ကာဇက်စတန် တော်လှန်ရေ

ဇန်နဝါရီ ၅ ရက်နေ့အထိ အခြေအနေ

ဇန်နဝါရီ ၄-၅ ရက်နေ့တွေကတည်းက ကာဇက်စတန် မြို့ကြီးတွေမှာ လူထု ဆန္ဒပြပွဲကြီးတွေ တခဲနက် မြင်တွေ့ခဲ့ရတယ်။ နှစ်သစ်ကူးနေ့ကစပြီး Mangystau မြို့မှာ ဓာတ်ငွေ့ဈေးတွေ ထိုးတက်သွားတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကနေ လူထုလှုပ်ရှားမှုကြီး ဖြစ်လာခဲ့တယ်။ ဒါပေမယ့် ဖြစ်ရပ်တွေဟာ တဟုန်ထိုး ခုန်ကူးပြောင်းလဲသွားပြီး လူထု အုံကြွမှုအဆင့် ရောက်သွားတယ်။ Aktau နဲ့ Aktobe မြို့တွေမှာဆိုရင် ဆန္ဒပြလူထုက ဒေသန္တရအုပ်ချုပ်ရေး ရုံးတွေကို ဝင်စီးဖို့ ကြိုးစားခဲ့တယ်။ မြို့ကြီးအတော်များများမှာ အစိုးရ လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆန္ဒပြ လူထုကြား ပဋိပက္ခတွေ အပြင်းအထန် ဖြစ်ခဲ့တယ်။ ဆန္ဒပြလူထုက သူတို့ကို ဖြို့ခွဲဖို့/ ဖမ်းဆီးဖို့ ကြိုးပမ်းတဲ့ အစိုးရ လက်နက်ကိုင် အဖွဲ့တွေကို အောင်အောင်မြင်မြင် မောင်းထုတ်နိုင်ခဲ့တာတွေ ရှိခဲ့တယ်။

Almaty မြို့မှာ အခြေအနေ အပြင်းအထန်ဆုံးပဲ။ လမ်းပေါ် တိုက်ပွဲတွေ တညလုံး ဖြစ်နေခဲ့တယ်၊ စစ်တပ် ရဲတပ်က မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေ၊ ဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့တယ်။ ရဲကားတွေ ဒါဇင်နဲ့ချီ မီးရှို့ခံခဲ့ရတယ်။ ဆန္ဒပြ လူထုက စစ်တပ်ရဲ့ ပို့ဆောင်ရေး ယာဉ် အမြောက်အမြားကို သိမ်းနိုင်ခဲ့တာလည်း တွေ့ရတယ်။

ဒီလို လမ်းပေါ် တိုက်ပွဲတွေပဲ ဖြစ်နေတာ မဟုတ်ပါဘူး။ စက်ရုံ အလုပ်သမားထုကလည်း အလုပ်ခွင်တွေ ရပ်ဆိုင်းပစ်လိုက်ပြီး သူတို့ကိုယ်ပိုင် တောင်းဆိုချက်တွေ တင်လာတယ်။ ကာဇက်စတန် အနောက်ခြမ်းက လောင်စာဆီနဲ့ ဓာတ်ငွေ့ စက်ရုံတွေမှာ အလုပ်သမားထုက သပိတ်တိုက်ပွဲ ဆင်နေကြတယ်။ အလားတူပဲ၊ သတ္တု အလုပ်သမားတွေ၊ မိုင်းတွင်းအလုပ်သမားတွေကလည်း သပိတ်တိုက်ပွဲဝင်လာကြတယ်။

ကာဇက်စတန် အစိုးရကတော့ ဒီအခြေအနေကို တဖက်မှာ ဖိနှိပ်မှုတွေ တိုးလုပ်ရင်း တဖက်မှာ လိုက်လျောချက် တချို့ပေးပြီး သတိထား တုံ့ပြန်လာခဲ့တယ်။ ဆန္ဒပြပွဲတွေရဲ့ ကနဦး တောင်းဆိုချက်ဖြစ်သော သဘာဝ ဓာတ်ငွေ့ ဈေးနှုန်းတွေ လျှော့ချပေးဖို့ ကတိပေးခဲ့သလို သမ္မတ Tokaev က အစိုးရ ကက်ဘိနက်အဖွဲ့ကိုပါ ဖယ်ရှားပေးခဲ့တယ်။ ရေနံဆီ၊ ဒီဇယ်၊ သဘာဝဓာတ်ငွေ့နဲ့ အရေးကြီး စားသောက်ကုန် ဈေးနှုန်းတွေကို ကန့်သတ်ထိန်းချုပ်ပေးတာတွေလည်း လုပ်လာခဲ့တယ်။ အိမ်ခြေယာမဲ့ ဖြစ်သွားနိုင်တဲ့ မိသားစုတွေကို နိုင်ငံတော်က အိမ်ငှားခ အမတော်ကြေးပေးဖို့ရာ “စဉ်းစားပေးသွားမယ်”၊ ရေဖိုး မီးဖိုး ဓာတ်ငွေ့ဖိုး ကုန်ကျစရိတ်တွေ သက်သာအောင် ပုံသေဈေး သတ်မှတ်ပေးဖို့ လိုအပ်မလား “စဉ်းစားပေးသွားမယ်”၊ နိုင်ငံသားတဦးချင်းစီ ဒေဝါလီခံရတဲ့ အခြေအနေ မရောက်အောင် ဥပဒေတရပ် ပြဌာန်းပေးသွားမယ်လို့ သမ္မတ Tokaev က ကတိပေးခဲ့သေးတယ်။ သို့သော်လည်း “တပြည်ထောင်ဝါဒ၊ ဥပဒေစိုးမိုးရေး၊ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်ကို လေးစားရေးနဲ့ ဈေးကွက်စီးပွားရေး အစရှိတဲ့ အခြေခံမူတွေဟာ ငါတို့ နိုင်ငံတော် ပေါ်လစီရဲ့ အရေးကြီးဆုံး အချက်တွေ ဖြစ်နေဆဲ” လို့ Tokaev က ဆိုထားတယ်။

Tokaev က လိုက်လျောချက်ပေးပြီး တဖက်မှာလည်း တုတ်တရမ်းရမ်းနဲ့ ခြိမ်းခြောက်နေတယ်၊ ဆန္ဒပြ လူထုကို သူက “အကြမ်းဖက်သမားတွေ”လို့ တံဆိပ်ကပ်လိုက်ပြီး “ဖြစ်နိုင်သမျှ အပြင်းထန်ဆုံး” အရေးယူသွားမယ်လို့ လည်း ကြုံးဝါးထားတယ်။ Almaty မြို့၊ Mangystau ဒေသတွေနဲ့ ကာဇက်စတန် မြို့တော်မှာ နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာထားပြီး ကာဖျူးအမိန့်လည်း ထုတ်ထားသေးတယ်။ မိုဘိုင်း အင်တာနက်တွေ၊ လူမှု ကွန်ယက် မီဒီယာတွေ နဲ့ စာပို့စနစ်တွေအားလုံးကို ဖြတ်တောက်ထားတယ်။

ဒီလိုတွေ လုပ်ပေမယ့် အုပ်စိုးသူ လူတန်းစား အလိုရှိသလို ဖြစ်မလာခဲ့ပါဘူး။ နိုင်ငံအဝှမ်း ထိပ်တိုက်တိုးမှုတွေ အပြင်းအထန်ဆက်ဖြစ်လာခဲ့တယ်။ ဆန္ဒပြပွဲတွေက တခြားမြို့တွေဆီ ပိုကျယ်ပြန့်သွားခဲ့တယ်။ ဒေသန္တရ အုပ်ချုပ်ရေး ရုံးတွေကို လူထုက ဝင်စီးနေကြတယ်။ Almaty မှာ ဆန္ဒပြလူထုက မြို့ပြ အုပ်ချုပ်ရေး ရုံးတွေကို ဝင်စီးခဲ့တယ်၊ မြို့ရင်ပြင်မှာ သေနတ်သံတွေ၊ ပေါက်ကွဲသံတွေ ပွက်လောညံနေခဲ့တယ်၊ အုပ်ချုပ်ရေးရုံး မြေညီထပ်မှာ မီးတောက်လောင်နေတယ်။

အလိုအလျောက် ပေါက်ကွဲထွက်လာတဲ့ တော်လှန်ရေး လှုပ်ရှားမှုကြီးဟာ သဘာဝဓာတ်ငွေ့ဈေး တက်သွားတဲ့ အပေါ် တောင်းဆိုဆန္ဒပြတဲ့ အဆင့်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်တယ်။ တယ်လီဂရမ် ချန်နယ်တွေ၊ ဂရု(ပ်)ချတ်တွေ ကနေ ပြန့်လာတဲ့ တောင်းဆိုချက်တွေထဲမှာ ဟောဒီအချက်တွေလည်း ပါဝင်နေတယ် -

