ့ NATO စစ်အုပ်စုက ကူညီထောက်ပံ့ပေးတယ်လို့ ထင်ရင် မှားလိမ့်မယ်။

အဘိုးကြီး ကလော့(ဇ်)ဝစ် ပြောခဲ့သလိုပဲ စစ်ဆိုတာ နိုင်ငံရေးကို တခြားသောနည်းတွေနဲ့ ဆက်လုပ်ခြင်းသာ ဖြစ်တယ်။ ယူကရိန်း စစ်နောက်ကွယ်က နိုင်ငံရေးကို ကြည့်ရအောင်။ ပူတင်က ယူကရိန်းကို နေတိုး အဖွဲ့ဝင် မဖြစ်ရဘူးလို့ တောင်းဆိုတယ်။ နေတိုး စစ်အုပ်စုဘက်က အဲဒီအချက်ကို မလိုက်လျောဘူး။ ဒီအခါ ရုရှားက ယူကရိန်းကို စစ်ရေးကျူးကျော်ခဲ့တယ်။ ဒါဖြင့် ယူကရိန်း စစ်ပွဲ ၂နှစ်ကြာတဲ့အထိ ယူကရိန်းကို နေတိုး အဖွဲ့ဝင်အဖြစ် ဘာ့ကြောင့် အသိအမှတ် မပြုကြသေးတာလဲ။

ဆိုဗီယက် ပြိုပြီးနောက် နေတိုး စစ်အုပ်စုက အကြိမ်ကြိမ်ပေးခဲ့တဲ့ ကတိကို ချိုးဖောက်ပြီး အရှေ့ဘက်ကို ဩဇာခံ နိုင်ငံတွေချဲ့လာလိုက်တာ ရုရှား ခြံစည်းရိုးနား ရောက်လာခဲ့ပြီ။ ရုရှားအနေနဲ့ သူ့ခြံစည်းရိုးနားက ယူကရိန်းကို အမေရိက ဦးဆောင်တဲ့ နေတိုး စစ်အုပ်စုဝင် အဖြစ်မခံနိုင်ဘူး။ ဒီအချက်ကို အတိအလင်း တောင်းဆိုတယ်။ ဒါပေမယ့် နေတိုး စစ်အုပ်စုဘက်က မလိုက်လျောခဲ့ဘူး။ ဒါ့ကြောင့် ဒီစစ်ပွဲမှာ ရုရှားရဲ့ နိုင်ငံရေး ရည်မှန်းချက်ကို မြင်ဖို့ မခဲယဉ်းပါဘူး။

ဇယ်လင်စကီးကလည်း သူတို့ရည်မှန်းချက်ကို ထုတ်ပြောထားတယ်။ ရုရှားစစ်တပ် (ဂျော်ဂျာအပါအဝင်) ယူကရိန်းမြေပေါ်ကနေ အပြီးအပိုင် ထွက်ခွာသွားရေးလို့ ပြောထားတယ်။

ဒါဆိုရင် ဒီစစ်ပွဲမှာ ဒေါ်လာ ၆၅ ဘီလျံကျော် ထောက်ပံ့ပေးထားတဲ့ ယူအက်(စ်)ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ကိုးရီးယား၊ ဗီယက်နမ်၊ အီရတ်၊ ဆီးရီးယား၊ အာဖဂန်တို့ကို ဗြောင်ကျူးကျော်ခဲ့တဲ့ နယ်ချဲ့ ယူအက်(စ်)က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ကူညီနေတာပါလို့ ပြောရင် ငါးနှစ်သားကလေးတောင် ယုံပါ့မလား။ ယူကရိန်းရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ပေးတယ်လို့ ဆိုရအောင် လက်ရှိစစ်ရေး ဆုံးဖြတ်ချက်အားလုံးကို ဘယ်သူတွေ ချမှတ်နေသလဲ။ ဇယ်လင်စကီး အစိုးရလား၊ နေတိုး စစ်အုပ်စုလား။ ရုရှား မကျူးကျော်ခင်ကတည်းက ယူကရိန်းရဲ့ အချုပ်အခြာ အာဏာဟာ ယူကရိန်းလက်ထဲမှာ ရှိခဲ့ရဲ့လား။

တကယ်တော့ လက်ရှိစစ်ပွဲဟာ ရုရှား နယ်ချဲ့ပါဝါနဲ့ အမေရိကန်နယ်ချဲ့ ဦးဆောင်သော နေတိုးစစ်အုပ်စုတို့ ယူကရိန်း မြေပေါ်မှာ ဆင်နွှဲနေတဲ့ Proxy စစ်ပွဲတခုသာ ဖြစ်ပါတယ်။ ဒီအချက်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ရင် အထက်ပါ မေးခွန်းတွေ မေးလိုက်တဲ့အခါ မျက်စိလည်သွားမှာပဲ။ နေတိုး စစ်အုပ်စုက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ယူကရိန်းကို ကူညီနေတယ်လို့ ထင်သွားမှာပဲ။

ယူကရိန်း မြေပေါ်မှာ နေတိုး တပ်ဖွဲ့တွေလည်း မရှိပါဘူးကွာလို့ စောဒကတက်နိုင်တယ်။ မှန်ပါတယ်။ ယူကရိန်း စစ်မြေပြင်မှာ နေတိုး တပ်ဖွဲ့တွေ မရှိဘူးလို့ ယေဘုယျ ပြောနိုင်ပါတယ်။ ဒါပေမယ့် ယူကရိန်း စစ်တပ်ကို ဘယ်သူက လက်နက်တပ်ဆင်ပေးနေသလဲ၊ ဘယ်သူက လေ့ကျင့်ပေးထားသလဲ၊ ဘယ်သူက အဆင့်မြင့် လက်နက်တွေ၊ ခဲယမ်းတွေ၊ ငွေကြေးတွေ ပံ့ပိုးနေသလဲ။ ဒါ့အပြင် စစ်ထောက်လှမ်းရေး သတင်းအချက်အလက်နဲ့ logistics အပိုင်းကို ဘယ်သူက ပံ့ပိုးနေသလဲ၊ စစ်ရေးဗျူဟာနဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်သူတွေ ချမှတ်နေသလဲ၊ ဝါရှင်တန်ကလား၊ ကိယက်(ဗ်)ကလား။ ဒါတောင် ယူအက်(စ်) သုံးထားတဲ့ စီးပွားရေး လက်နက်တွေ မပါသေးဘူး။

ဒီလို ဆန်းစစ်ကြည့်လိုက်ရင် အမေရိက ဦးဆောင်သော နေတိုးစစ်အုပ်စုနဲ့ ရုရှားကြားက proxy စစ်ပွဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်လာလိမ့်မယ်။ အရင်းရှင်နယ်ချဲ့ပါဝါတွေကြားက proxy စစ်ပွဲကို ယူကရိန်းမြေပေါ်မှာ ယူကရိန်းတွေသွေးနဲ့ တိုက်နေကြတာ ဖြစ်ပါတယ်။

ရုရှားကို ဆိုရှယ်လစ်၊ ကွန်မြူနစ်ထင်နေသူတွေ သိအောင် ပြောရဦးမယ်။ ရုရှားဟာ ဆိုရှယ်လစ်၊​ ကွန်မြူနစ် နိုင်ငံ မဟုတ်ဘူး၊​ အရင်းရှင်တိုင်းပြည်။ ဆိုဗီယက်အပြိုမှာ အထည်ကြီးပျက် ဖြစ်ခဲ့ရပေမယ့် လက်ရှိအချိန်မှာ ဒေသတွင်း နယ်ချဲ့ပါဝါ ဖြစ်လာပြီ။ ကမ္ဘာ့အတိုင်းအတာမှာတော့ အမေရိကနဲ့ မယှဉ်နိုင်သေးဘူး။ ဒါပေမယ့် ဒေသတွင်း နယ်ချဲ့ပါဝါဖြစ်သလို စက်မှု အခြေခံ အင်အားတောင့်တယ်၊ နျူကလီယာ လက်နက်ပိုင်ရှင်လည်း ဖြစ်တယ်။ ဒါ့ကြောင့် ကမ္ဘာ့နယ်ချဲ့ပါဝါ အမေရိကကို အံတုရဲခြင်း ဖြစ်တယ်။