  • အစိုးရယန္တယား ပြောင်းလဲရေး
  • မြို့ပြ၊ ကျေးလက်၊ ဒေသန္တရ အုပ်ချုပ်ရေး အာဏာပိုင်တွေကို လူထုကိုယ်တိုင် ရွေးကောက်တင်မြှောက်ရေး
  • ၁၉၉၃ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြန်လည်အသက်သွင်းရေး
  • အရပ်သား တက်ကြွလှုပ်ရှားသူတွေကို အရေးယူခြင်း လုံးဝမရှိစေရ
  • တည်ဆဲစနစ်နဲ့ လက်ရှိအာဏာပိုင်တွေထဲက မဟုတ်သူ၊ တော်လှန်ရေး သစ္စာခံတယောက်ယောက်ကို အာဏာလွှဲအပ်ပေးရေး

ဆန္ဒပြ လူထုကို ချေမှုန်းဖို့ ပြည်ပ စစ်တပ်တွေ ခေါ်သွင်းလာ

ဇန်နဝါရီလ ၆ ရက်နေ့မှာ ကာဇက်စတန် စစ်တပ်နဲ့ ရုရှား အထူးတပ်ဖွဲ့တွေ ကျောထောက်နောက်ခံပြုထားတဲ့ လက်နက်ကိုင်အဖွဲ့တွေက ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးတဲ့နောက် အကြီးမားဆုံး လူထု လှုပ်ရှားမှုကြီးကို ဖြိုခွဲပစ်ဖို့ ဒလကြမ်း ဝင်ရောက်လာခဲ့တယ်။

အာဏာပိုင်တွေက အရေးပေါ် အခြေအနေ ကြေညာပြီး သူတို့အာဏာ ခိုင်မြဲအောင် ပြန်လုပ်ဖို့ စစ်တပ် ခေါ်သွင်းလိုက်တာနဲ့ ဇန်နဝါရီ ၆ရက် ကြာသပတေးနေ့က ကာဇက်စတန် မြို့ကြီး အတော်များများမှာ လမ်းမထက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်။ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက လူထုကို ခြိမ်းခြောက်ဖို့ နိုင်ငံတော်ပိုင် မီဒီယာကနေ အခုလို ပြောသွားတယ် - “တိုက်ခိုက်ရေးသမားတွေ ဒါဇင်နဲ့ချီ ချေမှုန်းလိုက်ပြီ”။ ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ပြီး ထောင်ပေါင်းများစွာ အဖမ်းခံထားရတယ်လို့ အစီရင်ခံစာတွေမှာ ဖော်ပြကြတယ်။ မောက်မာရင့်သီးလှတဲ့ သမ္မတ Kassym-Jomart Tokayev က ဇန်နဝါရီ ၇ ရက် သောကြာနေ့မှာ တီဗွီကနေ ပေါ်လာပြီး လက်နက်ကိုင်အဖွဲ့ တွေအနေနဲ့ သူ့အခေါ် “သောင်းကျန်းသူတွေ၊ အကြမ်းဖက်သမားတွေ”ကို “အသေပစ်သတ်ဖို့” အမိန့်ပေးထားပြီး ဖြစ်ကြောင်း ပြောသွားခဲ့တယ်။

နိုင်ငံတော်အနေနဲ့ သူတို့အာဏာ မဆုံးရှုံးရလေအောင် ရက်ရက်စက်စက် အကြမ်းဖက်တဲ့ လမ်းကြောင်းအတိုင်း ဒရစပ် ချီတက်နေပြီဆိုတာ ရှင်းပါတယ်။ လေဆိပ်တွေ၊ လမ်းမကြီးတွေ၊ ရင်ပြင်တွေနဲ့ ပို့ဆောင်ဆက်သွယ်ရေး ဆိုင်ရာ တခြား အရေးကြီးနေရာတွေကို ဆန္ဒပြလူထုက သိမ်းပိုက်ထားခဲ့ပေမယ့် အခုချိန်မှာ အစိုးရ လက်ထဲ ပြန် ရောက်သွားခဲ့ပြီ။

လူထု လှုပ်ရှားမှုဟာ သူပုန်ထ ပုန်ကန်တဲ့ အဆင့် ရောက်ခဲ့ပြီ၊ ဒါပေမယ့် ရှင်းလင်းတဲ့ တော်လှန်ရေး ခေါင်းဆောင်မှုနဲ့ တခွင်တပြင်လုံး လွှမ်းခြုံနိုင်တဲ့ တော်လှန်ရေး အဖွဲ့အစည်း မရှိဘူး ဖြစ်နေတယ်။ ဒီအခြေအနေမှာ အုပ်စိုးသူ လူတန်းစားဘက်က အင်အားအလွန်အကျွံသုံးပြီး လူထု အုံကြွမှုကို အနည်းဆုံးတော့ လက်ရှိ အခိုက်အတန့်မှာ ဖြိုခွဲပစ်ထားနိုင်ပုံရတယ်။ ပြီးခဲ့တဲ့ အပတ်ကဆိုရင် ကာဇက်စတန်ရဲ့ အဓိက မြို့ကြီးအားလုံးလောက်ကို လူထုက စီးမိထားတယ်။ ဆန္ဒပြလူထုနဲ့ ရဲတပ်ဖွဲ့ကြား ချစ်ကြည်ရင်းနှီးလာတဲ့ လက္ခဏာတွေလည်း မြင်တွေ့ခဲ့ရတယ်။ ဒါပေမယ့် ဒီကနေ ရှေ့ဘယ်လိုဆက်မလဲဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ အစီအစဉ် ရှိမနေတဲ့အခါ တန်ပြန်တော်လှန်ရေးဘက်က လက်ဦးမှုရသွားစေတယ်၊ တန်ပြန် တော်လှန်ရေး အင်အားစုတွေက ပြန်လည် စုစည်းပြီး အပြင်းအထန် လက်တုံ့ပြန်လာကြတယ်။

အင်မတန် အင်အားကြီးမားတဲ့ လူထု လှုပ်ရှားမှုကြီးနဲ့ ကြုံတွေ့ရလိုက်တဲ့အခါ နိုင်ငံတော်အနေနဲ့ ကနဦးမှာ လိုက် လျောချက်တွေ တသီကြီး ပေးခဲ့ရတယ်။ တိုက်ပွဲဝင် လူထုအဖို့ ယုံကြည်ချက် ပိုရှိသွားတယ်။ တချိန်တည်းမှာပဲ နိုင်ငံတော် အင်အားစုတွေ တဖြည်းဖြည်း ပြိုလိုက်လာတယ်။ သမ္မတ Tokayev က အခြေအနေပေါ် မူတည်ပြီး မီးစင်ကြည့်ကနေခဲ့ရတယ်။ နိုင်ငံတော် ယန္တယားအတွင်းမှာ စိတ်အားပျက်မှုတွေ၊ ဆောက်တည်ရာမရ ဖြစ်မှုတွေ ကျယ်ပြန့်ကြီးထွားလာခဲ့တယ်။

ဒါပေမယ့် ကြာသပတေးနေ့ရောက်တော့ Tokayev က ရှေ့တက်လာပြီး အာဏာကို ချုပ်ကိုင်လိုက်တယ်၊ ဒီမတိုင်ခင်အထိ သူက အိမ်စောင့် သမ္မတနေရာမှာပဲ ရှိနေခဲ့ပြီး နောက်ကွယ်မှာ သမ္မတ Nursultan Nazarbayev က အာဏာကို ချုပ်ကိုင်ထားဆဲ ဖြစ်တယ်။ ကြာသပတေးနေ့ကစပြီး အရင် ကက်ဘိနက်အဖွဲ့ကို ရှင်းထုတ်လိုက်တယ်၊ Nazarbayev ကို ဖယ်ပစ်လိုက်တယ်၊ (Collective Security Treaty Organization) ခေါင်းစဉ်အောက်ကနေ ရုရှား စစ်တပ်ကို အကူအညီတောင်းခဲ့တယ်။ သူ့ဘက်က အဲသလို ပြတ်ပြတ်သားသား လုပ်ပြလိုက်တဲ့အခါ နိုင်ငံတော် အင်အားစုတွေကို ဓာတ်ကြမ်းတိုက် မောင်းနှင်ပေးလိုက်နိုင်တယ်၊ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကျနော်တို့ မြင်တွေ့ခဲ့ရတဲ့ တန်ပြန် ထိုးစစ်မျိုး သူတို့လုပ်ရဲသွားစေတယ်။