အီရတ်နဲ့ အာဖဂန်မှာ နှာခေါင်းကျည်ပွေ့တွေ့ထားတဲ့ ယူအက်(စ်)က သူ့တပ်တွေ ယူကရိန်းလွှတ်ပြီး တိုက်ရိုက်ဝင်ပါလို့ မရဘူး။ သူ့ပြည်သူက လက်ခံမှာ မဟုတ်ဘူး။ အခုတောင် စစ်အသုံးစရိတ် ကြီးလေးလို့ လူထု ထောက်ခံမှု ကျဆင်းနေပြီ။ ရုရှားကို အမေရိကန် ချလိုက်တဲ့ sanction တွေက ပူတင်ကို မထိဘဲ အနောက်ဥရောပ နိုင်ငံတွေကိုပဲ စွမ်းအင်လောင်စာဆီ အကျပ်အတည်း ဖြစ်စေတယ်။ ဒါ့ကြောင့် နေတိုး စစ်အုပ်စုဝင် နိုင်ငံတွေမှာ ‘Ukraine fatigue’ ဖြစ်နေပြီလို့ ထုတ်ညည်းလာကြတယ်။

ဒါ့အပြင် နေတိုးနဲ့ ရုရှား ထိပ်တိုက်တွေ့ကြရင် နျူကလီယာ စစ်ပွဲအထိ ဖြစ်သွားနိုင်တယ်။ ဒါမျိုးတော့ နှစ်ဖက်လုံးက အဖြစ်မခံဘူး။ MAD လို့ သူတို့နာမည်ပေးထားတဲ့ mutually assured destruction ဖြစ်သွားမယ်။ အရင်းရှင်လူတန်းစား စစ်တိုက်တာ war for its own sake မဟုတ်ဘူးလေ။ အမြတ်ရဖို့၊ ဈေးကွက်ချဲ့ထွင်ဖို့၊ ဩဇာခံနယ်မြေ တိုးချဲ့ဖို့၊ အရင်းတင်ပို့ဖို့၊ ကုန်ကြမ်းရင်းမြစ်နဲ့ ဈေးချိုချို လုပ်အားရင်းမြစ်တွေ သိမ်းပိုက်ဖို့ နယ်ချဲ့စစ်တွေ တိုက်ကြတာ။ နျူကလီယာ စစ်ဆိုရင် ဒါတွေတခုမှ မရဘဲ ပြာပုံပဲ ကျန်လိမ့်မယ်။

ဒါ့ကြောင့် ပထမ၊ ဒုတိယ ကမ္ဘာစစ်တွေတုန်းကလို အရင်းရှင် နယ်ချဲ့ပါဝါတွေကြား ထိပ်တိုက်စစ်ပွဲမျိုး လောလောဆယ်ဆယ် မဖြစ်နိုင်သေးဘူး။ ယူကရိန်း စစ်ပွဲလို ကြားခံစစ်ပွဲတွေပဲ ဖြစ်နေလိမ့်မယ်။

အမေရိကန်က ရုရှားနဲ့ ဘာ့ကြောင့် ကြားခံစစ် ဆင်နွှဲနေရသလဲ။ ရှင်းပါတယ်။ ရုရှားက ယူအက်(စ်)ရဲ့ ပြိုင်ဖက် ဖြစ်သလို အမေရိကန်ရဲ့ အဓိကရန်သူ တရုတ်ရဲ့ အကြီးစား မဟာမိတ်လည်း ဖြစ်တယ်။ ဒါ့ကြောင့် ရုရှားကို စစ်နွံထဲ ဆွဲနှစ်ပြီး စစ်ရေး၊ စီးပွားရေးအရ အထိနာအောင် လုပ်ဖို့ ရည်ရွယ်တယ်။ အမေရိကရဲ့ ကမ္ဘာ့ domination ကို ဘယ်ကောင်မှ စိန်မခေါ်ရဲအောင် တခါတည်း ဦးချိုးထားပြီး အမေရိကန် ဩဇာခံနယ်မြေ (sphere of influence) ချဲ့ထွင်ဖို့ ယူကရိန်းစစ်ကို တိုက်နေခြင်း ဖြစ်တယ်။