လူထု လှုပ်ရှားမှုရဲ့ ကနဦး တောင်းဆိုချက်တွေကို အစိုးရဘက်က လိုက်လျောပေးမယ်လို့ ကြေညာထားပြီး တော်လှန်ရေးဘက်က ဒိထက် ရှင်းလင်း ပြတ်သားတဲ့ ရည်မှန်းချက် အသစ်တွေ မထုတ်ဖော်ပေးနိုင်တဲ့အခါ တချို့ အလွှာတွေ ယိမ်းယိုင်စပြုလာတယ်။ ဦးတည်ချက်မဲ့ လုယက်ခြင်းတွေ၊ အကြမ်းဖက်ခြင်းတွေကြောင့်လည်း အဲဒီ လမ်းကြောင်းကို ပိုအားကောင်းသွားစေတယ်။ ဒီလို ဦးတည်ချက်မဲ့ လုယက်ခြင်းတွေ၊ အကြမ်းဖက်ခြင်းတွေကို နိုင်ငံတော်ကိုယ်တိုင်က တမင် မီးစာဖြည့်ပေးခဲ့တယ်။ ဒီလို အခြေအနေတွေအောက်မှာ နိုင်ငံတော်ရဲ့ တရစပ် ဖိနှိပ်မှုတွေ ရင်ဆိုင်လာရတယ်၊ ရှင်းလင်းပြတ်သားတဲ့ လုပ်ငန်းစဉ်လည်း မရှိသလို တခွင်လုံး ချိတ်ဆက် ဦးဆောင် နိုင်တဲ့ အဖွဲ့အစည်းလည်း မရှိတဲ့အခါ အလွှာတခုက နောက်ပြန်ဆုတ်သွားနိုင်တယ်။ အဲဒီအခါ လမ်းမထက်မှာ ရယ်ဒီကယ်အဆန်ဆုံး အစိတ်အပိုင်းတွေပဲ အထီးတည်း ကျန်ခဲ့နိုင်တဲ့ အန္တရယ်ရှိတယ်။

သို့သော်လည်း Almaty နဲ့ မြို့တော် Nursultan လို တချို့နေရာတွေမှာ လမ်းမတွေ ရှင်းသွားပေမယ့် Zhanaozen နဲ့ Aktau လို တခြားမြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ ဆက်လက် အားကောင်းနေဆဲ ဖြစ်ပါတယ်။ အခုလို ရုတ်တရက် ရင်ဆိုင်လိုက်ရတဲ့ အနေအထားကို ကျော်လွှားလိုက်တာနဲ့ လူထု လှုပ်ရှားမှုက ပိုပြီး ရယ်ဒီကယ် ဆန်လာပြီး ရှေ့တဟုန်ထိုး ချီတက်သွားနိုင်ချေကိုလည်း ချန်လှပ်ထားလို့ မဖြစ်နိုင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ဒါဟာ ကာဇက်စတန် တော်လှန်ရေးရဲ့ အဆုံးသတ် မဟုတ်ဘူး၊ ဒါဟာ အစပဲ ရှိသေးတယ်။

ရှေ့မှာ မတည်ငြိမ်မှုတွေပဲ လာတော့မယ်

အခု ကျနော်တို့ မြင်တွေ့နေရတာ ကာဇက်စတန် သမိုင်းရဲ့ အချိုးအကွေ့တခုဖြစ်တယ်။ ဘူဇွာတွေက ကာဇက်စတန်ကို တည်ငြိမ်မှုရဲ့ စံပြအဖြစ် နှစ်ပေါင်းများစွာ ဇန်းတင်ပေးခဲ့ကြတယ်။ အခု အဲဒီနိုင်ငံက မတည်ငြိမ်မှု၊ အကြပ်အတည်းနဲ့ လူတန်းစား တိုက်ပွဲတွေရဲ့ အဆင့်သစ်ကို ချဉ်းနင်းဝင်ရောက်လာပြီ။ အစိုးရရဲ့ မဟာဗျူဟာက အကြမ်းဖက် နှိပ်ကွပ်မှုနဲ့ စီးပွားရေး လိုက်လျောချက်တွေ ပေါင်းစပ်ပြီး လူထု လှုပ်ရှားမှုကို ဖြိုခွဲရေးပဲ ဖြစ်လိမ့် မယ်။

ကာဇက်စတန်မှာ ခရိုမိုက်၊ ဝူးလ်ဖရမ်၊ ခဲ၊ ဇင့်၊ မန်းဂနိစ်၊ ငွေ၊ ယူရေနီယံ အစရှိတဲ့ သဘာဝ သယံဇာတတွေ အများအပြား ရှိနေတယ်။ ဘောက်ဆိုက်၊ ကြေးနီ၊ ရွှေ၊ သံရိုင်း၊ ကျောက်မီးသွေး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေလည်း အ တော်များများ ရှိနေသေးတယ်။ ဒီလို အရံအင်အားတွေ ရှိနေသေးတဲ့အတွက် ကာဇက်စတန် အစိုးရအဖို့ လူမှုစီးပွားဆိုင်ရာ လိုက်လျောချက်တွေ ပေးနိုင်သေးတဲ့ အခြေအနေ ရှိတယ်။

သို့သော်လည်း ဒီလိုနည်းနဲ့ ရေရှည်တည်ငြိမ်အောင် ထိန်းထားဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီသယံဇာတတွေဟာ ကမ္ဘာ့ စီးပွားရေးအပေါ် မှီခိုထားရတယ်။ ၂၀၁၄ တုန်းက တရုတ်နဲ့ အနောက်မှာ စီးပွားရေး ဖွံ့ဖြိုးမှု နှေးသွားတာနဲ့ ဆီဈေးတွေ၊ သတ္တုဈေးတွေ ကျလာတော့ ကာဇက်စတန်ရဲ့ ဂျီဒီပီလည်း ၄.၂%ကနေ ၁.၂%အထိ ကျဆင်းခဲ့ တယ်။ တခါ ကိုဗစ်ကပ် ရိုက်ခတ်လာပြန်တော့ အခြေအနေက ပိုဆိုးလာတယ်။ ကုန်ဈေးနှုန်းတွေ တက်လာခဲ့ တယ်၊ အဆင်းရဲဆုံး အလွှာတွေအဖို့ ဖူလုံရေး ခံစားခွင့်တွေ နည်းပါးသထက် နည်းပါးလာခဲ့တယ်။ ရှေ့လာမယ့် ကာလမှာ ကမ္ဘာ့ စီးပွားရေးက အကျဘက်ကိုပဲ ဦးတည်နေလိမ့်မယ်၊ ကာဇက်စတန် စီးပွားရေးကိုလည်း ဖိအား အသစ်တွေ ထပ်ပေးလာလိမ့်မယ်။ ဒီအခါ အုပ်စိုးသူ လူတန်းစားက သူတို့အာဏာ တည်မြဲရေးအတွက် လုပ်သားထုရဲ့ လူနေမှု အဆင့်အတန်းကိုသာ ထပ်မံ ထိုးနှက်လာဦးမယ်။

ဘိုနာပတ်ပုံစံနဲ့ Nursultan Nazarbayev ခေါင်းဆောင်ခဲ့တဲ့ ကာဇက် အစိုးရဟာ တရှိန်ထိုး ကြီးထွားနေတဲ့ စီးပွားရေး နဲ့ လူနေမှု အဆင့်အတန်း အတန်အသင့် မြင့်မားလာခြင်း အခြေခံပေါ်မှာ ဆယ်စုနှစ် ၂ခုကြာ တည်တည်ငြိမ်ငြိမ် ဖြစ်အောင် ထိန်းထားနိုင်ခဲ့တယ်။ ဒါပေမယ့် အဲဒီခေတ်က ပြီးဆုံးသွားခဲ့ပြီ။

အရောင်တော်လှန်ရေးတခုလား

လက်ဝဲတချို့က ကာဇက်စတန်က လူထု လှုပ်ရှားမှုကို အနောက် အုပ်စု ကြိုးကိုင်ထားတဲ့ ‘အရောင် တော်လှန်ရေး တခု’လို့ စွပ်စွဲနေကြတယ်။ သူတို့ ထင်မြင်ချက်အရဆိုရင် ဒီလှုပ်ရှားမှုဟာ ယူကရိန်းမှာ ဖြစ်ခဲ့တဲ့ ဖောက်ပြန်သော Maidan လှုပ်ရှားမှုနဲ့ အတူတူ ဖြစ်နေမယ်။ Maidan လှုပ်ရှားမှုဟာ အနှစ်သာရအားဖြင့် ဝါရှင်တန် အားပေး ထောက်ခံထားတဲ့ လက်ယာစွန်းတွေ၊ ဖက်ဆစ်တွေ ချုပ်ကိုင်ထားတဲ့ လှုပ်ရှားမှုသာ ဖြစ်ခဲ့တယ်။ ဒီနှစ်ခုကို ယှဉ်ပြတာဟာ ကာဇက်စတန်က မြေပြင် အချက်အလက်တွေကို လစ်လျူရှုထားတဲ့ သာမန်ကာလျှံကာ နှိုင်းယှဉ်မှုတခုပဲ ဖြစ်တယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကျနော်တို့ မြင်တွေ့ခဲ့ရတဲ့ ကာဇက်စတန် လူထု အုံကြွမှုမှာ လစ်ဘရယ်တွေ၊ ပက်တီး ဘူဇွာ အစိတ်အပိုင်းတွေ အနည်းအကျဉ်းပဲ ပါဝင်ခဲ့တယ်။ ဒါဟာ အင်မတန် ထင်ရှားတဲ့ အချက်ဖြစ်တယ်။ ၂၀၁၈ နဲ့ ၂၀၂၀ တုန်းက ဖြစ်ခဲ့တဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေနဲ့ မတူတာက ဒီတချီ လူထု လှုပ်ရှားမှုကို အလုပ်သမားထုက အစပြုခဲ့တယ်၊ တကယ် စစ်မှန်တဲ့ တော်လှန်ရေး လက္ခဏာဆောင်တယ်။ ဒီလူထု လှုပ်ရှားမှုမှာ အလုပ်သမားထုက အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတယ်၊ ဆင်းရဲသား အလုပ်လက်မဲ့တွေ၊ လူလတ်တန်းစား အောက်အလွှာတွေလည်း ပါဝင်တယ်။

ဒီလှုပ်ရှားမှု အစပြုရာ ဗဟိုချက်က အနောက်ဘက် Mangistau ဒေသဖြစ်တယ်။ ဒီဒေသဟာ လောင်စာဆီ ကုမ္ပဏီကြီးတွေရဲ့ နှလုံးသည်းပွတ်မြေလည်း ဖြစ်သလို တော်လှန်ရေး အစဉ်အလာကြီးမားတဲ့ စက်ရုံ အလုပ်သမား လူတန်းစား အားကောင်းတဲ့ အရပ်လည်း ဖြစ်တယ်။ ဒီဒေသက Zhanaozen မြို့ဟာ သမိုင်းဝင် မြို့တမြို့ ဖြစ်တယ်။ ၂၀၁၁ ခုနှစ်တုန်းက အဲဒီမြို့မှာ လောင်စာဆီ အလုပ်သမား သောင်းနဲ့ချီပြီး သပိတ်မှောက်ခဲ့ကြတယ်။ စစ်တပ်နဲ့ ဝင်မဖြိုခင်အထိ ၇ လကြာအောင် အလုပ်သမားတွေက မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့တယ်။ ဒီတိုက်ပွဲ အတွေ့အကြုံတွေက ဒီကနေ့ တော်လှန်ရေးမှာ အင်မတန် အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေမယ်ဆိုတာ မြင်သာပါတယ်။ ဒီကနေ့ တော်လှန်ရေး လှုပ်ရှားမှုဟာ အဲဒီဒေသက တိုက်ပွဲ အစဉ်အလာတွေအပေါ် အများကြီး အခြေခံထားတယ်။

ရက်တိုတိုအတွင်း ဒီလှုပ်ရှားမှု တဟုန်ထိုး ကြီးထွားလာပုံကို ‘ကာဇက်စတန် ဆိုရှယ်လစ် လှုပ်ရှားမှု’ ရဲ့ ကြေညာ ချက်မှာ မြင်သာအောင် ရှင်းပြထားတယ် -

“အခု ကာဇက်စတန်မှာ စစ်မှန်တဲ့ လူထု အုံကြွမှုကြီး ဖြစ်နေတယ်။ ဒီဆန္ဒပြပွဲတွေဟာ ကနဦးကတည်းက လူထု လူတန်းစား လက္ခဏာဆောင်ခဲ့တယ်၊ စတော့(ခ်)အိတ်ချိန်းမှာ လောင်စာဆီ ဓာတ်ငွေ့ဈေး နှစ်ဆတက်သွားတဲ့ ကိစ္စက ဝန်အပြည့်နဲ့ ကုလားအုတ်ကို ပြိုလဲသွားစေခဲ့တဲ့ နောက်ဆုံး ကောက်ရိုးတမျှင်သာ ဖြစ်တယ်။ ဒီဖြစ်ရပ်တွေအားလုံးဟာ Zhanaozen မှာ အစပြုခဲ့သလိုပဲ လောင်စာဆီ အလုပ်သမားတွေရဲ့ ဗွေဆော်ဦး လှုပ်ရှားမှုနဲ့ စတင်ခဲ့ခြင်း ဖြစ်တယ်။ Zhanaozen မြို့ဟာ လူထု လှုပ်ရှားမှုကြီး တခုလုံးရဲ့ နိုင်ငံရေး ဗဟိုဌာနချုပ်တခုလို ဖြစ်လာခဲ့တယ်။

“ဒီလှုပ်ရှားမှုကို အစပျိုးပေးလိုက်တဲ့ အင်အားတွေက ရှေ့အလားအလာကို ရည်ညွှန်းပြနေသလို ရှိတယ်။ လူမှု စီးပွားဆိုင်ရာ တောင်းဆိုချက်တွေနဲ့ အစပြုခဲ့တဲ့ ဆန္ဒပြပွဲဖြစ်လေတော့ ဒီနောက် ကြီးထွားပြီးရင်း ကြီးထွားသွားခဲ့တယ်၊ လေဘာ အဖွဲ့အစည်းတွေက အလုပ်သမား စုဝေးပွဲကြီးတွေကို အသုံးချပြီး လုပ်ခလစာ ၁၀၀% တိုးမြှင့်ပေးရေး၊ အဆင်ခြင်မဲ့ ကုန်ထုတ်စံချိန်သတ်မှတ်ချက်တွေ ပယ်ဖျက်ပေးရေး၊ လုပ်ငန်းခွင် အခြေအနေတွေ တိုးတက် ကောင်းမွန်ရေး၊ အလုပ်သမား သမဂ္ဂတွေ လွတ်လွတ်လပ်လပ် လှုပ်ရှားဆောင်ရွက်ခွင့် ရရှိရေးလို သူတို့ကိုယ်ပိုင် တောင်းဆိုချက်တွေ ဖော်ထုတ်ခဲ့ကြတယ်။ ဒါရဲ့အကျိုးဆက်အနေနဲ့ ဇန်နဝါရီ ၃ ရက်နေ့မှာ Mangystau ဒေသ တခုလုံးကို အထွေထွေ သပိတ်လှိုင်းလုံးကြီးနဲ့ သွက်ချာပါဒလိုက်သွားစေခဲ့တယ်။ ဒီကနေ အိမ်နီးချင်း Atyrau ဒေသကို ကူးစက်ပြန့်နှံ့သွားခဲ့တယ်။

“ဇန်နဝါရီ ၄ ရက်နေ့ကတည်းက Tengizchevroil ကုမ္ပဏီက လောင်စာဆီ အလုပ်သမားတွေဟာ သပိတ်တိုက်ပွဲ ဆင်နေကြပြီ။ ဒီကုမ္ပဏီရဲ့ ၇၅%ကို နိုင်ငံစုံဖြတ်ကျော် အမေရိကန် ကော်ပရိတ်ကြီးတခုက ပိုင်ဆိုင်တယ်။ အဲဒီ ကုမ္ပဏီက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲမှာ အလုပ်သမား ၄၀၀၀၀ ကို အလုပ်ထုတ်ပစ်ခဲ့တယ်။ နောက်ထပ်လည်း အလုပ်ထုတ်ပစ်ဖို့ စီစဉ်ထားသေးတယ်။ အဲဒီသပိတ်မှောက် အလုပ်သမားတွေကို Aktobe နဲ့ အနောက် ကာဇက်စတန်၊ Kyzylorda ဒေသတွေက အလုပ်သမားထုက ဆက်တိုက် ထောက်ခံအားပေးခဲ့ကြတယ်။

“ဒါ့အပြင် အဲဒီနေ့ ညနေပိုင်းမှာပဲ Karaganda ဒေသက ArcelorMittal Temirtau ကုမ္ပဏီပိုင် သတ္တုတွင်း အလုပ်သမားတွေ စတင် သပိတ်တိုက်ပွဲဝင်ခဲ့ကြတယ်။ Kazakhmys ကော်ပရေးရှင်းက သတ္တုတွင်း အလုပ်သမားတွေ ကြေးနီ ထုတ်လုပ်ရေး အလုပ်သမားတွေရဲ့ သပိတ်တိုက်ပွဲ စတင်ခဲ့တယ်။ ဒါ့ကြောင့် ကာဇက်စတန် တနိုင်ငံလုံးက သတ္တု တူးဖော်ရေး စက်မှုလုပ်ငန်း တခုလုံးမှာ အထွေထွေ သပိတ်မှောက်နေခဲ့တယ်လို့ သတ်မှတ်နိုင်တယ်။ ဒီမှာလည်း လုပ်ခလစာ တိုးမြှင့်ရေး၊ ပင်စင်ခံစားခွင့် အသက် လျှော့ချရေး၊ အလုပ်သမား သမဂ္ဂတွေ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့်၊ သပိတ်မှောက်ခွင့် ရရှိရေး တောင်းဆိုချက်တွေ ရှိခဲ့တယ်။