ဒီရည်ရွယ်ချက် အထမြောက်ရုံပဲ ယူကရိန်းကို လက်နက်ပေးပါတယ်။ ဇယ်လင်စကီးတို့ တောင်းသလောက် မပေးပါဘူး။ ရုရှား စစ်တပ်တွေ ယူကရိန်းမြေပေါ်က ထွက်ခွာသွားရေး၊ မသွားရေး သူတို့စိတ်မဝင်စားပါဘူး။ ဒါ့ကြောင့်ပဲ ရုရှားနဲ့ ယူအက်(စ်)ကြား ကြိတ်ဝိုင်းဆွေးနွေးပွဲတွေ ကြားလာရလိမ့်မယ်။ နောက်ဆုံးမှာ ဇယ်လင်စကီး ရုပ်သေးအစိုးရကို စားပွဲဝိုင်းထိုင်ဖို့ ဖိအားပေးတာတွေ လုပ်လာလိမ့်မယ်။

ကမ္ဘာ့နိုင်ငံရေးကို နကန်းတလုံး သိပုံမရတဲ့ နုဂျီနဲ့ အပေါင်းအပါတသိုက်ဟာ သူတို့ကို ယူကရိန်းလို မထောက်ပံ့လို့ ငိုချင်းချနေကြတယ်။ အန်ကယ်ဆမ်က ယူကရိန်းကို စာနာလွန်းလို့ ကူညီတယ်များ ထင်နေကြသလား။ ဒီပုံအတိုင်း ဆက်သွားရင် ယူကရိန်းက လူနေလို့မရတဲ့ တိုင်းပြည်အပျက်ကြီး ဖြစ်တော့မယ်။

ဝင်ရိုးအများရှိတဲ့ ကမ္ဘာလား

ကမ္ဘာ့အခင်းအကျင်းက အပြောင်းအလဲ ဖြစ်နေတယ်။ ယူအက်(စ်) အရင်းရှင်နယ်ချဲ့ပါဝါက အရင်နဲ့စာရင် အင်အားကျလာတယ်။ ယူကရိန်းနဲ့ အာဖဂန်မှာ အရေးနိမ့်ခဲ့တဲ့ အချက်တွေက အမေရိကန် အင်အား အရင်လို မကောင်းတော့ကြောင်း ဖော်ပြနေတယ်။ တဖက်မှာ တရုတ် အရင်းရှင်စနစ်က အမေရိကကို ပခုံးချင်းယှဉ်လာတဲ့ နယ်ချဲ့ပါဝါ ဖြစ်လာတယ်။

တရုတ် အရင်းရှင် နယ်ချဲ့ပါဝါဟာ အမေရိကန်ရဲ့ အဓိက ပြိုင်ဘက် ဖြစ်လာတယ်။ အမေရိကန် Strategist တွေကိုယ်တိုင် တရုတ်ကို သူတို့ရဲ့ အဓိက ‘ရန်သူ’ လို့ ဗြောင်ထုတ်ပြောလာတယ်။