“တချိန်တည်းမှာပဲ Almaty မြို့နဲ့ Almaty ဒေသက မြို့တွေ၊ Atyrau, Uralsk, Aktobe, Kyzyl-Orda, Taraz, Taldykorgan, Turkestan, Shymkent, Ekibastuz အစရှိတဲ့ မြို့တွေမှာ အင်္ဂါနေ့ကစပြီး လူထု စည်းဝေးပွဲကြီးတွေ တခဲနက် ကျင်းပခဲ့ကြတယ်။ အဲဒီမြို့တွေမှာ လမ်းမတွေကို ပိတ်ဆို့ပစ်လိုက်တဲ့အခါ ဆန္ဒပြ လူထုနဲ့ ရဲတပ်ဖွဲ့ကြား ဇန်နဝါရီ ၄-၅ ရက်နေ့ ညတွေမှာ ထိပ်တိုက် ပဋိပက္ခတွေ ဖြစ်ခဲ့တယ်။ ရလဒ်ကတော့ အဲဒီမြို့ရဲ့ ဒေသန္တရ အုပ်ချုပ်ရေးကို လူထုက ယာယီ သိမ်းပိုက်ခဲ့တယ်။ ဒီအချက်ကို အကြောင်းပြပြီး Kassym-Jomart Tokayev က အရေးပေါ် အခြေအနေ ကြေညာခဲ့တယ်။

“Almaty မြို့က လူထုစည်းဝေးပွဲ မိန့်ခွန်းတွေကို တက်ရောက် နားထောင်ခဲ့ကြသူ အများစုက အလုပ်လက်မဲ့ လူငယ်တွေနဲ့ မြို့ကြီးပြကြီးကို လာရောက်အလုပ်လုပ်နေကြတဲ့ ပြည်တွင်း ရွှေ့ပြောင်း အလုပ်သမားတွေ။ ပြည်တွင်း ရွှေ့ပြောင်း အလုပ်သမားတွေဟာ အာမခံချက်မရှိတဲ့ ယာယီအလုပ်တွေ၊ လုပ်ခနည်းပါးလွန်းတဲ့ အလုပ်တွေမှာ ဝင်လုပ်ကြရတယ်။ ဒီလို လူထုကို Mangystau နဲ့ Almaty ဒေသတွေအတွက် ဓာတ်ငွေ့ဈေး ၅၀ ထန်‌့ဂေး*အထိ လျှော့ပေးမယ်လို့ ကတိပေးလိုက်ရုံနဲ့ ကျေနပ်သွားအောင် မစွမ်းနိုင်ဘူး။ (*ထန့်ဂေး=Tenge ကာဇက်စတန် ငွေကြေးယူနစ်)။

“အစိုးရအဖွဲ့ကို ပစ်ပယ်ပြီး သမ္မတဟောင်း Nazarbayev ကို လုံခြုံရေးကောင်စီ ဥက္ကဌရာထူးကနေ ဖယ်ရှားပေးဖို့ Tokayev ဆုံးဖြတ်လိုက်ပေမယ့် ဆန္ဒပြပွဲတွေကို ရပ်တန့်မသွားစေခဲ့ဘူး။ တခါမှ ဆန္ဒပြ လှုပ်ရှားမှုတွေ မဖြစ်ခဲ့ဖူးတဲ့ ကာဇက်စတန် အရှေ့ပိုင်းနဲ့ မြောက်ပိုင်း ဒေသတွေ (Petropavlovsk, Pavlodar, Ust-Kamenogorsk, Semipalatinsk) မှာပါ ဇန်နဝါရီ ၅ရက်နေ့ကတည်းက လူထု ဆန္ဒပြ ချီတက်ပွဲကြီးတွေ ရှိနေခဲ့ပြီ။ တချိန်တည်းမှာ ပဲ Aktobe, Taldykorgan, Shymkent and Almaty မြို့တွေမှာ လူထုက ဒေသန္တရ အုပ်ချုပ်ရေး ရုံးတွေကို ဝင်စီးဖို့ ကြိုးစားခဲ့ကြတယ်။

“Zhanaozen မြို့မှာ အလုပ်သမားတွေက လူထုစည်းဝေးပွဲကြီးတွေကနေ တောင်းဆိုချက်အသစ်တွေ ထုတ်ဖော် လာကြတယ်၊ လက်ရှိ သမ္မတနဲ့ Nazarbayev အစိုးရခေတ် အရာရှိတွေအားလုံး နှုတ်ထွက်ပေးရေး၊ ၁၉၉၃ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ပြန်လည်အသက်သွင်းရေး၊ နိုင်ငံရေးပါတီတွေ လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားခွင့် ရရှိရေး၊ အလုပ်သမား သမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားခွင့် ရရှိရေး၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး၊ ဖိနှိပ်မှုတွေ ရပ်တန့်ရေး အစရှိတဲ့ တောင်းဆိုချက်တွေ ပါဝင်ပါတယ်။ Council of Elders ကို ချက်ချင်း ဖွဲ့လိုက်ကြတယ်၊ ဒီကောင်စီဟာ လမ်းမပေါ်က အာဏာပိုင်အဖွဲ့တခု ဖြစ်လာခဲ့တယ်။

“ဒါ့ကြောင့် ဒေသအသီးသီး၊ မြို့အသီးသီးမှာ ဟစ်ကြွေးနေတဲ့ တောင်းဆိုချက်တွေ၊ ကြွေးကြော်သံတွေဟာ လှုပ်ရှားမှုတခုလုံးဆီ ပြန့်လွင့်သွားခဲ့ပြီ၊ လူထု တိုက်ပွဲမှာ နိုင်ငံရေး အတွင်းသား ရရှိသွားခဲ့ပြီ။ လူထုတိုက်ပွဲကို တခွင်တပြင်လုံး အတိုင်းအတာနဲ့ ချိတ်ဆက်နိုင်အောင် မြေပြင်မှာ ကော်မတီတွေ၊ ကောင်စီတွေ ဖွဲ့စည်းနိုင်အောင် လုံးပမ်းနေကြပြီ။”

ဒီမှာ ကျနော်တို့ ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရတဲ့အချက်က Mangystau က စက်မှုအလုပ်သမား လူတန်းစားရဲ့ အင်မတန် ကြီးမားသော အခန်းကဏ္ဍပဲ။ ဒီစက်မှု အလုပ်သမား လူတန်းစားက လက်ရှိ လူထု အရေးတော်ပုံကို ဦးဆောင်ခဲ့ခြင်း ဖြစ်တယ်၊ ဒီတော်လှန်ရေးကို ပစ္စည်းမဲ့လူတန်းစား နိုင်ငံရေး လုပ်ငန်းစဉ် ကိန်းအောင်းစေခဲ့တယ်၊ ဒီတော်လှန်ရေးကို ပစ္စည်းမဲ့ လူတန်းစားရဲ့ စည်းရုံးဖွဲ့စည်းမှု နည်းလမ်းတွေ၊ တိုက်ပွဲ နည်းလမ်းတွေ တပ်ဆင်ပေးခဲ့တယ်။ အနောက်အုပ်စု ကျောထောက်နောက်ခံပေးထားတဲ့ လစ်ဘရယ် အတိုက်အခံတွေရဲ့ ဝေတေဝါးတား ဒီမိုကရက်တစ် တောင်းဆိုချက်တွေ၊ နေရှင်နယ်လစ် တောင်းဆိုချက်တွေကတော့ တွင်ကျယ်မလာခဲ့ပါဘူး။

ပြည်ပရောက် ကာဇက်စတန် ဆိုရှယ်လစ် လှုပ်ရှားမှု ခေါင်းဆောင်တဦးဖြစ်တဲ့ Aynur Kurmanov က ဇာနိုဗို မီဒီယာနဲ့ အင်တာဗျူးမှာ ဒီလှုပ်ရှားမှုဟာ အနောက် ပါဝါတွေက ကြိုးကိုင်ခြယ်လှယ်နေတဲ့ လျှို့ဝှက်အကြံအစည် တခု ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်ကို အခုလို တုံ့ပြန်ရှင်းလင်းထားတယ် -

“နိုင်ငံရေး သုံးသပ်သူ အတော်များများ ပုံဖော်နေကြသလို ဒီတော်လှန်ရေးဟာ Maidan လှုပ်ရှားမှုမျိုး မဟုတ်ပါဘူး။ အံ့အားသင့်စရာ ဒီလောက် အားကောင်းတဲ့ စည်းရုံးစုစည်မှုမျိုး ဘယ်ကနေ ဖြစ်ပေါ်လာသလဲ။ အလုပ်သမား လူတန်းစားရဲ့ အစဉ်အလာနဲ့ အတွေ့အကြုံအပေါ် အခြေခံထားခြင်း ဖြစ်ပါတယ်။ Mangistau ဒေသကို ၂၀၀၈ ခုနှစ်ကတည်းက သပိတ်တွေနဲ့ ကိုင်လှုပ်နေခဲ့တာ။ ဒီသပိတ်တိုက်ပွဲ လှုပ်ရှားမှုက ၂၀၀၀ ခုနှစ်တွေကတည်းက အစပြုခဲ့ခြင်း ဖြစ်တယ်။ ကွန်မြူနစ်ပါတီ ဒါမှမဟုတ် တခြား လက်ဝဲအုပ်စုတခုခုရဲ့ ဆော်ဩမှု မရှိပေမယ့်လည်း လောင်စာဆီ ကုမ္ပဏီတွေကို ပြည်သူပိုင်သိမ်းလိုက်ဖို့ အလုပ်သမားတွေက မပြတ် တောင်းဆိုနေခဲ့တယ်။ ပုဂ္ဂလိကပိုင်ပြုခြင်းနဲ့ ပြည်ပ အရင်းရှင်တွေက ရှယ်ယာတွေ အများကြီး ဝယ်ထားပြီး စိုးမိုးခြယ်လှယ်နေခြင်းကြောင့် ဘယ် လိုတွေ ဖြစ်ကုန်သလဲ အလုပ်သမားတွေကိုယ်တိုင် သူတို့မျက်စိနဲ့ တပ်အပ် မြင်တွေ့ခဲ့ရတယ်။ အဲဒီအစောပိုင်း ဆန္ဒပြပွဲတွေကနေ အလုပ်သမားထုဟာ တိုက်ပွဲနည်းနာတွေ သွေးစည်းမှု တည်ဆောက်ရေးတွေမှာ အတွေ့အကြုံ အများကြီး ရထားခဲ့တယ်။ ရိုင်းစိုင်းခက်ထန်လှတဲ့ ဘဝတွေမှာ ရှင်သန်နေထိုင်ရင်း ကျောချင်းကပ်သွားကြတယ်။ ဒီနောက်ခံအခြေအနေမှာ အလုပ်သမား လူတန်းစားနဲ့ ကျန်လူထုက အတူလက်တွဲမိလာခဲ့ကြတယ်။ Zhanaozen နဲ့ Aktau မြို့တွေက အလုပ်သမား ဆန္ဒပြပွဲတွေဟာ ကာဇက်စတန် နိုင်ငံရဲ့ တခြား ဒေသတွေကိုလည်း အလားတူ တိုက်ပွဲဝင်ကြဖို့ လှုပ်နှိုးပေးလိုက်တယ်။ မြို့ကြီးတွေက အထင်ကရ ရင်ပြင်ကြီးတွေမှာ ဆန္ဒပြသူတွေ ဆောက်လိုက်တဲ့ ယာယီ အမိုးအကာတဲတွေဟာ ‘ဥရောပ Maidan’ အတွေ့အကြုံကနေ ယူထားတာ လုံးဝ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ် ဒေသန္တရ သပိတ်တိုက်ပွဲတွေမှာကတည်းက Mangistau ဒေသမှာ ဒီလို ယာယီ အမိုးအကာတဲတွေ ဆောက်ခဲ့ကြတာပါ။ ပြည်သူတွေကိုယ်တိုင် ဆန္ဒပြသူတွေအတွက် အစားအသောက်တွေ၊ ရေတွေ ယူလာပေးကြတာပါ။”

Mangistau ဒေသက အလုပ်သမားထုဟာ အမေရိကန် အရင်းရှင်နယ်ချဲ့နဲ့ ပေါင်းကြံဖို့ ဝေးစွ၊ အနောက်နိုင်ငံ အခြေပြု နိုင်ငံစုံ ကော်ပရေးရှင်းကြီးတွေကို တိုက်ပွဲဝင်လာတဲ့ အစဉ်အလာ ကြီးမားသော အလုပ်သမားတွေ ဖြစ် တယ်။ ဒီလိုပြောလို့ လက်ရှိ အရေးတော်ပုံကို ဂုတ်ခွစီးပြီး အမြတ်ထုတ်ဖို့ ကြိုးစားတဲ့ လစ်ဘရယ် ဘူဇွာတွေ၊ နေရှင်နယ်လစ် အဖွဲ့အစည်းတွေ လုံးဝ မရှိဘူးလို့ မဆိုလိုပါ။ ဒါပေမယ့် သေချာတာတခုကတော့ ဒီတော်လှန်ရေးကို သူတို့ စခဲ့တာ မဟုတ်ဘူး၊ သူတို့ ထိန်းချုပ် မထားနိုင်ဘူး။

ကာဇက်စတန်ကို ရုရှား ဩဇာခံ နိုင်ငံတခုလို့ ပြောရင် မှားလိမ့်မယ်။ Nazarbayev ခေါင်းဆောင်တဲ့ ကာဇက်စတန် အစိုးရဟာ ရုရှား၊ အမေရိကန်၊ တရုတ်နဲ့ တူရကီ နိုင်ငံတွေကြား ထိန်းကစားရင်း နှစ်ပေါင်း ၃၀ ကြာ သူ့အတွက် အကောင်းဆုံး အပေးအယူတွေ ရရှိအောင် လုပ်ခဲ့တယ်။ တကယ်တော့ ကာဇက်စတန်မှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်နေတာ ရုရှား မဟုတ်ဘူး၊ အမေရိကန်သာ ဖြစ်တယ်။ Chevron နဲ့ ExxonMobil လို အမေရိကန် အရင်းရှင် လုပ်ငန်းကြီးတွေ ကာဇက်စတန်မှာ ရင်းနှီးမြှုပ်နှံထားတယ်။ ရှက်ဗ်ရွန်က ကာဇက်စတန်မှာ အရင်းအနှီး အများဆုံး ဖြစ်တယ်။

ကာဇက်စတန် အုပ်စိုးသူတွေရဲ့ ဓနဥစ္စာ အမြောက်အမြားကို အနောက်နိုင်ငံတွေနဲ့ ပင်လယ်ကွေ့ တိုင်းပြည်တွေမှာ သိုဝှက်ထားကြတယ်။ Nazerbayev ရဲ့ ပြည်တွင်း ပေါ်လစီက အနောက် ဆန့်ကျင်ရေး မဟုတ်ဘူး။ ရုရှား ဆန့် ကျင်ရေး ကာဇက် အမျိုးသားရေးဝါဒသာ ဖြစ်တယ်။ ဒါ့ကြောင့်လည်း ကာဇက် ဘာသာစကားသုံး ပြည်သူတွေနဲ့ ရုရှား ဘာသာစကားသုံး ပြည်သူတွေကြား အန္တရာယ်ကြီးမားလှတဲ့ ချောက်ကမ်းပါးကြီး ခြားနေစေခဲ့တယ်။

အမေရိကန် နယ်ချဲ့အဖို့ ကာဇက်စတန်ထဲ ဝင်လာမယ့် အစီအစဉ် မရှိပါဘူး၊ သူက အဲဒီနိုင်ငံမှာ နဂိုကတည်းက ရှိနေပြီးသား၊ ကာဇက်စတန်ကနေ အမြတ်တွေ ရနေပြီးသား။ ကာဇက်စတန် အုပ်စိုးသူ လူတန်းစားအဖို့လည်း အမေရိကန်နဲ့ ပေါင်းပြီး အမြတ်တွေ ရနေခဲ့တယ်။ အမေရိကန် State Department ပြောရေးဆိုခွင့်ရ Ned Price ရဲ့ ကြေညာချက်ကို ကြည့်တာနဲ့ သူတို့ကြား ဆက်ဆံရေးကို ကောင်းကောင်း မြင်ရမယ် - “ကာဇက်စတန် အစိုးရ အနေနဲ့ အခြေခံအားဖြင့် စီးပွားရေး၊ နိုင်ငံရေး သဘောသဘာဝရှိတဲ့ ပြဿနာတွေကို မကြာခင်မှာ ကိုင်တွယ်နိုင်လိမ့်မယ်လို့ အမေရိကန်က မျှော်လင့်ပါတယ်။” အမေရိကန်ဟာ ဗဟိုအာရှ နိုင်ငံရဲ့ “ပါတနာ” ဖြစ်ကြောင်း Price က အလေးပေး ပြောသွားခဲ့တယ်။