အမေရိကန် နယ်ချဲ့ပါဝါ ဆုတ်ယုတ်ကျဆင်းလာပြီလို့ ဆိုရာမှာ အလွန်အကျူး ပုံချဲ့မပစ်ဖို့ အရေးကြီးတယ်။ relative သဘော ကျဆင်းခြင်းသာ ဖြစ်ပါတယ်။ absolute terms နဲ့ပြောရင် အမေရိကန်က ကမ္ဘာပေါ်မှာ စစ်အင်အားအကြီးဆုံး၊ စစ်အသုံးစရိတ် အများဆုံး၊ စစ်အခြေစိုက် စခန်းအများဆုံး နယ်ချဲ့ပါဝါ ဖြစ်နေဆဲ။ စီးပွားရေးအရလည်း အင်အားအတောင့်ဆုံး နယ်ချဲ့ပါဝါ ဖြစ်နေဆဲ။ တရုတ်က ဒုတိယ ပါဝါအဆင့်ပဲ ရှိပါသေးတယ်။ အမေရိကကို မီဖို့ မလွယ်ဘူး။ ဒါ့အပြင် တရုတ် စီးပွားရေး တိုးတက်မှုက အကန့်အသတ်ကို ရောက်နေပြီ။

တရုတ် အရင်းရှင်စနစ်က အရှေ့ပိုင်းနှစ်တွေမှာ တိုးတက်နှုန်း မြင့်မားခဲ့ပေမယ့် ၂၀၂၂ ခုနှစ်မှာ ၂.၂%ပဲ တိုးတက်မှု ရှိခဲ့တယ်။ ၁၉၉၀ နောက်ပိုင်း အနိမ့်ဆုံး ဖြစ်ပါတယ်။ တရုတ် လူ့အဖွဲ့အစည်း တည်ငြိမ်နေဖို့ နှစ်စဉ်ပျမ်းမျှ တိုးတက်မှုနှုန်း အနည်းဆုံး ၈% လောက် လိုအပ်တယ်။ ဒီအတိုင်းဆက်သွားရင် တရုတ်မှာ ငုပ်လျှိုးနေတဲ့ လူတန်းစား တိုက်ပွဲ ပေါက်ကွဲထွက်လာလိမ့်မယ်။

အမေရိကန် တကောင်တည်း ဗိုလ်ကျကြီးစိုးသော ဝင်ရိုးတခုတည်း ကမ္ဘာ့စနစ်ကို တရုတ်၊ ရုရှား ပါဝါတွေက စိန်ခေါ်လာကြပြီ၊ မကြာခင် ဝင်ရိုးအများ ကမ္ဘာ့စနစ်ကို မြင်တွေ့ရတော့မယ်လို့ လက်ဝဲတချို့က စိတ်ကူးယဉ်ကြတယ်။ အမေရိကန် နယ်ချဲ့ကို တန်ပြန်ဟန့်တားမယ့် စနစ်လို့ ထင်နေကြတယ်။

သူတို့လို မျက်စိမလည်ဖို့ဆိုရင် ကျနော်တို့အနေနဲ့ အခြေခံသဘောတရားတွေကို ဆုပ်ကိုင်ထားဖို့ လိုအပ်တယ်။ တရုတ်၊ ရုရှားဟာ အရင်းရှင် နိုင်ငံတွေ ဖြစ်တယ်။ ဒါ့ကြောင့် အရင်းရှင်စနစ် နိယာမတွေကပဲ ကြိုးကိုင်မင်းမူသွားလိမ့်မယ်။ ဒါ့အပြင် တရုတ်၊​ ရုရှားဟာလည်း နယ်ချဲ့ပါဝါတွေပဲ ဖြစ်တယ်။ အရင်းရှင်နယ်ချဲ့ ပါဝါတွေအချင်းချင်း လွန်ဆွဲနေလို့ ကမ္ဘာ့အလုပ်သမားထု ဘာအကျိုးမှ မခံစားရဘူး။