အမေရိကန်ရဲ့ Secretary of State ဖြစ်သူ Secretary of State က ကာဇက်စတန် နိုင်ငံခြားရေး ဝန်ကြီး Mukhtar Tileuberdi နဲ့ စကားပြောရာမှာ “ကာဇက်စတန်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အင်စတီကျူးရှင်းတွေနဲ့ မီဒီယာ လွတ်လပ်ခွင့်တွေကို အမေရိကန်က အပြည့်အဝ ထောက်ခံထားကြောင်း၊ လက်ရှိ အကြပ်အတည်းကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လူ့အခွင့်အရေး လေးစားပြီး ဖြေရှင်းသွားဖို့ တိုက်တွန်းထားကြောင်း” ထပ်ပြောထားတယ်။ ဒီစကားတွေဟာ ကာဇက်စတန်နိုင်ငံထဲ ဝင်ဖို့ တာဆူနေတဲ့ နယ်ချဲ့ပါဝါတခုရဲ့ စကားတွေ မဟုတ်ဘူး။ အဲဒီ တိုင်း ပြည်ရဲ့ တည်ငြိမ်မှုကို စိုးရိမ်ကြောင့်ကြနေရတဲ့ နယ်ချဲ့ပါဝါတခုရဲ့ စကားသံတွေ။ အဲဒီတိုင်းပြည်အတွင်းက သူ့အကျိုးစီးပွားတွေကို ကာဇက်စတန် အစိုးရက အာမခံချက်ပေးနိုင်ပါ့မလား ပူပန်နေရတဲ့ နယ်ချဲ့ပါဝါရဲ့ စိုးရိမ် စကားတွေ။ အမေရိကန်အနေနဲ့ စစ်ရေးအရ ကြားဝင်ချင်ရင်တောင် မဝင်နိုင်တဲ့ အခြေအနေကို လစ်ဟပြလိုက် တာပဲ။

ရုရှားကတော့ ကာဇက်စတန်မှာ ဖြစ်နေတဲ့ အခြေအနေတွေကို တုန်လှုပ်ခြောက်ခြားပြီး စောင့်ကြည့်နေရတယ်။ ဘယ်လာရပ်(စ်)မှာ ဖြစ်သွားတဲ့ လူထု အရေးတော်ပုံလိုပဲ ကာဇက်စတန် တော်လှန်ရေးကလည်း ရုရှားရဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်လာနိုင်တယ်။ ရုရှားလူထုကလည်း ကာဇက်စတန် လူထုလို အလားတူ ဒုက္ခတွေ ခံနေရတာ။ ဒါ့ကြောင့် ရုရှား စစ်တပ်တွေ ကာဇက်စတန်အတွင်း ဝင်လာခြင်းဟာ သူ့ပြည်တွင်းအရေးအတွက် အရေးကြီးတဲ့ ရည်ရွယ်ချက် ရှိနေတယ်။ ဒီလို ဝင်ကူပေးရလို့လည်း ပူတင်က ကာဇက်စတန် အစိုးရဆီကနေ ‘အဖိုးအခ’ ပြန်တောင်းမှာ အသေအချာပဲ။ ဘယ်လာရပ်(စ်) အစိုးရဆီကနေ ကျိုးနွံမှု တောင်းသလိုမျိုး ပူတင်က ကာဇက်စတန် အစိုးရဆီကလည်း တောင်းမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန်ကတော့ ဒီအခြေအနေကို ဘာမှ မတတ်နိုင်ဘူး။ ကာဇက်စတန်အတွင်းက သူ့အကျိုးစီးပွားတွေ ကာကွယ်ပေးဖို့ ရုရှားအပေါ် ပိုပြီး မှီခိုရမယ့်ကိန်း။

ဘယ်လမ်းကနေ ရှေ့ဆက်ကြမလဲ

ကျနော်တို့ မြင်တွေ့နေရတာ အရောင် တော်လှန်ရေး မဟုတ်ဘူး၊ စီအိုင်အေ ကြိုးကိုင်ထားတဲ့ လျှို့ဝှက်စီမံကိန်း မဟုတ်ဘူး၊ ကာဇက်စတန် အုပ်စိုးသူ လူတန်းစားဝင် ဂိုဏ်းတွေကြားက နန်းလုပွဲလည်း မဟုတ်ဘူး။ အလုပ်သမားတွေ၊ လူငယ်တွေ၊ ဆင်းရဲသား ကျောမွဲတွေရဲ့ စစ်မှန်သော တော်လှန်ရေး လှုပ်ရှားမှုတခု ဖြစ်တယ်။

စက်မှု အလုပ်သမား လူတန်းစားရဲ့ ရှေ့တန်းအရောက်ဆုံး အလွှာတွေ ကျင့်သုံးခဲ့တဲ့ စည်းရုံးဖွဲ့စည်းမှုဆိုင်ရာ တိုက်ပွဲနည်းနာတွေနဲ့ လုပ်ငန်းစဉ်အပေါ် အခြေခံထားတဲ့ တော်လှန်ရေး လှုပ်ရှားမှုဖြစ်တယ်။ (သပိတ်တွေ၊ လူထု စုဝေးချီတက်ပွဲကြီးတွေ၊ အစရှိတဲ့) တိုက်ပွဲနည်းနာတွေနဲ့ လူမှု စီးပွားဆိုင်ရာ တောင်းဆိုချက်တွေ၊ ဒီမိုကရက်တစ် တောင်းဆိုချက်တွေပါတဲ့ လုပ်ငန်းစဉ်ဟာ အများကြီး ထိရောက်မှုရှိခဲ့တယ်။ ဒီအချက်ကို အရေးတော်ပုံ တရှိန်ထိုး ရှေ့ဆက် ချီတက်သွားခဲ့ခြင်းက သက်သေပြနေတယ်။ ၄ ရက်အတွင်း နိုင်ငံတော် အဆောက်အအုံကြီးတခုလုံးကို ဖြိုချနိုင်တော့မယ့်အထိ ခြိမ်းခြောက်နိုင်ခဲ့တယ်။

ဘယ်လိုပဲဖြစ်ဖြစ် ခေါင်းဆောင်မှုနဲ့ အဖွဲ့အစည်းပြဿနာက ဒီလှုပ်ရှားမှုရဲ့ အဓိက အားနည်းချက် ဖြစ်နေဆဲ။ တပြည်လုံးအတိုင်းအတာနဲ့ လွှမ်းခြုံထားနိုင်တဲ့ အလုပ်သမား အဖွဲ့အစည်းကြီး မရှိတော့ သပိတ်တိုက်ပွဲတွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ တော်လှန်ရေး အထွေထွေ သပိတ်အဆင့်အထိ မချဲ့ထွင်နိုင်ခဲ့ဘူး ဒါမှမဟုတ် အစိုးရ ဘက်က လျှပ်တပြတ်ထုတ်သုံးလာတဲ့ ရွှေ့ကွက်တွေကို တုံ့ပြန်နိုင်စွမ်း မရှိခဲ့ဘူး။ လူဉီးရေရဲ့ ၂၀%ရှိသော ရုရှား ဘာသာစကားပြော ပြည်သူတွေကိုလည်း တော်လှန်ရေးဘက် ပူးပေါင်းလာအောင် စနစ်တကျ စည်းရုံးရေး ကမ်းပိန်းတခု မလုပ်နိုင်ခဲ့ဘူး။

တကယ်လို့သာ ကျယ်ပြန့်လှတဲ့ လူထုကြီး လမ်းမပေါ်ကနေ ပြန်ခေါက်သွားခဲ့ရင် ဘူဇွာ လစ်ဘရယ် အစိတ်အပိုင်း တွေက ဒီလှုပ်ရှားမှုရဲ့ လက်ကျန်တွေကို သူတို့လက်အောက် ထိန်းချုပ်ထားဖို့ ကြိုးပမ်းလာလိမ့်မယ်။ လစ်ဘရယ် ဘူဇွာတွေရဲ့ ရွှေ့ကွက်တွေကို တန်ပြန်ဆန့်ကျင်နိုင်တဲ့ နိုင်ငံလုံးဆိုင်ရာ အလုပ်သမား ပါတီကြီးနဲ့ ခေါင်းဆောင်မှု ခိုင်ခိုင်မာမာ ရှိမနေတဲ့အခါ သူတို့လုပ်ရပ် အောင်မြင်သွားနိုင်တယ်။ သို့သော်လည်း အရေးတော်ပုံအတွင်း မတူညီတဲ့ တိမ်းညွတ်မှုအင်အားစု အသီးသီးကြား တိုက်ပွဲကို တင်ကူး ပြဌာန်းထားတာမျိုး မရှိပါဘူး။ လက်ရှိ လှုပ်ရှားမှုကို ဖောက်ပြန်တဲ့ လှုပ်ရှားမှုလို့ ဝိသေသတပ်လိုက်ခြင်းဟာ ဒီတိုက်ပွဲကို အစကတည်းက အရှုံးပေးလိုက်ရာရောက်နေပြီ။ အမှန်တကယ် လိုအပ်နေတာက ရှေ့တန်းအရောက်ဆုံး တော်လှန်ရေး အင်အားစုတွေက ဒီအဖြစ်အပျက်တွေကနေ သင်ခန်းစာ ထုတ်ယူပြီး အလုပ်သမား လူတန်းစားနဲ့ လူငယ်တွေထဲက ရှေ့တန်းအရောက်ဆုံး အစိတ်အပိုင်းတွေကို အခြေခံထားတဲ့ တော်လှန်ရေး ခေါင်းဆောင်မှုတခု တည်ဆောက်နိုင်အောင် စတင်တိုက်ပွဲဆင်ဖို့ပဲ။