ဝင်ရိုးအများ ကမ္ဘာ့စနစ်ကို စိတ်ကူးယဉ်နေကြတဲ့ လက်ဝဲဆိုသူတွေ လီနင်ရဲ့ Imperialism စာအုပ်ကို နားလည်အောင် လေ့လာကြည့်သင့်တယ်။ ပထမ ကမ္ဘာစစ်မတိုင်ခင် နယ်ချဲ့ပါဝါတွေ အင်အားအချိုးအစား အပြောင်းအလဲ ဖြစ်လာတဲ့အခါ ဘာဖြစ်ခဲ့သလဲ။ အရင်းရှင်စနစ်ရဲ့ အမြင့်ဆုံးအဆင့် နယ်ချဲ့စနစ်အောက်မှာ ကမ္ဘာကြီးကို သူပိုင်ငါပိုင် ခွဲခြမ်းပြီးကြပြီ။ အင်အားကြီးလာတဲ့ နောက်ပေါက် နယ်ချဲ့ပါဝါတွေက redivision လုပ်ဖို့ တာဆူလာတဲ့အခါ ကမ္ဘာစစ် ဖြစ်တော့တာပဲ။

ဝင်ရိုးအများ ကမ္ဘာ့စနစ်ဆိုရင် တည်ငြိမ်မှုရှိမယ်၊ တိုးတက်မှုရှိမယ်လို့ ထင်နေတာ lesser evilism တမျိုးပဲ။ ကမ္ဘာ့အရင်းရှင် နယ်ချဲ့စနစ်ကို ကမ္ဘာ့ဆိုရှယ်လစ် တော်လှန်ရေးနဲ့ ဖြိုချပစ်နိုင်မှသာ ငြိမ်းချမ်းရေး အစစ် ရလိမ့်မယ်။ လူ့ဘောင်တရပ်လုံး တိုးတက်သာယာလိမ့်မယ်။

အရင်းရှင်စနစ် အကျပ်အတည်းနဲ့ လူတန်းစား တိုက်ပွဲ

ကျနော်တို့ မဂ္ဂဇင်းမှာ အရင်းရှင်စနစ် အကျပ်အတည်းနဲ့ ငွေကြေးဖောင်းပွမှု အကြောင်းတွေ ဆွေးနွေးထားတာ ဖတ်ရလိမ့်မယ်။ ဒီအကြောင်းအရာတွေကို ဘာ့ကြောင့် အကျယ်တဝင့် ဆွေးနွေးနေရသလဲ။ လီနင့် စကားနဲ့ပဲ ဖြေပါရစေ -

“Politics is the most concentrated expression of economics, its generalization, and its culmination

အရင်းရှင်စနစ် အကျပ်အတည်းဆိုတာ မထူးဆန်းပါဘူး။ အရင်းရှင်စနစ် သမိုင်းတလျှောက် ကြုံလာတာပဲ။ မာ့(က်စ်)တို့ လက်ထက်က ဆယ်နှစ်တခါလောက် periodically ဖြစ်ခဲ့တယ်။ အဲသလို အကျပ်အတည်း ခဏခဏ ဆိုက်ပေမယ့် နောက်ဆုံးမှာ ထွက်ပေါက်တွေ့ခဲ့တာပဲလို့ အရင်းရှင်စနစ် ဘက်တော်သားတွေက ဆိုတတ်ကြတယ်။ အရင်းရှင်စနစ်ဟာ resilient ဖြစ်သတဲ့။

အပြောမစောစေချင်ဘူး။ အရင်းရှင်စနစ် အရှေ့က လူမှုစနစ်တွေနဲ့ နှိုင်းစာရင် အရင်းရှင်စနစ် သက်တမ်းဟာ အတော်နုပါသေးတယ်။ ဒါပေမယ့် အရင်းရှင်စနစ်မှာ တိုးတက်မှု အခန်းကဏ္ဍ ကုန်ဆုံးနေပြီ။ senile decay ဖြစ်နေပြီ။ လက်ရှိ အရင်းရှင်စနစ် အကျပ်အတည်းက သာမန် periodic crisis တခု မဟုတ်ဘူး။

မှန်ပါတယ်၊ အရင်းရှင်စနစ်က အကျပ်အတည်း ခဏခဏ ဆိုက်နေလို့ သူ့အလိုလို ပြိုလဲမသွားဘူး။ အလုပ်သမား လူတန်းစား ဦးဆောင်ပြီး ဆိုရှယ်လစ် တော်လှန်ရေးကနေ ဖြိုချမှ ပြိုလဲသွားမှာ ဖြစ်တယ်။ ဒီလို အလုပ်သမား လူတန်းစား ခေါင်းဆောင်တဲ့ ဆိုရှယ်လစ် တော်လှန်ရေး အောင်ပွဲမခံနိုင်သေးသရွေ့ အရင်းရှင်စနစ်ဟာ အကျပ်အတည်းကနေ ယာယီထွက်ပေါက် ရှာလို့ ရနေဦးမယ်။

သက်ရှိသတ္တဝါတကောင်ကို အသက်ရှူနေရုံ၊ နှလုံးခုန်နေရုံ၊ သွားလာနေနိုင်ရုံနဲ့ ကျန်းမာသန်စွမ်းတယ်လို့ မဆိုနိုင်သလိုပဲ အရင်းရှင်စနစ်ကိုလဲ အကျပ်အတည်းကနေ ယာယီထွက်ပေါက်ရသွားလို့ အဟုတ်မထင်နဲ့ဦး။ အရင်းရှင်စနစ်ရဲ့ general health ကို တိုင်းတာအကဲဖြတ်ကြည့်ဦး။ အရင်းရှင်စနစ်ရဲ့ အထွေထွေ ကျန်းမာသန်စွမ်းမှုကို တိုင်းတာကြည့်ရင် အောက်ကို ထိုးဆိုက်နေတာ တွေ့ရလိမ့်မယ်။ ဒါ့ကြောင့် သေအံ့မူးမူး အရင်းရှင်စနစ်လို့ ပြောတာပါ။ ဒါပေမယ့် ဆိုခဲ့သလိုပဲ သူ့အလိုလို သေသွားမှာတော့ မဟုတ်ဘူး။

ဒါ့ကြောင့်ပဲ အရင်းရှင်စနစ် ကပ်ဆိုက်တိုင်း ယာယီလွတ်မြောက်ဖို့ အများတကာ့ အများစု လူထုကြီးကို ချနင်းခဲ့တယ်။ အရင်းအနှီး ကြီးကြီးမားမား ပေးခဲ့ရတယ်။ အဲဒီဒဏ်တွေကို လက်ရှိအချိန်မှာ စုပြုံခံနေရခြင်း ဖြစ်တယ်။

ဒီအခြေအနေတွေက ကမ္ဘာတလွှား လူတန်းစား တိုက်ပွဲတွေ ဆူဝေပြင်းထန်လာဖို့ ပြင်ပေးထားတယ်။ တချို့နိုင်ငံတွေမှာ လူထု လှုပ်ရှားမှုတွေ ပေါက်ကွဲထွက်ပြီးသား ဖြစ်ပါတယ်။ ဗမာပြည်က အဲဒီထဲက တနိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် အောင်ပွဲမရခဲ့ဘူး။ အရေးနိမ့်ခဲ့တယ်။

သို့သော် လူထု အုံကြွမှု ဖြစ်စေခဲ့တဲ့ ပဋိပက္ခတွေ တခုမှ ပြေလည်မသွားသေးဘူး၊​ အရင်ကထက် သိပ်သည်းပြင်းထန်လာတာပဲ ရှိတယ်။ ဒါ့ကြောင့် လူတန်းစား တိုက်ပွဲတွေ နောက်တချီ ပြင်းထန်လာမယ့် အချိန်ကို မလွဲမသွေ ရောက်ဦးမှာပဲ။ အခုကတည်းက မာ့(က်စ်)ဝါဒအင်အားစုကို အပူတပြင်း တည်ဆောက်ထားမှသာ အလုပ်သမား လူတန်းစား ခေါင်းဆောင်သော ဆိုရှယ်လစ် တော်လှန်ရေး အောင်ပွဲခံနိုင်လိမ့်မယ်။

Join us

If you want more information about joining the IMT, fill in this form. We will get back to you as soon as possible.