ဒီနေရာမှာတော့ Aynur Kurmanov ရဲ့ အယူအဆကို သဘောမတူပါဘူး။ သူ့အလိုအရ လစ်ဘရယ် ဘူဇွာ အတိုက် အခံအင်အားစုတွေ အာဏာရလာရင်တောင် အလုပ်သမား လူတန်းစားအဖို့ တနည်းတဖုံ အကျိုးရှိနိုင်သေးတယ်၊ အပေါ်မှာ ကိုးကားထားတဲ့ အင်တာဗျူးမှာပဲ သူက အခုလို ဆက်ပြောထားသေးတယ် -

ကာဇက်စတန်မှာ ရှိနေတဲ့ လက်ဝဲအဖွဲ့တွေက circles အစုလေးတွေအဆင့်ပဲ ရှိနေသေးတယ်၊ ဒီအရေးတော်ပုံ လမ်းကြောင်းတခုလုံးကို လွှမ်းမိုးနိုင်လောက်အောင် အင်အား မကြီးသေးဘူး။ အော်လီဂါးခီ အင်အားစုတွေ၊ ပြင်ပ အင်အားစုတွေက ဒီလှုပ်ရှားမှုကို သူတို့ရည်ရွယ်ချက်တွေအတိုင်း ထိန်းချုပ်ခြယ်လှယ်ဖို့ ကြိုးစားကြလိမ့်မယ်။ သူတို့နိုင်သွားရင် ဘူဇွာ လူတန်းစားရဲ့ အုပ်စုအသီးသီးကြား ပိုင်ဆိုင်မှု ပြန်လည်ခွဲဝေရေး ပြဿနာတွေနဲ့ ထိပ် တိုက်ရင်ဆိုင်လာကြလိမ့်မယ်၊ "အားလုံးက အားလုံးကို ဆန့်ကျင်တဲ့ စစ်ပွဲတခု" အစပြုလိမ့်မယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အလုပ်သမားထုအဖို့ တချို့သော လွတ်လပ်မှုတွေ ရလာလိမ့်မယ်၊ အခွင့်အလမ်း အသစ်တွေ ရလာ လိမ့်မယ်။ အလုပ်သမား လူတန်းစားရဲ့ ကိုယ်ပိုင် ပါတီတွေ၊ လွတ်လပ်သော သမဂ္ဂတွေ ဖွဲ့စည်းခွင့် ရလာလိမ့်မယ်၊ ဒီအခွင့်အလမ်းအသစ်တွေဟာ အနာဂတ်ကာလ သူတို့အခွင့်အရေးအတွက် တိုက်ပွဲဝင်နိုင်အောင် ကူညီပံ့ပိုးပေးလိမ့်မယ်။

ဒီလိုမျိုး ထင်ရောင်ထင်မှားဖြစ်မှုတွေကို ကျနော်တို့ ကြိုတင် သတိပေးရမယ်။ အလုပ်သမား လူတန်းစားနဲ့ တော်လှန်ရေး လှုပ်ရှားမှုကို ဘူဇွာ လစ်ဘရယ် အင်အားစုတွေ အာဏာရလာအောင် ထမ်းတင်ရေးအဖြစ် သဘောထားလို့ မဖြစ်နိုင်ဘူး။ လစ်ဘရယ် ဒီမိုကရက်တစ် အတိုက်အခံတွေရဲ့ အခန်းက အရေးတော်ပုံရဲ့ လူတန်းစား သဘာဝကို ဝေဝါးသွားအောင်လုပ်ဖို့၊ လူ့အဖွဲ့အစည်းအတွင်းက လူတန်းစား ပဋိပက္ခတွေကို ဝေဝါးသွားအောင် လုပ်ဖို့ ဖြစ်တယ်။ ဗမာပြည်က NLD, ယူကရိန်းက Maidan လှုပ်ရှားမှုနဲ့ မရေမတွက်နိုင်အောင် များပြားလှသော တခြား တော်လှန်ရေး အတွေ့အကြုံတွေက သင်ကြားပြသခဲ့သလိုပဲ လစ်ဘရယ် အတိုက်အခံတွေရဲ့ အခန်းက စနစ်ကို ကယ်တင်ဖို့သာ ဖြစ်တယ်။ သူတို့ဟာ လူထုရဲ့ ရန်သူတွေ၊ တော်လှန်ရေးသမားတွေအနေနဲ့ ဒီလို အင်အားစုတွေ အပေါ် အလျှော့ပေးခြင်းကို ဆန့်ကျင်တိုက်ပွဲဝင်ကြရမယ်။ ဒီလို ဖောက်ပြန်ရေးသမားတွေနဲ့ ပူးပေါင်းခြင်း ဒါမှမဟုတ် ပူးပေါင်းလိုခြင်းဟာ အရေးတော်ပုံကို လှိုက်စားရာရောက်လိမ့်မယ်။ အရင်းရှင် အော်လီဂါးတွေထဲက မတူကွဲပြားတဲ့ ဂိုဏ်းတခု အာဏာရလာခြင်းဟာ အလုပ်သမားထု ရင်ဆိုင်နေရတဲ့ ဘယ်ပြဿနာကိုမှ ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး။ ဒီမိုကရက်တစ် ဖြစ်သယောင်၊ လစ်ဘရယ်ဆန်သယောင် ပုံဖမ်းထားပေမယ့် အဲဒီဂျန်းတဲမန်းတွေ အာဏာရလာခဲ့ရင် လက်ဝဲ နိုင်ငံရေးပါတီတွေ၊ အလုပ်သမား သမဂ္ဂတွေကို အရင်လို ပိတ်ပင်တားမြစ်တာတွေ မလုပ်ပါဘူးလို့ ဘာအာမခံချက်မှ မရှိဘူး။ လက်ဝဲသမား တက်ကြွလှုပ်ရှားသူတွေ၊ အလုပ်သမား တက်ကြွလှုပ်ရှားသူတွေကို ထောင်မချပါဘူးလို့ ဘာအာမခံချက်မှ မရှိသလို လူထုလှုပ်ရှားမှုတွေကို အကြမ်းဖက် နှိပ်ကွပ်ပြီး မတုံ့ပြန်ပါဘူးလို့လည်း မပြောနိုင်ဘူး။ (အဲဒီလစ်ဘရယ် အများစုက မကြာသေးခင် အချိန်အထိ Nazarbayev အစိုးရအဖွဲ့မှာ ပါဝင်ခဲ့သူတွေ)။

အလုပ်သမားထု၊ ဆင်းရဲသား လူထုက ကာဇက်စတန် တော်လှန်ရေးကို ဆုံးခန်းတိုင် ဆင်နွှဲဖို့ဆိုရင် သူတို့ကိုယ်ပိုင် စွမ်းအားကိုပဲ အားထားစရာရှိတယ်။ ရက်အနည်းအတွင်းမှာပဲ ရယ်ဒီကယ်ဆန်တဲ့ အလုပ်သမား လူတန်းစား နည်းနာတွေ၊ တောင်းဆိုချက်တွေပေါ် အခြေခံထားတဲ့ လူထု လှုပ်ရှားမှုကြီးဟာ လစ်ဘရယ် အန်ဂျီအိုတွေ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အိပ်မက်တောင် မမက်နိုင်ခဲ့တဲ့ အရာတွေကို အောင်မြင်အောင် စွမ်းဆောင်ပြနိုင်ခဲ့တယ်။ ကာဇက်စတန် လူထုက အောင်ပွဲတွေ တသီကြီးရခဲ့တယ်၊ အစိုးရကက်ဘိနက်အဖွဲ့နဲ့ အာဏာရှင်ဟောင်းကို ဖယ်ချနိုင်ခဲ့တယ်။ ဒီတိုက်ပွဲကို အခုထက် ပိုနက်ရှိုင်းအောင် လုပ်မှသာ တော်လှန်ရေးကို အဆုံးထိ ဆင်နွှဲနိုင်မယ်၊ ပုပ်သိုးဆွေးမြေ့နေတဲ့ စနစ်တခုလုံးကို ဖြိုချနိုင်မယ်။

ဝင်းစံဖြူ မြန်မာပြန်သည်